CNI International News

ဘန်ကောက်၊ မေလ ၂၂

ထိုင်းအစိုးရသည် တရုတ်ထံမှ တရုတ်ထုတ်အင်ဂျင်တပ် ရေငုပ်သင်္ဘောကိုပဲ ဝယ်ယူမလား စရံအနေဖြင့် ပေးချေ ထားသော ဘတ် ၇ သန်းကို ဆုံးရှုံးခံမလား မကြာမီ ဆုံးဖြတ်ချက် ချသွားမည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai)က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အဆိုပါ ရေငုပ်သင်္ဘော ဝယ်ယူရေး သဘောတူညီချက်ကို ထိုင်းနှင့် တရုတ်အစိုးရတို့အောက်တွင်  China Shipbuilding & Offshore International Co. Construction နှင့် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
သို့သော် COVID-19 ကပ်ရောဂါနှင့် ရေငုပ်သင်္ဘောများတွင် တပ်ဆင်မည့် အင်ဂျင် လိုအပ်ချက်များကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရသည်။

၂၀၁၇ ခုနှစ်၊ မေလက လက်မှတ် ရေးထိုးခဲ့သည့် မူလသဘောတူညီချက်အရ အဆိုပါ ရေငုပ်သင်္ဘောများတွင် ဂျာမနီနိုင်ငံလုပ် ဒီဇယ်အင်ဂျင်များ အသုံးပြုရန် သတ်မှတ်ထားသော်လည်း ဂျာမနီက တရုတ်ထံ အင်ဂျင်များ ရောင်းချရန် ငြင်းဆိုခဲ့သည်။

တရုတ်လုပ် ရေငုပ်သင်္ဘောကို တွေ့ရစဉ်

ထို့နောက် တရုတ်က တရုတ်နိုင်ငံလုပ် အင်ဂျင်များကို အသုံးပြုရန် အဆိုပြုခဲ့ပြီး ထိုင်းရေတပ်သည် တရုတ်နိုင်ငံ တွင်လုပ်သည့် CHD620 အင်ဂျင် စမ်းသပ်မှုကို လေ့လာရန် ကျွမ်းကျင်သူအဖွဲ့ စေလွှတ်ခဲ့သည်။

ရေငုပ်သင်္ဘော အင်ဂျင်များနှင့်ပတ်သက်ပြီး ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) နှင့် ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် ဂျာမနီသည် နေတိုးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ပြီး တရုတ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းကြောင့် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများအတွက် အင်ဂျင်များ မရောင်းချနိုင်ကြောင်း ပစ္စတိုးရီးယပ်စ်က ပြောကြားခဲ့သည်ဟု မစ္စတာဖွမ်သမ်က ဆိုသည်။

ထိုစီမံကိန်းကို ဖျက်သိမ်းပစ်မည်ဆိုပါက ထိုင်းနိုင်ငံဘက်က ပေးခဲ့သည့် ဘတ် ၇ သန်းကို ဆုံးရှုံးမည်ဖြစ်ပြီး ဆက်လက် လုပ်ဆောင်မည်ဆိုပါက တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများတွင် တရုတ်လုပ်အင်ဂျင်များ ပြောင်းလဲ တပ်ဆင်ရမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်ရန် သို့မဟုတ် ဖျက်သိမ်းပစ်ရန် ဆုံးဖြတ်ချက်ရမည့် အချိန်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး မစ္စတာဖွမ်သမ်ကမူ ပြောကြားခဲ့သည်။

ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ထိုင်းရေတပ်၊ တရုတ်နှင့် ဂျာမနီတို့ အပါအဝင် သက်ဆိုင်သည့် အဖွဲ့အစည်းများထံမှ သဘောထားများကို စုဆောင်းခဲ့ကြောင်း၊ ဘတ် ၁၃ ဒသမ ၅ ဘီလျံ တန်ကြေးရှိသည့် ထိုစီမံကိန်းကို ဆုံးဖြတ်ချက် ချရန် အချက်အလက်များ လုံလောက်မှုရှိပြီဟု ယုံကြည်ကြောင်းနှင့် ယခုလကုန် သို့မဟုတ် ဇွန်လအစောပိုင်း ဆုံးဖြတ်ချက် ချမှတ်ဖွယ်ရှိကြောင်း ဖွမ်သမ်က ပြောသည်။

Source: ဘန်ကောက်ပို့စ်