CNI International News

အစ္စလာမ်မာဘက်၊ မေလ ၁

အိန္ဒိယသည် လာမည့် ၂ ရက်တွင်း ပါကစ္စတန်ကို စစ်ရေးအရ တိုက်ခိုက်ဖွယ်ရှိကြောင်း ခိုင်လုံသည့် ထောက်လှမ်း ရေးသတင်းများ ရရှိထားသည်ဟု ပါကစ္စတန်ထိပ်သီး အရာရှိတစ်ဦးက ဧပြီ ၃၀ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုပြောကြားချက် ထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်တို့က အိန္ဒိယနှင့် ပါကစ္စတန်တို့ကို ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

“လာမယ့် ၂၄ နာရီကနေ ၃၆ နာရီအတွင်း အိန္ဒိယဟာ ပါကစ္စတန်ကို စစ်ရေးအရ တိုက်ခိုက်မယ်ဆိုတဲ့ ခိုင်လုံတဲ့ ထောက်လှမ်းရေးသတင်းကို ပါကစ္စတန်က ရရှိထားပါတယ်”ဟု ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အက်တူလာ တာရာ (Attaullah Tarar) က  X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ပါကစ္စတန် အနေဖြင့် မည်သည့် သက်သေ အထောက်အထားကို အသုံးပြုပြီး ထိုကဲ့သို့ ပြောကြားခဲ့ရသည်ဆိုသည့် အချက်ကိုမူ ၎င်းက ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပေ။

အိန္ဒိယဘက်ခြမ်းမှ ကက်ရှ်မီးယားဒေသတွင် ခရီးသွား ၂၆ ဦး သေဆုံးခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သီတင်းတစ်ပတ်အကြာတွင် တာရာ၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်ဂိတ်ကို တွေ့ရစဉ်

ထိုတိုက်ခိုက်မှုတွင် ပါကစ္စတန်က ပါဝင်ပတ်သက်ခဲ့သည်ဟု အိန္ဒိယက စွပ်စွဲထားသည်။

သို့သော် ပါကစ္စတန်ကတော့ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသလို ထိုတိုက်ခိုက်မှုကို ဘက်မလိုက်ဘဲ စုံစမ်းစစ် ဆေးရန် တိုက်တွန်းခဲ့သည်။

ကက်ရှ်မီးယားဒေသသည် ကမ္ဘာပေါ်တွင် အချိန်မရွေး စစ်ပွဲဖြစ်ပွားနိုင်ခြေ အရှိဆုံး နယ်မြေများထဲ၌ တစ်ခု အပါအဝင်ဖြစ်ပြီး အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံစလုံးက ထိုဒေသကို ပိုင်ဆိုင်ကြောင်း ကြေညာထားကာ တစ်ဖက်တစ်ချက်စီ ခွဲပြီး အုပ်ချုပ်ထားသည်။

ဗြိတိန်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ နီးပါးကစပြီး နျူကလီးယား လက်နက် ပိုင်ဆိုင်ထားကြသော အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကက်ရှ်မီးယားဒေသ အရေးနှင့်ပတ်သက်ပြီး စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။

Source: ရိုက်တာ