CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
အာဆင်နယ်အသင်း ဒါရိုက်တာတွေဟာ လစ္စဘွန်းမှာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး သူ့ကိုခေါ်ယူနိုင်ဖို့ ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ပေါ်တူဂီ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၅၂ ပွဲကစားပြီး ၅၄ ဂိုးသွင်းယူကာ အသင်းကို ပေါ်တူဂီအမှတ်ပေးလိဂ်နဲ့ ဖလားချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်၊ ချယ်လ်ဆီး၊ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ယိုကီရက်စ်ကို နွေရာသီမှာ ထွက်ခွာခွင့်ပေးဖို့ ရှိနေတာပါ။
Correio da Manha သတင်းက အာဆင်နယ်အသင်းဟာ လစ္စဘွန်းမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုအတွင်းမှာ ယိုကီရက်စ်ကို အပိုဆုကြေးတွေ မပါဝင်မီ ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယိုကီရက်စ်ကို တွေ့ရစဉ်
ဒါအပြင် အာဆင်နယ်အသင်းဟာ ယိုကီရက်စ်အတွက် လက်မှတ်ထိုးကြေး ယူရို ၁၂ သန်း၊ တစ်ပတ်လုပ်ခပေါင် ၁၁၀,၀၀၀ နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာပါ။
ယိုကီရက်စ်ရဲ့ အေးဂျင့်ဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဆွေးနွေးဖို့ စပို့တင်းလစ္စဘွန်း အသင်းအကြီးနဲ့ တွေ့ဆုံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘင်ဖီကာအသင်းနဲ့ ပေါ်တူဂီဖလား ဗိုလ်လုပွဲအပြီးမှာ ယိုကီရက်စ်က နွေရာသီမှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အတွက် ပြောဖို့ခက်ခဲပြီး ဆက်ကြည့်ကြတာပေါ့လို့ ပြောခဲ့တာပါ။
ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ထွက်ခွာခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် အသင်းမှာသာ ကစားချင်တာကြောင့် အာဆင်နယ်အသင်းဟာ သူ့ကို ခေါ်ယူနိုင်မယ့် ပြိုင်ပွဲမှာ ဦးဆောင်နေပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၂ ပွဲ ကစားထားပြီး ၉၇ ဂိုး သွင်းယူကာ ပေါ်တူဂီလိဂ် ၂ ကြိမ်နဲ့ ပေါ်တူဂီဖလား ၁ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: metro