
- By CNI
- Category: အားကစား
- Hits: 1009
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅
ဆစ်ဒနီမှာ ကျင်းပတဲ့ ၂၀၂၂ သြစတြေးလျဖလား ဗိုလ်လုပွဲမှာ နာဇီပုံစံ အလေးပြုတဲ့ ပရိသတ်တစ်ဦးကို သြစတြေးလျ အက်ဖ်အေက ကျင်းပတဲ့ ဘယ်ဘောလုံးပြိုင်ပွဲမဆို ဝင်ရောက်ကြည့်ရှုခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ မက်ကာသာအသင်းက ဆီမီးပရိုအသင်းဖြစ်တဲ့ ဆစ်ဒနီယူနိုက်တက် 58 အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
သြစတြေးလျအက်ဖ်အေက ဒီပွဲကို ကြည့်ရှုသူ ပရိတ်သတ် ၁၆,၀၀၀ ဦးထဲက ပရိသတ်အချို့ရဲ့ အပြုအမူကို တုံ့ပြန်တဲ့အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ် လာတဲ့ ဓါတ်ပုံတွေအရ ဆစ်ဒနီအသင်းကို အားပေးတဲ့ ပရိသတ်အချို့ဟာ ပွဲချိန်အတွင်း နာဇီပုံစံ အလေးပြုနေ တာကို မြင်တွေ့ခဲ့ရတာပါ။
သြစတြေးလျ ဂျူးအုပ်စုက ဒါကို ပြစ်တင်ရှုတ်ချခဲ့ပြီး အချို့ပရိသတ်တွေက ပွဲမစတင်ခင်မှာ အော်ဟစ် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ပရိသတ်များကိုတွေ့ရစဉ် (FTBL)
“သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်က ဒီပွဲကို တက်ရောက်ကြည့်ရှုတဲ့ ပရိသတ်တစ်ဦးရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အဆုံးသတ်လိုက်ပါပြီ။ ဒီပရိသတ်ကို သြစတြေးလျနဲ့ သက်ဆိုင်တဲ့ ဘောလုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ကြည့်ရှုခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပါပြီ။ ဒီပိတ်ပင်မှုဟာ ချက်ချင်း အသက်ဝင်တယ်”လို့ သြစတြေးလျအက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်မှာ ပိတ်ပင်ခံရတဲ့သူ ဘယ်သူလဲဆိုတာကို ဖော်ပြထားခြင်း မရှိပါဘူး။ ဆစ်ဒနီယူနိုက်တက် 58 ကို ၁၉၅၈ မှာ ဆစ်ဒနီခရိုအေးရှားအဖြစ် တည်ထောင်ခဲ့တာပါ။ ပရိသတ်အချို့ဟာ ၁၉၃၀ နဲ့ ၁၉၄၀ နှစ်တွေမှာ ခရိုအေးရှားရှိ လက်ယာစွန်း Ustase လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ သီချင်းတွေကိုလည်း သိဆိုခဲ့ကြတာ ဖြစ်ပါတယ်။
NPL NSW လိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဆစ်ဒနီယူနိုက်တက် 58 ဟာ ပြီးခဲ့တဲ့ သြစတြေးလျ ဖလားပြိုင်ပွဲမှာ သြစတြေးလျ ထိပ်သီး အသင်းတွေဖြစ်တဲ့ ဘရစ်စဘိန်းရိုအာ၊ ဝက်စ်တန်ယူနိုက်တက် တို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအထိ တက်လာခဲ့တာပါ။
ဒါပေမယ့် ဗိုလ်လုပွဲမှာ သြစတြေးလျ ထိပ်သီးကလပ် မက်ကာသာအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1338
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅
မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၉ နှစ်ကျခံစေဖို့အတွက် ရော်ဘင်ဟိုကို အီတလီထံ လွှဲပြောင်းပေးစေလို ကြောင်း ဘရာဇီးလ်အာဏာပိုင်တွေကို အီတလီတရားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ ဇန်နဝါရီလအတွင်းက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုအတွက် ပြစ်မှု ထင်ရှားစီရင်ခြင်းအပေါ် နောက်ဆုံးအယူခံဝင်ခဲ့ရာမှာ အရေးနိမ့်ထားတာပါ။အယ်လ်ဘေးနီးယား အမျိုးသမီးဟာ ၂၀၁၃ က မီလန်နိုက်ကလပ်မှာ သူမရဲ့ အသက် ၂၃ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပချိန် မုဒိမ်းကျင့်ခံရမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။အဆိုပါအချိန်တုန်းက ရော်ဘင်ဟိုဟာ အေစီမီလန်အသင်းမှာ ကစားနေတာပါ။
