CNI International News
ဝါရှင်တန်၊ မေလ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အလိုရှိနေသည့် ယူကရိန်း၏ သတ္တုများကို အမေရိကန်က တူးဖော်ခွင့်ရရှိမည့် သဘောတူစာချုပ်ကို အမေရိကန်နှင့် ယူကရိန်းသည် ဧပြီ ၃၀ ရက်က ချုပ်ဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုစာချုပ်ကြောင့် အမေရိကန်သည် ယူကရိန်း၏ သတ္တုများကို တူးဖော်ခွင့်နှင့် ယူကရိန်းနိုင်ငံ ပြန်လည် ထူထောင် ရေးတွင် ရန်ပုံငွေများ ရင်းနှီးမြှုပ်နှံခွင့် ရရှိမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
မြှေရှားသတ္တုများ အပါအဝင် အလွန်အရေးကြီးသည့် သတ္တုများသည် ယူကရိန်းတွင် အများအပြားရှိနေသည်။
မြေရှားသတ္တုများဆိုသည်မှာ လျှပ်စစ်ကားများ၊ မိုဘိုင်းဖုန်းများ၊ ဒုံးကျည်စနစ်များနှင့် အခြားလျှပ်စစ်ပစ္စည်းများ အတွက် စွမ်းအင်ပေးနိုင်သည့် သံလိုက်များကို ပြုလုပ်ရာတွင် အသုံးပြုသော သတ္တုအမျိုးအစား ၁၇ မျိုးဖြစ်သည်။
အမေရိကန်နဲ့ ယူကရိန်း မြေရှားသတ္တု တူးဖော်ရေး သဘောတူညီမှုရရှိစဉ်
အဆိုပါ မြေရှားသတ္တုများ အပါအဝင် သတ္တုအမျိုးအစားပေါင်း ၅၀ ခန့်သည် အလွန်အရေးကြီးသည့် သတ္တုများ အဖြစ် အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့က ယူဆထားသည်။
အလွန်အရေးကြီးသည့် သတ္တုများသည် ကာကွယ်ရေး၊ နည်းပညာမြင့်ပစ္စည်းများ၊ လေကြောင်းအာကာသ၊ အစိမ်း ရောင် စွမ်းအင်ကဲ့သို့ စက်မှုလုပ်ငန်းများအတွက် အလွန်အရေးကြီးသည်။
ယူကရိန်းတွင် ဥရောပသမဂ္ဂက သတ်မှတ်ထားသည့် သတ္တုအမျိုးအစား ၃၄ ခုအနက် ၂၂ ခု၏ သတ္တုသိုက်များ ရှိနေပြီး ထိုသတ္တုများသည် ဆောက်လုပ်ရေးပစ္စည်းများ၊ ဖာရိုအလွိုင်းနှင့် မြေရှားသတ္တုအချို့ ရှိနေသည်။
ယူကရိန်းတွင် ရုပ်မြင်သံကြားများ၊ မီးသီးများ ပြုလုပ်ရာ၌ အသုံးပြုသည့် lanthanum နှင့် cerium သတ္တုများ၊ လေအားလျှပ်စစ် ထုတ်ယူသည့် တာဘိုင်များ၊ လျှပ်စစ်ကား ဘက္ကထရီများပြုလုပ်ရာမှာ အသုံးပြုသော neodymium သတ္တုများရှိကြောင်း ယူကရိန်း၏ ဘူမိဗေဒအင်စတီကျုက ထုတ်ပြန်ခဲ့သည်။
ထို့နောက် နျူကလီးယားစွမ်းအင်မှ လေဆာရောင်ခြည်အထိ ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုသည့် erbium နှင့် yttrium သတ္တုများလည်းရှိကြောင်း ယူကရိန်း၏ ဘူမိဗေဒအင်စတီကျုက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ယူကရိန်းသည် lithium၊ beryllium၊ manganese၊ gallium၊ zirconium၊ graphite၊ apatite၊ fluorite နှင့် nickel တို့ကို အဓိက ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