CNI International News
ကွာလာလမ်ပူ၊ မေလ ၂၈
အာဆီယံနိုင်ငံများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံ မှုကြောင့် တရုတ်နှင့် ပင်လယ်ကွေ့နိုင်ငံများသို့ တိမ်းစောင်းလာနေသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အာဆီယံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် အနေဖြင့် တရုတ်၊ ပင်လယ်ကွေ့ နိုင်ငံများနှင့် သုံးပွင့်ဆိုင် အစည်းအဝေးကို မေလ ၂၇ ရက်က ပြုလုပ်ခဲ့သည်။
အာဆီယံခေါင်းဆောင်များ၊ တရုတ်နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တို့သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ပူးတွဲအလုပ်ရုံအဖွဲ့ ဖွဲ့စည်းရေး သဘောတူညီလိမ့်မည်ဟု Nikkei Asia သတင်းဌာနက မြင်တွေ့ခဲ့ရသည့် ကြေညာချက်မူကြမ်းတွင် ဖော်ပြထားသည်။
GCC တွင် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီနှင့် ယူအေအီးနိုင်ငံတို့ ပါဝင်သည့် အဖွဲ့ဖြစ်သည်။
ထရမ့် အစိုးရအဖွဲ့သည် ဧပြီလအတွင်းက အာဆီယံအဖွဲ့ဝင် နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများအပေါ် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
အာဆီယံနိုင်ငံများနဲ့ GCC အဖွဲ့ဝင်များကို တွေ့ရစဉ်
ထရမ့်၏ ကုန်သွယ်ခွန် တိုးမြှင့်မှုများအနက် ကမ္ဘောဒီးယားနိုင်ငံအပေါ် ၄၉ ရာခိုင်နှုန်း၊ လာအိုနိုင်ငံအပေါ် ၄၈ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံအပေါ် ၄၆ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံအပေါ် ၄၄ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံအပေါ် ၃၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံအပေါ် ၃၂ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံအပေါ် ၂၄ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံအပေါ် ၁၇ ရာခိုင်နှုန်းနှင့် စင်္ကာပူနိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း အစရှိသဖြင့် နှုန်းထားအသီးသီး ကောက်ခံခဲ့သည်။
ထို့ကြောင့် အာဆီယံသည် တရုတ်၊ GCC တို့နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ ခြင်းဖြစ်သည်။
တရုတ်သည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၇၀၂ ဘီလျံအထိ ရှိခဲ့သည်။
GCC သည် အာဆီယံ၏ သတ္တမအကြီးဆုံး ကုန်သွယ်ဖက် အဖွဲ့ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၃၀ ဒသမ ၇ ဘီလျံရှိခဲ့သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင် အစည်းအဝေးအတွင်း အာဆီယံ၊ တရုတ်နှင့် GCC ခေါင်းဆောင်များသည် အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒများ အပါအဝင် ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး မရေရာမှုများကို ကြံ့ကြံ့ခံနိုင်ရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။
Source: Nikkei Asia