ရော်ဘင်ဟိုနဲ့ အခြား ၅ ဦးတို့ဟာ ၂၀၁၇ မှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ဒီစီရင်ချက်ကို ၂၀၂၀ မှာ အယူခံတရားရုံးက အတည်ပြုခဲ့ပြီး ရောမမြို့ရှိ တရားရုံးချုပ်က အသက် ၃၈ နှစ်အရွယ်ရှိ ရော်ဘင်ဟိုကို ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့တာပါ။ ရီးရယ်လ်နဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်းဟာ လက်ရှိအချိန် ဘရာဇီးလ်မှာ နေထိုင်နေတာလည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ အီတလီတရားရေးဝန်ကြီးဌာနက ရော်ဘင်ဟိုကို ဘရာဇီးလ်ကနေ လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ ESPN သတင်းဌာနက ဖော်ပြထားပါတယ်။ဒါ့အပြင် ဒီအဖြစ်အပျက်မှာ ပါဝင်တဲ့သူ တစ်ဦးဖြစ်တဲ့ ရော်ဘင်ဟိုရဲ့ သူငယ်ချင်း ရီကာဒိုဖယ်လ်ကိုကိုလည်း လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။အခြား ၄ ဦးကို အီတလီအာဏာပိုင်တွေက ခြေရာခံမတွေ့ရှိတာကြောင့် တရားစွဲဆိုခြင်း မပြုရသေးပါဘူး။
ဒါပေမယ့် ဘရာဇီးလ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘရာဇီးလ်နိုင်ငံသားတွေကို သူတို့မွေးရပ်မြေကနေ လွှဲပြောင်းခွင့်မပြုထားဘူးလို့ သတင်းဖော်ပြချက်အရ သိရပါတယ်။ရော်ဘင်ဟိုဟာ ဘရာဇီးလ်လက်ရွေးစင် အတွက် ပွဲပေါင်း ၁၀၀ ပါဝင်ကစားခဲ့ပြီး ၂၈ ဂိုးသွင်းယူနိုင်ခဲ့ကာ ၂၀၂၀ မှာတော့ ကစားသမားဘ၀တွင် ပထမဆုံး ကစားခဲ့တဲ့ ဆန်းတို့စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ဒါပေမယ့် စပွန်ဆာတွေက မုဒိမ်းမှုကြောင့် ပြစ်ဒဏ်ကျခံ ရမယ့် ကစားသမားကို ခေါ်ယူခဲ့လို့ အသင်းနဲ့ ဆက်ဆံမှုကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် သဘောတူညီမှုဟာ ချက်ချင်းပျက်ပြယ်သွားခဲ့တာပါ။အယူခံဝင်တာမှာ ရော်ဘင်ဟိုဟာ အဆိုပါ အမျိုးသမီးနဲ့ အဆက်အသွယ်ရှိခဲ့ကြောင်းနဲ့ လိင်ဆက်ဆံတာမှာ နှစ်ဦးသဘောတူ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
Source:The Sun
- By CNI
- Category: အားကစား
- Hits: 1107
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီ၊စပိန်တို့နဲ့ ပူးပေါင်းပြီး အိမ်ရှင်အဖြစ်ကျင်းပဖို့ စီစဉ်နေတဲ့ ယူကရိန်းရဲ့ အကြံအစည်က စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျဘူးလို့ ဂုဏ်ထူးဆောင်ရုရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုလိုစကော့ဗ်က ပြောပါတယ်။
ကိုလိုစကော့ဗ်က “ဒါက ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ။ဒါဟာ လုံးဝကို လက်တွေ့မကျပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်နိုင်ငံနဲ့ တစ်နိုင်ငံဝေးကွာတဲ့ နိုင်ငံတွေမှာ ကျင်းပခွင့် မပြုပါဘူး။ဒါဟာ သိပ်ပြီး လက်တွေ့မကျဘူးဆိုတာ ကျနော်ထပ်ပြီးပြောချင်ပါတယ်။ယူကရိန်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို လူတိုင်းနားလည်အောင် ဒါလုပ်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ဒါက PR လှုပ်ရှားမှုတစ်ခုလို့ပဲ ကျနော်မြင်မိပါတယ်။ဒါက ဖြစ်မလာနိုင်ပါဘူး” လို့ RIA Novosti ကို ပြောခဲ့တာပါ။
