CNI International News
ဘာလင်၊ မေလ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ရုရှားသမ္မတ ပူတင် (Vladimir Putin) အပေါ် ဩဇာလွှမ်းမိုးမှုရှိသည်ဟု လွှဲမှားစွာ ယူဆခဲ့ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က မေလ ၂၀ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ထရမ့်နှင့် ပူတင်တို့ကြား မေလ ၂၀ ရက်က ဖုန်းဆက်သွယ် ပြောဆိုခဲ့သော်လည်း တိုးတက်မှုမရှိခဲ့ဘဲ ဥရောပက ရုရှားကို ပိတ်ဆို့မှုအသစ်များ ကြေညာခဲ့သည်။
“သူ (ထရမ့်) ဟာ သူ့ရဲ့ ဆွေးနွေးညှိနှိုင်းမှု အနေအထားကို မှားယွင်း တွက်ချက်ခဲ့တယ်လို့ ကျနော် သံသယရှိပါတယ်" ဟု ပစ္စတိုးရီးယပ်စ်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ပူတင်သည် ထရမ့်၏ ရက်ပေါင်း ၃၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို လက်မခံခဲ့သဖြင့် ထရမ့်သည် ထိုအစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်။
လက်ရှိတွင် ဥရောပသမဂ္ဂသည် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်ရန် ပြင်ဆင်နေသည်။
သံတမန်နည်းလမ်းများဖြင့် ဆက်လက် လုပ်ဆောင်နေချိန်တွင် အမေရိကန် အနေဖြင့် ဥရောပ၏ ပိတ်ဆို့မှု အစီအစဉ်ကို ပူးပေါင်းရန် ရှိ/မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပစ္စတိုးရီးယပ်စ်က ပြောကြားခဲ့သည်။
Source: ရိုက်တာ