CNI International News

ပြုံယမ်း၊ ဧပြီ ၂၈

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)က နျူကလီးယား ပဲ့ထိန်းစနစ်တပ် ဒုံးကျည်များ တပ်ဆင်နိုင်ဖွယ်ရှိသည့် ဖျက်သင်္ဘောအသစ်တစ်စင်းကို ထုတ်ဖော်ပြသခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုဖျက်သင်္ဘောသည် မြောက်ကိုရီးယား စစ်တပ်၏ စစ်ဆင်ရေး အတိုင်းအတာနှင့် လက်ဦးမှု ရယူထားသော တိုက်စစ် စွမ်းဆောင်ရည်များကို တိုးချဲ့လိုသည့် ၎င်း၏ရည်မှန်းချက်အပေါ် သိသာထင်ရှားသော တိုးတက်မှု တစ်ခု ဖြစ်သည်ဟု ကင်မ်က ဆိုသည်။

ကင်မ်က မြောက်ကိုရီးယား၏ လက်နက် တည်ဆောက်မှု ဆက်လက် လုပ်ဆောင်နေခြင်းသည် ဒေသတွင်းရှိ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များမှ ခြိမ်းခြောက်မှုများကို တုန့်ပြန်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကင်မ်သည် ပထဝီနိုင်ငံရေး အကျပ်အတည်းကို ပြတ်ပြတ်သားသား တုန့်ပြန်သွားမည်ဟု ကတိပြုခဲ့ကြောင်း နိုင်ငံပိုင်  KCNA သတင်းတွင် ဖော်ပြထားသည်။

Choe Hyon ဟု အမည်ပေးထားသည့် မြောက်ကိုရီးယား၏ စစ်သင်္ဘောအသစ်သည် တန်ချိန် ၅၀၀၀ အလေးချိန် ရှိသည့် ဖျက်သင်္ဘော အမျိုးအစားဖြစ်ပြီး တစ်နှစ်ကျော်ကြာ အချိန်ယူကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်းက ဖော်ပြခဲ့သည်။

ကင်မ်ဂျုံအန်က စစ်သင်္ဘောကို လေ့လာနေစဉ်

ထိုဖျက်သင်္ဘောတွင် အင်အားအပြင်းဆုံး လက်နက်များ တပ်ဆင်နိုင်ကြောင်း အာဏာရ အလုပ်သမားပါတီ၏ အတွင်းရေးမှူး ဂျိုချန်ယောင်(Jo Chun Ryong)က ပြောပြခဲ့သည်။

အဆိုပါ သင်္ဘော၏ အရွယ်အစားအရ သင်္ဘောပေါ်မှ မြေပြင်သို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ၊ သင်္ဘောပေါ်မှ ဝေဟင်သို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များကို သယ်ဆောင်နိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆထားသည်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသည် ၎င်း၏ ရေတပ်အင်အားကို ပိုမိုအားကောင်းစေသည့် နောက်ထပ် ခြေလှမ်းကြီးတစ်ရပ် ဖြစ်လာလိမ့်မည်ဟု ကင်မ်က ထပ်မံပြောကြားခဲ့သည်။

အချို့ကျွမ်းကျင်သူများကမူ လျှို့ဝှက်ပြီး ဖွံ့ဖြိုးမှုအားနည်းသည့် မြောက်ကိုရီးယားနိုင်ငံသည် ပြည်ပနိုင်ငံ၏ အကူအညီမပါဘဲ ထိုကဲ့သို့ အဆင့်မြင့် နည်းဗျူဟာမြောက် စွမ်းရည်များကို တီထွင်ထုတ်လုပ်နိုင်မှုအပေါ် မေးခွန်း ထုတ်နေကြသည်။

မြောက်ကိုရီးယားသည် ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် ရုရှားဘက်မှ အကူအညီပေးနေပြီး ၎င်း၏ စစ်ရေး စွမ်းဆောင်ရည်ကိုလည်း ဆက်လက် မြှင့်တင်နေသောကြောင့် ဒေသတွင်း တင်းမာမှုများ ပိုမိုမြင့်တက် လျက်ရှိ သည်။

Source: ရိုက်တာ