ယူကရိန်းဟာ ပေါ်တူဂီ၊ စပိန်တို့နဲ့ ပူးပေါင်းပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို အိမ်ရှင်အဖြစ် ကျင်းပ နိုင်ဖို့အတွက် ပြင်ဆင်နေတာလို့ The Times သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါကို ဗုဒ္ဓဟူးနေ့ ယူအီးအက်ဖ်အေရုံးချုပ်မှာ အတည်ပြုမယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြထားတာပါ။ ယူကရိန်းဟာ ၂၀၁၂ က ယူရိုပြိုင်ပွဲကို ပိုလန်နဲ့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တာကြောင့် အဓိကပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့ အတွေ့အကြုံရှိတာဖြစ်ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ လျှောက်ထားမှု ၃ ခုအထိ ရှိနေတာပါ။အဲဒါကြောင့် စပိန်၊ပေါ်တူဂီနဲ့ ယူကရိန်းတို့ဟာ တောင်အမေရိကတိုက်က အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေးနဲ့ ပါရာဂွေးတို့ ၄ နိုင်ငံ၊ ဆော်ဒီ၊ အီဂျစ်၊ ဂရိတို့ ၃ နိုင်ငံနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်ဖြစ်ခွင့်ရဖို့အတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်ကို ဖီဖာက ၂၀၂၄ မှာ ကြေညာသွားမှာပါ။
နောက်ဆုံးကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားနိုင်ငံက အောင်အောင်မြင်မြင်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာ၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ကနေဒါ၊ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source:RT

- By CNI
- Category: အားကစား
- Hits: 1021
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မတရားမှုကို ခံစားခဲ့ ရပြီးနောက် ဒိုင်လူကြီးဆီကနေ သူတို့ဆုံးဖြတ်ချက်တွေ ဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဇာဗီက “ကျနော် စိတ်ပျက်မိပါတယ်။ ဒါဟာ မတရားမှုဖြစ်ပြီး ကျနော်တို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒိုင်လူကြီးဆီကနေ ရှင်းပြတာကို ကျနော်လိုချင်ပါတယ်။ ဒါဟာ လက်ထိဘောဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။ ကျနော် တကယ်ကို ဒေါသ ထွက်မိပါတယ်”လို့ ပြောပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ အင်တာမီလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ပီဒရီက ဘာစီလိုနာအတွက် ချေပဂိုး သွင်းယူခဲ့ပေမယ့် အန်ဆုဖာတီ လက်ထိတယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီး ဗင်ဆစ်က ဂိုးမပေးခဲ့တာပါ။
ဒီပွဲရဲ့ ပွဲပြီးကာနီးမှာ အင်တာမီလန်အသင်း နောက်ခံလူ ဒွန်ဖရိုင်း ဂိုးဧရိယာအတွင်းမှာ လက်ထိခဲ့ပေမယ့် ဒိုင် လူကြီးက VAR ကို ပြန်မကြည့်ခဲ့တဲ့အပေါ် ဇာဗီက ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ ကစားသမား တွေကလည်း ဒီအဖြစ်အပျက်ကို မစစ်ဆေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့် နေခဲ့ကြတာပါ။
ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ယှဉ်ပြိုင်နေစဉ် (MARCA)
ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ၃ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်ကြောင့် နောက်တဆင့် တက်ဖို့ဆို ရင် လက်ကျန် ၃ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေကြောင့် ယူရိုပါလိဂ် ဆင်းကစားခဲ့ရတာပါ။
ဇာဗီက “ ကျနော်တို့ အခုဆို ဗိုလ်လုပွဲ ၃ ပွဲကစားဖို့ ရှိပါတယ်။ သူတို့က ၆ မှတ်၊ ကျနော်တို့က ၃ မှတ်နဲ့ ဘိုင်ယန် က ၉ မှတ်အထိ ရရှိထားပါတယ်။ ဒါပေမယ့် နောက်ထပ် ၃ ပွဲမှာ ၂ ပွဲက အိမ်ကွင်းမှာ ကစားရမှာပါ။ ဒီပွဲတွေကို တကယ့် ဗိုလ်လုပွဲလို ပြင်းပြင်းထန်ထန် ကစားရမှာပါ။ ဒီပွဲမှာဆိုရင် ကျနော်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် မယူနိုင်ခဲ့ပါဘူး။ သူတို့ကတော့ အဝေးကန်ချက်နဲ့ ဂိုးယူသွားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ်လာလီဂါ ပွဲစဉ် အဖြစ် ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ အင်တာမီလန်အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1448
