CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၉

ဆောက်လုပ်ရေးသုံးပစ္စည်းများ လိုအပ်ချက် များပြားလျက်ရှိသောကြောင့် တင်သွင်းခွင့်ကို သေချာစွာခွင့်ပြု ပေးမည်ဆိုပါက လက်ရှိကြုံတွေ့နေရသည့် ပြဿနာများ လျော့နည်းသွားနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ် ရေး လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ဆောက်လုံးရေးသုံးပစ္စည်းများ လိုအပ်ချက်သည် ပြည်တွင်းမှ ထုတ်လုပ်နိုင်သည့် နှုန်းနှင့် ကွာဟမှုများ ရှိနေကြောင်း၊ ထို့ကြောင့် လိုအပ်သည့်ပမာဏကို တင်သွင်းခွင့်ပြုလိုက်မည်ဆိုပါက ပြေလည်သွားမည်ဟု ထင်ကြောင်း ၎င်းက ပြောသည်။

ဦးမျိုးမြင့်က “အဓိက,ကတော့ ဌာနဆိုင်ရာတွေအနေနဲ့က UMFCCI အပါပဲ။ ဆောက်လုပ်ရေးပစ္စည်းတွေ လျင်လျင် မြန်မြန်ရဖို့အတွက် အစည်းအဝေး လုပ်နေတာတွေရှိပါတယ်။ အဲဒီအခါကြတော့ အဓိက,ကတော့ နိုင်ငံတွင်းမှာ လိုနေတဲ့ဟာတွေရော import  ကို သေသေချာချာလေး ပေးသွင်းလိုက်မယ်ဆိုရင်တော့ လတ်တလောတော့ ဆောက်လုပ်ရေးပစ္စည်း ပြတ်လပ်မှုပြဿနာတော့ လျော့နည်းသွားမယ်လို့ ထင်ပါတယ်။ ဘာလို့ဆို ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ဟာတွေကလည်း သူ့ရဲ့အတိုင်းအတာ limit တစ်ခုပဲ ရှိတော့လေ။ အဲဒီ limit နဲ့ ဥပမာ တန်ချိန် ၁၀,၀၀၀ လိုတာကို ပြည်တွင်းမှာ တန်ချိန် ၅၀၀၀ ပဲ ထုတ်နိုင်တယ်ဆိုရင် ၅၀၀၀ ကို တင်သွင်းခွင့်ပြုလိုက်ရင် ပြေလည်သွားမယ်လို့ထင်ပါတယ်” ဟု ပြောသည်။

ဘိလပ်မြေတင်သွင်းလာစဉ်

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဘိလပ်မြေတန်ချိန် ၇၈၀,၀၀၀ ခန့်ကိုသာ ကန့်သတ်ချက်များဖြင့် ပြည်ပမှ တင်သွင်းခွင့်ပြုခဲ့သည်။

လက်ရှိ ငလျင်ဘေးဒဏ်သင့် ကာလတွင် ဘိလပ်မြေ အပါအဝင် အခြား ဆောက်လုပ်ရေးသုံး ပစ္စည်းများကို ယခု ထက်ပိုမို တင်သွင်းခွင့် ပြုပေးရန်လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

အစိုးရပိုင် သတင်းဌာနများတွင် နိုင်ငံခြားမှ ဘိလပ်မြေများ မကြာခင် ရောက်တော့မည်ဖြစ်ပြီး ပြည်တွင်းထုတ် ဘိလပ်မြေများကို ငလျင်ဒဏ်သင့် ဒေသများ၌ ရောင်းချပေးမည်ဟု ကြေညာထားသလို ကော့သောင်း နယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ဘိလပ်မြေ တင်သွင်းမှုများကို ခွင့်ပြုပေးနေကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွက် သံနှင့် သံမဏိ လိုအပ်ချက်၏ (၉၂) ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရကြောင်း၊ နှစ်စဉ် သံ/သံမဏိ အပါအဝင် ဆက်စပ်ပစ္စည်း တန်ချိန် (၃) သန်းခန့် တင်သွင်းလျက်ရှိရာမှ လာမည့် ၂၀၃၀ ခုနှစ်မှ စတင်ကာ သံမဏိလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် (၅.၄) သန်းခန့်အထိ တိုးတက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း(MISA) ထံမှ သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကိုတွေ့ရစဉ်

လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများမှာ ဘက်ပေါင်းစုံမှ ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် စီးပွားရေးအတွက် လုပ်ငန်းလည်ပတ်ရန်အချိန်ကို စောင့်ဆိုင်း၍သာ နေကြလျက်ရှိကြောင်း ရွှေကမ္ဘာမောင်မောင် ဆောက်လုပ်ရေးလုပ်ငန်းမှဥက္ကဋ္ဌ ဦးမောင်မောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု ငလျင်လှုပ်လိုက်တော့ နည်းနည်းလေး လှုပ်လှုပ်လှုပ်လှုပ် ဖြစ်သွားတာပေါ့။ အလုပ်သမားတွေ ကလည်း အလုပ်ရသွားတယ်။ အလုပ်သမားတွေလည်းပဲ ပထမပိုင်းကတော့ အကုန်လုံး တိုင်းတစ်ပါးကို ထွက်ကြ တယ်လေ။ စားဝတ်နေရေး မိသားစုအရေးဆိုပြီးတော့ ထွက်တော့ နိုင်ငံခြားမှာဆိုတော့လည်း လုပ်ငန်းက အမျိုးမျိုးရှိတဲ့ အခါကြတော့ ပိုက်ဆံလည်း အမျိုးမျိုးရကြတာပေါ့။ ဒီဝင်ငွေထက်တော့ သာတယ် ပြောကြတယ် လေ။ ကျနော်တို့ လုပ်ငန်းတွေကတော့ သိပ်တော့ မလုပ်ကြဘူး။ နည်းနည်းတော့ စောင့်ဆိုင်းပြီးနေတဲ့ စီးပွားရေး အရ အနေအထားတော့ ရှိတယ်။ အတင်းအဓမ္မကြီး တက်၊ ချ၊ ဝိုင်း၊ လုပ်ကြည့်ရအောင်ဆိုတဲ့ အင်တိုက်အားတိုက် တော့ လျော့နည်းသွားတာတော့ အမှန်ပဲ” ဟု ပြောသည်။

လက်ရှိတွင် ငလျင်၏ နောက်ဆက်တွဲ အနေဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း ဝယ်ယူရခက်ခဲမှုအပြင် အခြားကိစ္စ များကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှု နည်းပါးနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

အစိုးရမှ ဘိလပ်မြေ တစ်အိတ်လျှင် ၁၇,၀၀၀ ကျပ်ဖြင့် ငလျင်ဘေးသင့် အဆောက်အအုံများသို့ ရောင်းချပေးရန် နှုန်းထား သတ်မှတ်ပေးထားသော်လည်း မြေပြင်တွင် ဝယ်ယူရခက်ခဲနေကာ နှုန်းထားမှာလည်း ငွေကျပ် ၄၀,၀၀၀ အထိ ပေါက်ဈေးများရှိနေကြောင်း သိရသည်။