CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၂

ဆီဗီလာအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူး အန်းဒရစ်ဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်သွားပြီ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ အန်းဒရစ် ပြန်လာနိုင်မယ့် အချိန်ကို သတ်မှတ်ထားခြင်း မရှိပေမယ့် စပိန်မီဒီယာတွေက ဘရာဇီးလ် ကစားသမားဟာ အနည်းဆုံး ၂ လကြာ အနားယူရနိုင်တယ်လို့ ဖော်ပြထားတာပါ။ 

အဲဒါကြောင့် အန်းဒရစ်ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို သေချာပေါက် လွဲချော်သွားတာ ဖြစ်ပါတယ်။ 

အသက် ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်မယ့် ဘရာဇီးလ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေကိုလည်း ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။ 

ရီးရယ်လ်အသင်းဟာ ဗီနီစီးယက်စ်၊ ဗက်ဇ်ကွက်ဇ်၊ ကာဗာဂျဲလ်၊ မီလီတာအို၊ ကာမာဗင်ဂါ၊ ရူဒီဂါ၊ ဖာလန်းမန်ဒီနဲ့ အလာဘာတို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရပြီး အခုဒဏ်ရာ ရစာရင်းထဲမှာ အန်းဒရစ်ကိုပါ ထပ်ပြီး ထည့်ခဲ့ရတာပါ။ 

အန်းဒရစ်ကိုတွေ့ရစဉ်

ရီးရယ်လ်အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဘယ်လင်ဂမ်ဟာ ကာလရှည် ခံစားနေရတဲ့ ပခုံးဒဏ်ရာကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ခွဲစိတ်ကုသမှုခံယူဖို့ စီစဉ်ထားပါတယ်။ 

အဲဒါကြောင့် ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းရဲ့ လာမယ့်ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်မှာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါ နောက်ဆုံးပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်း နည်းပြဘဝ နောက်ဆုံးပွဲစဉ်အဖြစ် တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ တရားဝင် ကြေညာသွားဖို့ ရှိနေတာပါ။ 

ရီးရယ်လ်အသင်းဟာ ဇွန်လထဲမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source:CNA