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄
ရုရှားနဲ့ ဘယ်လာရုစ် တာဝန်ရှိသူတွေ တက်ရောက်မယ့် အပြည်ပြည်ဆိုင်ရာ ကျွမ်းဘား အားကစားအဖွဲ့ချုပ် ကွန်ဂရက်ကို ပိုလန်နဲ့ အက်စ်တိုးနီးယားတို့က တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒီကွန်ဂရက်ကို လာမယ့်လ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မှာ ကျင်းပသွားမှာပါ။ ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် အပြည်ပြည်ဆိုင်ရာ ကျွမ်းဘားအဖွဲ့ချုပ်ဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပြိုင်ပွဲ ဝင်ခွင့် ပိတ်ပင်ထားပါတယ်။
ဒါပေမယ့် အဖွဲ့အစည်းက ကျင်းပတဲ့ အစည်းအဝေး ပွဲတွေမှာတော့ အဆိုပါ ၂ နိုင်ငံက တာဝန်ရှိသူတွေဟာ လွတ်လပ်စွာ တက်ရောက်ခွင့် ရှိတာပါ။
ကျွမ်းဘား ကစားသမားတစ်ဦးကိုတွေ့ရစဉ် (Inside TheGames)
အဲ့ဒါကြောင့် ပိုလန်နဲ့ အက်စ်တိုးနီးယားတို့ဟာ နိုဝင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီကွန်ဂရက်ကို သပိတ်မှောက်သွားဖို့ စီစဉ်ထားတယ်လို့ Inside The Game က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
နော်ဝေနဲ့ ယူကရိန်းတို့က တာဝန်ရှိသူတွေကလည်း သူတို့တက်ရောက်မှာ မဟုတ်ဘူးဆိုပြီး ပြောထားပြီးသား ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီကွန်ဂရက်ကို ကနဦးက နော်ဝေမှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် နော်ဝေ အားကစား အာဏာပိုင်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ တောင်းဆိုမှုကြောင့် နော်ဝေ ကျွမ်းဘား အားကစားအဖွဲ့ချုပ်က ရုရှားနဲ့ ဘယ်လာရုစ်ကို တက်ရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ဒါကြောင့်လည်း အစ္စတန်ဘူလ်မှာ ပြောင်းလဲကျင်းပဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားကျွမ်းဘားအဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ နိုင်ငံတိုင်းဟာ ဒီပွဲကို မတက်ရောက်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောခဲ့ပါတယ်။
“ပိုလန်နဲ့ အက်စ်တိုးနီးယားက သပိတ်မှောက်မယ်ဆိုတာကို ကျနော်သိခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အခွင့်အရေး ပါပဲ။ ဒီကွန်ဂရက်မှာ ပါဝင်နိုင်ဖို့အတွက် အဖွဲ့ချုပ်အနည်းဆုံး ၁၃၀ စာရင်းသွင်း ထားတယ်ဆိုတာကို ကျနော် ထောက်ပြချင်ပါတယ်”လို့ တီတော့ဗ်က RIA Novosti ကို ပြောခဲ့ပါတယ်။
Source: အာတီသတင်းဌာန

- By CNI
- Category: အားကစား
- Hits: 1057
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄
ယူကရိန်းဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ စပိန်တို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ စီစဉ်နေတယ်လို့ The Times သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြထားပါတယ်။
ယူကရိန်းသမ္မတ ဇာလန်းစကီး၊ စပိန်နဲ့ ပေါ်တူဂီ အာဏာပိုင်တို့ဟာ နားလည်မှုတွေ ရရှိပြီးနောက် ဒီပြိုင်ပွဲရဲ့ အုပ်စု တစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ The Times က ဖော်ပြထားတာ ဖြစ်ပါတယ်။
စပိန်နဲ့ ပေါ်တူဂီဘောလုံး အကြီးအကဲတွေဟာ သူတို့ရဲ့ ပူးပေါင်းမှုအသစ်ကို ဗုဒ္ဓဟူးနေ့ ယူအီးအက်ဖ်အေ ရုံးချုပ်မှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ ကြေညာသွားမယ်လို့ အဆိုပါသတင်းက ဆက်လက် ဖော်ပြထားပါတယ်။
