CNI International News
အစ္စလာမ်မာဘက်၊ ဧပြီ ၂၈
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမတ် အဆစ်ဖ် (Khawaja Muhammad Asif) က ပါကစ္စတန်နိုင်ငံ သည် အကြမ်းဖက်အဖွဲ့များကို နှစ်ပေါင်း ၃၀ ကြာ ထောက်ပံ့လာခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်ဟု Economic Times သတင်းမှ ဖော်ပြခဲ့သည်။
ဗြိတိန်သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပါကစ္စတန်အစိုးရသည် အကြမ်းဖက်အဖွဲ့များကို ရန်ပုံငွေ များနှင့် ကျောထောက်နောက်ခံပေးနေသည့် သမိုင်းကြောင်းနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် အဆစ်ဖ်က ပါကစ္စတန်သည် အနောက်အုပ်စုကိုယ်စား ညစ်ညမ်းသည့် အလုပ်များတွင် ပါဝင်ပတ်သက်နေကြောင်း ဝန်ခံ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် အမှားတစ်ခုဖြစ်ပြီး ပါကစ္စတန်သည် ၎င်း၏ လုပ်ရပ်များအတွက် တန်ကြေး ကြီးကြီးမားမား ပေးဆပ်နေရကြောင်းလည်း ပြောပြခဲ့သည်။
ဆိုဗီယက်-အာဖဂန်စစ်ပွဲနှင့် 9/11 တိုက်ခိုက်မှုပြီးနောက် အမေရိကန်ဦးဆောင်သည့် တာလီဘန်နှိမ်နင်းသော စစ်ပွဲများအတွင်း ၎င်းတို့က အနောက်အုပ်စုကို ထောက်ပံ့ခဲ့ခြင်းမရှိလျှင် ပါကစ္စတန်၏ပုံရိပ်သည် ကမ္ဘာ့အလယ် တွင် ပိုမိုကောင်းမွန် နေလိမ့်မည်ဖြစ်ကြောင်းလည်း အဆစ်ဖ်က ပြောကြားခဲ့သည်။
ပါဟယ်ဂန်၊ ဂျမူးနှင့် ကက်ရှ်မီးယားတို့တွင် လတ်တလော အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ ဝန်ခံခဲ့ခြင်းဖြစ်သည်။
ကက်ရှ်မီးယားမှာ အိန္ဒိယက လုံခြုံရေးယူထားစဉ်
ထို့ကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ၌ ပါကစ္စတန်၏ အတိတ်ကာလက ပါဝင်ပတ်သက်ခဲ့မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
အဆစ်ဖ်က အိန္ဒိယနှင့် အလုံးစုံစစ်ပွဲတစ်ရပ် ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး Sky News အစီအစဉ် တင်ဆက်သူ ရယ်ဒါဟာကင်(Yalda Hakim) နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ဖြေကြားခဲ့သည်။
ကက်ရှ်မီးယားပြည်နယ်၊ ပါဟယ်ဂန်တွင် လူ ၂၆ ဦးကို သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွား ပြီးနောက် အိန္ဒိယဗဟိုအစိုးရက အက်တာရီရှိ နယ်စပ်ဂိတ်ကို ပိတ်ထားခြင်း၊ ပါကစ္စတန် နိုင်ငံသားများအတွက် SAARC ဗီဇာကင်းလွတ်ခွင့် အစီအစဉ်(SVES)တို့ကို ဆိုင်းငံ့ခြင်း၊ နှစ်ဖက်စလုံးမှ သံရုံးဝန်ထမ်း အရေအတွက် လျှော့ချခြင်းကဲ့သို့ သံတမန်ဆိုင်ရာ စီမံချက် အများအပြားကို ချမှတ်ခဲ့သည်။
ထို့ပြင် အိန္ဒိယသည် ပါဟယ်ဂန် တိုက်ခိုက်မှုအပြီးတွင် ၁၉၆၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့သော အင်ဒူမြစ်ရေ စာချုပ်ကိုလည်း ရပ်ဆိုင်းခဲ့သည်။
Source: economic times