CNI International News
ကိယက်ဗ်၊ ဧပြီ ၂၈
ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှား၏ အချုပ်အခြာအာဏာပိုင်အဖြစ် အသိအမှတ်ပြုရေး အပါအဝင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရ၏ ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် ယူကရိန်းအရာရှိများက အံ့ဩတုန်လှုပ်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထိုအဆိုပြုချက်သည် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားအား တရားဝင် အညံ့ခံ ပေးအပ်ရမည်ဖြစ်သဖြင့် လက်မခံ နိုင်ကြောင်း ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက တရားမဝင် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သဖြင့် ထိုကျွန်းဆွယ်ကို ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းသည် နိုင်ငံရေးအရ အလွန်ရှုပ်ထွေးကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ခရိုင်းမီးယားအရေးနှင့် ပတ်သက်ပြီး ယူကရိန်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း ဆန္ဒခံယူပွဲ ပြုလုပ်ရမည်ဖြစ်ကာ ယူကရိန်းလွှတ်တော်အမတ်များနှင့် ပြည်သူလူထုကမူ ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ရမည့် အဆိုပြုချက်ကို ပြတ်သားစွာ ဆန့်ကျင်ခဲ့ကြသည်။
“ဒါက အဓိပ္ပာယ်မရှိပါဘူး။ ကျနော်တို့က ခရိုင်းမီးယားကို ရုရှားရဲ့ အစိတ်အပိုင်းအဖြစ် ဘယ်တော့မှ အသိအမှတ် ပြုမှာ မဟုတ်ပါဘူး”ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ၏ ပါတီမှ လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် အိုလက်ဇန်းဒါး မီရက်ဇ်ခို (Oleksandr Merezkho) က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ခရိုင်းမီးယားဒေသကို တရားဝင် လွှဲပြောင်းပေးအပ်မှုသည် အနာဂတ်တွင် ခရိုင်းမီးယားဒေသကို ပြန်လည်ရယူနိုင် မည့် ယူကရိန်း၏ မျှော်လင့်ချက်များအား လွင့်ပါးပျက်ပြယ် စေနိုင်မည်ဖြစ်သည်။
စစ်ရေးအရ ပြန်လည်သိမ်းယူရန် နည်းလမ်းမရှိသောကြောင့် စစ်ပြေငြိမ်းရေး သဘောတူညီချက် ပြုလုပ်ချိန်တွင် ခရိုင်းမီးယားဒေသသည် ရုရှားထံ ပါသွားနိုင်မည့် အချက်ကို ယူကရိန်းပြည်သူလူထုက ကောင်းစွာနားလည် ထားသည်။
ယူကရိန်းနိုင်ငံတောင်ပိုင်း ပင်လယ်နက်တွင် တည်ရှိသည့် ခရိုင်းမီးယားကျွန်းဆွယ်သည် မဟာဗျူဟာကျသော ကျွန်းဆွယ်တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်၌ ရုရှားက ထိန်းချုပ်ခဲ့သည်။
ထို့နောက် ယူကရိန်းနိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ထိုအချိန်က ရုရှားလိုလားသည့် ယူကရိန်း သမ္မတ ဗစ်တာ ယာနူကိုဗစ်ချ် (Viktor Yanukovych) ၏ အစိုးရအဖွဲ့သည် ဖြုတ်ချခံခဲ့ရသည်။
Source: အေပီ