အာဖရိတိုက်က မော်ရိုကို၊ တောင်အမေရိတိုက်က ဥရုဂွေး၊ ချီလီ၊ အာဂျင်တီးနားနဲ့ ပါရာဂွေးတို့က ပူးတွဲအိမ်ရှင်၊ အီဂျစ်၊ ဂရိ၊ ဆော်ဒီတို့ကလည်း ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ပြုလုပ်ဖို့ လျှောက်ထားကြပါတယ်။
ယူကရိန်းပရိသတ်တစ်ဦးကို တွေ့ရစဉ် (Reuters)
အဲ့ဒါကြောင့် စပိန်၊ပေါ်တူဂီနဲ့ ယူကရိန်းတို့ဟာ အဆိုပါနိုင်ငံတွေနဲ့ အိမ်ရှင်အဖြစ် ရရှိဖို့ ပြိုင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
တောင်အမေရိကတိုက်က ၄ နိုင်ငံကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ခဲ့တဲ့ သူတို့တိုက်မှာပဲ နှစ် ၁၀၀ ပြည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ စီစဉ်နေတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ က ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုဒဏ် ခံနေရတဲ့ ယူကရိန်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် မရရှိ သေးပါဘူး။
လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက် ကာတာနိုင်ငံမှာ စတင်ကျင်းပသွားတော့မှာ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ကွန်ကာကပ်ဖ်ဇုန်က အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Reuters

- By CNI
- Category: အားကစား
- Hits: 1064
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄
လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အပြေးသမားတစ်ဦးဟာ ပြိုင်ပွဲဝင်နေစဉ်မှာပဲ လဲကျပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ပြိုင်ပွဲဝင်အပြေးသမားဟာ ၂၃ မိုင်နဲ့ ၂၄ မိုင်ကြားမှာ ဒီလိုထိတ်လန့်ဖွယ် အဖြစ်အပျက် ဖြစ်ခဲ့တာပါ။လူနာတင်ယာဉ်ဟာ အခင်းဖြစ်ပွားရာနေရာကို ၃ မိနစ်အတွင်းရောက်ရှိလာခဲ့ပြီး ဆေးရုံကို အမြန် ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အသက်ကိုမကယ်တင်နိုင်ခဲ့ဘဲ သေဆုံးသွားခဲ့တာပါ။ လန်ဒန်မာရသွန် ပြိုင်ပွဲစီစဉ်သူတွေကတော့ သေဆုံးရခြင်းအကြောင်းအရင်းကို ဖော်ထုတ်နိုင်ဖို့အတွက် ရင်ခွဲစစ်ဆေးမယ်လို့ အတည်ပြုထားခဲ့ပါတယ်။
ကြေညာချက်မှာတော့ “ဝမ်းနည်းစွာနဲ့ပဲ ၂၀၂၂ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ပါဝင်နေတဲ့သူတစ်ဦး သေဆုံးသွားတာကို ကျနော်တို့ အတည်ပြုပါတယ်။မိသားစုက ဒါနဲ့ပတ်သက်ပြီး လျှို့ဝှက်ဖို့ တောင်းဆိုထားပါတယ်။သူတို့ရဲ့ ဆန္ဒအရ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်မှာမဟုတ်ဘူး။သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို ဆေးစစ်ချက် တွေအရ သိရမှာပါ” လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါအပြေးသမားကို ကယ်တင်နိုင်ဖို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက အသည်းအသန်ကြိုးစားခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အမျိုးသားပြိုင်ပွဲမှာ ကီပရူတိုက ၂ နာရီ ၄ မိနစ် ၃၉ စက္ကန့်နဲ့ ချန်ပီယံ ဖြစ်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲမှာ ယီဟွာလောက ၂ နာရီ ၁၇ မိနစ် ၂၆ စက္ကန့်နဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။ ဘီးတပ် ကုလား ထိုင်အမျိုးသားပြိုင်ပွဲမှာ မာဆယ်လ်ဟုချ်နဲ့ အမျိုးသမီးပြိုင်ပွဲမှာ ဒီဘာနာက ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။
အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ လူပေါင်း ၄၀,၀၀၀(လေးသောင်း)ခန့် ပါဝင်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
Source:The Sun

