CNI International News
နယူးဒေလီ၊ မေလ ၂၂
အိန္ဒိယသည် အာမေးနီးယားနိုင်ငံကို လက်နက်များရောင်းချမှုကို တိုးမြှင့်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်မှုသည် တူရကီ၊ အဇာဘိုင်ဂျန်နှင့် ပါကစ္စတန်ကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြင့်လာမှုကို တန်ပြန်သည့် အားထုတ်ကြိုးပမ်းမှုဖြစ်သည်။
တူရကီနှင့် အဇာဘိုင်ဂျန်တို့သည် မကြာသေးမီက အိန္ဒိယနှင့်ပါကစ္စတန်ကြား ဖြစ်ပွားခဲ့သည့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများတွင် ပါကစ္စတန်ဘက်မှ ထောက်ခံခဲ့ကြသဖြင့် ထို ၃ နိုင်ငံသည် အိန္ဒိယ၏ ဒေသတွင်း အကျိုး စီးပွားများအတွက် စိန်ခေါ်မှုဖြစ်လာခဲ့သည်။
ယခင်က ရုရှားထံမှ လက်နက်များ ဝယ်ယူခဲ့သည့် အဇာဘိုင်ဂျန်သည် ၂၀၂၀ ပြည့်နှစ်မှစပြီး အိန္ဒိယနှင့် ကာကွယ်ရေး ဆက်ဆံမှုများ တိုးမြင့်လာခဲ့ပြီး ရုရှားထံမှ လက်နက်မှီခိုမှုကို လျှော့ချလာခဲ့သည်။
ထိုအပြောင်းအလဲသည် ယူကရိန်း-ရုရှား စစ်ပွဲနှင့် အခြားဒေသတွင်း ပဋိပက္ခများကြောင့် မဟာမိတ်နိုင်ငံများကြား အာရုံစိုက်မှု မြင့်တက်လာခဲ့သည့် ယူရေရှားဒေသတစ်ဝန်း ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသည့် အခြေအနေကို ပြသရာရောက်ကြောင်း အိန္ဒိယကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
တူရကီနှင့် အဇာဘိုင်ဂျန်သည် ပါကစ္စတန်အတွင်း လေကြောင်းတိုက်ခိုက်ခဲ့သည့် အိန္ဒိယ၏ Operation Sindoor (ဆင်ဒူစစ်ဆင်ရေး)စစ်ဆင်ရေးတွင် ပါကစ္စတန်ဘက်မှ ထောက်ခံကြောင်း ပြောကြားခဲ့သည်။
အာမေးနီးယားစစ်သားကိုတွေ့ရစဉ်
အိန္ဒိယသည် ဧပြီလအတွင်းက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် လူ ၂၆ ဦး သေဆုံးခဲ့သည့် စစ်သွေးကြွ များ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပါကစ္စတန်ကို အပြစ်တင်ခဲ့သလို ပါကစ္စတန်သည် ထိုစစ်သွေးကြွများကို ထောက်ပံ့ပေးထားကြောင်း စွပ်စွဲခဲ့သည်။
ထို့နောက် ပါကစ္စတန်နယ်စပ်ရှိ သံသယဖြစ်ဖွယ် စစ်သွေးကြွစခန်း ၉ ခုကို လေကြောင်း တိုက်ခိုက်ခဲ့ကာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
“အိန္ဒိယဟာ တူရကီ၊ အဇာဘိုင်ဂျန်နိုင်ငံတွေနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေပါဘူး။ အဲဒါကြောင့် အာမေးနီးယား ကို လက်နက်ရောင်းချမှုဟာ အဲဒီနိုင်ငံတွေနဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှု မရှိနိုင်ပါဘူး။ အထူးသဖြင့် အဲဒီ နှစ်နိုင်ငံစလုံးက Operation Sindoor စစ်ဆင်ရေးမှာ ပါကစ္စတန်ဘက်က ပွင့်ပွင့်လင်းလင်း ရပ်တည်ခဲ့ကြလို့ပါပဲ” ဟု နယူးဒေလီအခြေစိုက် လုံခြုံရေး ကျွမ်းကျင်ပညာရှင်များအဖွဲ့ဖြစ်သည့် Indic Researchers Forum ၏ အကြံပေးပုဂ္ဂိုလ် ရာဂျန် ကိုချာ (Rajan Kochar) က ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်က ချုပ်ဆိုခဲ့သည့် စာချုပ်အရ အိန္ဒိယသည် အာမေးနီးယားနိုင်ငံကို မြေပြင်မှ ဝေဟင်ပစ် Akash-1S ဒုံးကျည်စနစ်များ၏ ဒုတိယအသုတ်ကို ပေးပို့ရန် စီစဉ်နေပြီး ဟောင်ဝဇ္ဇာအမြောက်များ၊ Pinaka အတွဲလိုက် ဒုံးပစ် စနစ်များကိုလည်း ပေးပို့ရန် ပြင်ဆင်နေသည်။
Source: South China Morning Post