CNI International News

နယူးဒေလီ၊ မေလ ၂၈

အိန္ဒိယနှင့်ပါကစ္စတန်စစ်တပ်ကြား ဒရုန်းတိုက်ပွဲများသည် မျက်မှောက်ခေတ်တွင် လက်နက်ပြိုင်ဆိုင်မှုအသစ်ကို လေ့လာခွင့်ရခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန် စစ်တပ်တို့သည် အတိတ်ကာလက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း ခေတ်မီ တိုက်လေယာဉ်များ၊ သမားရိုးကျ ဒုံးကျည်များနှင့် လက်နက်ကြီးများကိုသာ အသုံးပြုခဲ့သော်လည်း ယခုလ အတွင်း ဖြစ်ပွားခဲ့သည့် ၄ ရက်ကြာ တိုက်ပွဲတွင် နှစ်နိုင်ငံစလုံးသည် ဒရုန်းများကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ ကြသည်။

အမေရိကန်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် မေလ ၁၀ ရက်တွင် အပစ်အခတ်သဘောတူညီမှု ရရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးအတွက် ဒေါ်လာ ၉၆ ဘီလျံကျော် အသုံးပြုခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် လက်ရှိတွင် ဒရုန်းလက်နက်ပြိုင်ဆိုင်မှု မြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ အင်တာဗျူးတစ်ခုတွင် ဖော်ပြခဲ့သည်။

ဒရုန်းအရောင်းပြပွဲကို တွေ့ရစဉ်

ရိုက်တာသည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး လုံခြုံရေးအရာရှိများ၊ စက်မှုလုပ်ငန်းရှင်များနှင့် ကျွမ်းကျင် သူများ အပါအဝင် နှစ်နိုင်ငံစလုံးရှိ လူ ၁၅ ဦးနှင့် အင်တာဗျူး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒရုန်းများသည် လူသားယာဉ်မောင်းများ လိုက်ပါမောင်းနှင်စရာ မလိုဘဲ ပစ်မှတ်ကို တိုက်ခိုက်မှုတွင်  လေယာဉ်မှူးများ၏ အသက်အန္တရာယ်ကို လျှော့ချနိုင်ခြင်းကြောင့် နှစ်နိုင်ငံကြား ဒရုန်းများ အသုံးပြုမှု မြင့်တက်လာဖွယ်ရှိကြောင်း အင်တာဗျူး၌ ပါဝင်ဖြေဆိုသူနှစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယသည် ပြည်တွင်း စက်မှုလုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ပြီး လာမည့် ၁၂ လမှ ၂၄ လအတွင်း ဒရုန်းများ ထုတ်လုပ်ရေးအတွက် ဒေါ်လာ သန်း ၄၇၀ ခန့် အသုံးပြုရန် စီစဉ်ထားသည်ဟု အိန္ဒိယဒရုန်းအဖွဲ့ချုပ်၏ ကျွမ်းကျင်သူ စမစ် ရှား (Smit Shah) က ပြောကြားခဲ့သည်။

ဒရုန်းအရောင်းပြပွဲကို တွေ့ရစဉ်

ထိုရင်းနှီးမြှုပ်နှံမှု ငွေပမာဏသည် ပါကစ္စတန်နှင့် စစ်ပွဲမဖြစ်ပွားမီ အချိန်ကထက် သုံးဆခန့် ပိုမိုများပြားခဲ့ကြောင်း ကုမ္ပဏီပေါင်း ၅၅၀ ကျော်ကို ကိုယ်စားပြုသည့် အိန္ဒိယဒရုန်းအဖွဲ့ချုပ်က ပြောကြားခဲ့သည်။

အိန္ဒိယသည် ယခုလ အတွင်းကလည်း အရေးပေါ် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ရန်ပုံငွေအတွက် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကို အတည်ပြုပေးခဲ့သည်။

အိန္ဒိယစစ်တပ်သည် တိုက်ပွဲဝင်ဒရုန်းများနှင့် ကင်းထောက်ဒရုန်း များအတွက် ငွေကြေးပိုမိုသုံးစွဲရန် စီစဉ်လျက် ရှိသည်။

ပါကစ္စတန်လေတပ်ကလည်း တိုက်လေယာဉ်များ ဆုံရှုံးမည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် ဒရုန်းများကို ပိုမိုရရှိရန် တွန်းအားပေး လုပ်ဆောင်နေသည်ဟု ပါကစ္စတန်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ပါကစ္စတန်သည် ဒရုန်းသုတေသနနှင့် ထုတ်လုပ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်ရန် တရုတ်၊ တူရကီတို့နှင့် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် ကြိုးပမ်းနိုင်ကြောင်း Janes ကာကွယ်ရေးထောက်လှမ်းမှုကုမ္ပဏီ၏ ကျွမ်းကျင်သူ အိုရှီး မာဂျမ်ဒါ (Oishee Majumdar) က ပြောကြားခဲ့သည်။

Source: ရိုက်တာ