- By CNI
- Category: အားကစား
- Hits: 948
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးသွားမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘောလွန်းဒီအောဆုကို ၅ ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ မန်စီးတီးအသင်းကို ၆ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်တောင် ပါဝင်ခွင့်မရခဲ့ပါဘူး။ယူနိုက်တက်နည်းပြ အဲရစ်တန် ဟတ်က ရော်နယ်ဒိုရဲ့ ကြီးကျယ်တဲ့ ကစားသမားဘဝကို လေးစားလို့ ဒီပွဲမှာ အသုံးမပြုခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။
ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက အသင်းဟောင်းဟာ ရော်နယ်ဒိုအပေါ်မှာ လေးစားမှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ထွက်ခွာခွင့်တောင်းဆိုခဲ့ပေမယ့် ယူနိုက်တက်အသင်းက ငြင်းဆန်ခဲ့တာကြောင့် ကစားသမားဟာ မန်ချက်စတာကလပ်မှာပဲ ဆက်လက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲရစ်တန်ဟတ်နဲ့ အသင်းတာဝန်ရှိသူတွေက ဇန်နဝါရီမှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ဆန္ဒရှိနေတယ်လို့ The Telegraph သတင်းဌာနက ဖော်ပြထားတာပါ။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိနစ် ၈၀ သာ ပါဝင်ကစားခွင့်ရထားပြီး ဘရန်ဖိုဒ့်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်တွေကိုကြည့်ပြီး အရန်ခုံတန်းပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတာကို တွေ့မြင်ခဲ့ရတာပါ။
ပေါ်တူဂီတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ကြီးမားတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပေမယ့် ကစားသမားကတော့ ဥရောပမှာပဲ ဆက်ရှိဖို့ ဆန္ဒရှိခဲ့တာပါ။
ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာ ကလပ် အနေနဲ့ ဇန်နဝါရီမှာ မရောင်းချဘူးဆိုရင် နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဇန်နဝါရီမှာ ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်ဘက်က ခွင့်ပြုတာဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြ ထားတာပါ။
ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲပါဝင်ကစားထားပြီး ရှရစ်ဖ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ၁ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source:Daily Mail

- By CNI
- Category: အားကစား
- Hits: 1075
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းနောက်မှာ ပရီးမီးယားလိဂ်ရဖို့ ဒုတိယအကောင်းဆုံး အသင်းအဖြစ် ရှိနေတယ်လို့ အာဆင်ဝင်းဂါးက မန်ချက်စတာဒါဘီပွဲစဉ်အပြီးမှာ ပြောလိုက်ပါတယ်။
အာဆင်ဝင်းဂါးက “ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရဆိုရင် အာဆင်နယ်အသင်းကို မန်စီးတီးအသင်း အနောက်မှာ ထားပါမယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဖလားရဖို့ အခွင့်အရေး ကောင်းတွေရှိနေတဲ့ ဒုတိယ အသင်းပါ။ ဘာဖြစ်လို့လဲဆိုရင် မန်စီးတီးအသင်းက တချို့အဆင့်တွေမှာ ချန်ပီယံလိဂ်မှာ အာရုံစိုက်မှာမို့လို့ပါ။ အာဆင်နယ်က လက်ရှိအချိန်မှာ ဆုဖလားကို စိန်ခေါ်ဖို့ အကောင်းဆုံးအသင်းပါ” လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းက ယူနိုက်တက် အသင်းကို အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာကနေ ရမှတ် ၁ မှတ်အကွာနဲ့ ဖိအားပေးနေတာပါ။
အာဆင်နယ်သတင်းကိုတွေ့ရစဉ် (Eurosport)
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ထပ်မံထိန်းသိမ်းနိုင်ဖို့ ရေပန်းစားနေပေမယ့် အာဆင်ဝင်း ဂါးက အသင်းဟောင်း အာဆင်နယ်ကလည်း ဆုဖလားအတွက် အနီးကပ် လိုက်နိုင်မယ်ဆိုတာ ယုံကြည်နေတာ ဖြစ်ပါတယ်။
အာဆင်ဝင်းဂါးက “လီဗာပူးလ်အသင်း အကြောင်းမသိပေမယ့် သူတို့ဟာ အာဆင်နယ်နဲ့ ၁၁ မှတ်ကွာဟနေပြီး၊ မန်စီးတီးနဲ့ ၁၀ မှတ်ကွာဟနေပါတယ်။ ချယ်လ်ဆီးအသင်းကလည်း လက်ရှိအချိန်မှာ ခြေစွမ်း တသမတ်တည်း မရှိပါဘူး။ သူတို့ဟာ လိဂ်ဖလားကို ရယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ရှာမတွေ့သေးပါဘူး။ စပါးအသင်းနဲ့ ပတ်သက်ပြီး ကျနော် မခန့်မှန်းနိုင်ပါဘူး”လို့ ပြောသွားခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို အာဆင်ဝင်းဂါး ကိုင်တွယ်တဲ့အချိန် ၂၀၀၃-၀၄ ရာသီက နောက်ဆုံးရယူနိုင်ခဲ့တာဖြစ်ပြီး မနှစ်ကရာသီမှာ အဆင့် ၅ နေရာနဲ့ ရာသီကုန်ဆုံးကာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1219
CNI Sport News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ATP 250 ပြိုင်ပွဲဖြစ်တဲ့ တယ်လ်အဗစ်အိုးပန်းမှာ ဗိုလ်စွဲပြီး ဝင်ဘယ်လ်ဒန်အိုးပန်း နောက်ပိုင်း ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ တယ်လ်အဗစ် အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ မာရင်ဆီလစ်ကို ၆-၃၊ ၆-၄ နဲ့ အနိုင်ရပြီး ဆုဖလား ရယူနိုင်ခဲ့တာပါ။
ဆားဘီးယား တင်းနစ်သမားဟာ ဇူလိုင်လက ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် ပထမဆုံး တစ်ဦးချင်း ပြိုင်ပွဲအဖြစ် တယ်လ်အဗစ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဒီပွဲမတိုင်ခင် ရော်ဂျာဖက်ဒဲရားကို နှုတ်ဆက်တဲ့ Laver Cup ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့သေးပါတယ်။
ဂျိုကိုဗစ်က “ ကျနော်အလွန်ကောင်းမွန်တဲ့ တင်းနစ်ပွဲ ကစားခဲ့တယ် ထင်ပါတယ်။ ကျနော် ပြိုင်ပွဲ မကစားရတာ ၃ လလောက်ရှိပါပြီ။ အဲ့ဒါကြောင့် တကယ်ကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့က ကျနော့်အတွက် တွန်းအား တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေက ချစ်ကြည်ရင်းနှီးပြီး ရက်သတ္တပတ်လုံး ကျနော့်ကို အားပေးကြတဲ့ အတွက်ပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်ကို တင်းနစ်ကစားနေစဉ် (The Times of Israel)
ဂျိုကိုဗစ်ဟာ တယ်လ်အဗစ်အိုးပန်းမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဒီဆုဖလားဟာ သူ့ရဲ့ ကစားသမား ဘဝ ၈၉ ခုမြောက် ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် မာရင်ဆီလစ်နဲ့ တွေ့ဆုံတဲ့ ၂၁ ကြိမ်မှာ ၁၉ ပွဲမြောက် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ကိုဗစ် ကာကွယ်ဆေး မထိုးတာကြောင့် အခုနှစ်ရာသီ ဂရမ်းဆလမ်းပြိုင်ပွဲတွေဖြစ်တဲ့ သြစတြေးလျအိုးပန်း၊ အမေရိကန်အိုးပန်း အပါအဝင် ပြိုင်ပွဲအများအပြားကို လွဲချော်ခဲ့ရတာပါ။
ကမ္ဘာ့အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဆားဘီးယား တင်းနစ်သမားဟာ ATP 500 ပြိုင်ပွဲဖြစ်တဲ့ အက်စတာနာ အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး ဒီပြိုင်ပွဲမှာ ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်နဲ့ မက်ဗီးဒက်ဗ် တို့လည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ အခုနှစ်အတွင်း ဝင်ဘယ်လ်ဒန်အိုးပန်း၊ အီတလီအိုးပန်းနဲ့ အခု တယ်လ်အဗစ် အိုးပန်းတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
Source: BBC