
- By CNI
- Category: အားကစား
- Hits: 1206
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်းတွေနဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်တာမှာ ရွှေ့ပြောင်း နေထိုင်သူ ၅၀၀ သေဆုံးခဲ့တယ်လို့ ကာတာကမ္ဘာ့ဖလား အကြီးအကဲက ပြောလိုက်ပါတယ်။
ဟာဆန်အယ်လ်သဝါဒီက “ ခန့်မှန်းခြေအားဖြင့် ပြောရရင် ၄၀၀ ဝန်းကျင်၊ ၄၀၀ နဲ့ ၅၀၀ ကြားပေါ့၊ အရေအတွက် အတိအကျတော့ ကျနော်မသိပါဘူး။ သေခြင်းတရားနဲ့ ပတ်သက်ပြီး များပြားလွန်းပါတယ်။ အနည်းဆုံး ကမ္ဘာ့ ဖလား အလုပ်တည်နေရာတွေမှာ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရေး စံနှုန်းတွေဟာ နှစ်စဉ်နှစ်တိုင်း တိုးတက် နေတယ်လို့ ထင်ပါတယ်။ ဒါက ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ဂျာမန် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေ၊ ဆွစ်ဇာလန် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လုပ်ခဲ့တဲ့အလုပ်နဲ့ တိုးတက်မှု ကို ချီးကျူးခဲ့ကြပါတယ်”လို့ ပြောခဲ့တာပါ။
ကာတာကမ္ဘာ့ဖလား အကြီးအကဲဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို ပြောခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွှေ့ပြောင်းနေထိုင်သူ သေဆုံးသူဦးရေဟာ ၁၅,၀၀၀ ကျော်အထိ ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ကာတာ ကမ္ဘာ့ဖလား ဆောက်လုပ်ရေး လုပ်သားများကိုတွေ့ရစဉ် (The Times)
ပြိုင်ပွဲကျင်းပနိုင်ဖို့ အားကစားကွင်းတွေ တည်ဆောက်တာမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အများအပြား သေဆုံး ခဲ့တာကြောင့် ကာတာမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။
Amnesty International အဖွဲ့ဝင် စတိဗ်ကော့ဘ်ဘန်းက “ ရွှေ့ပြောင်း အလုပ်သမားတွေ ခံစားခဲ့ရတဲ့ အရာတွေ ကို ကုစား မပေးနိုင်သေးခင်အထိတော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဆိုးဆိုးရွားရွားနဲ့ မှေးမှိန်သွားပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ဝေဖန်မှုတွေ ခံနေရပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပနေတာ အုပ်စုပွဲစဉ် နောက်ဆုံး ပွဲစဉ်အထိ ရောက်ရှိ နေပြီဖြစ်ပြီး အိမ်ရှင် ကာတာအသင်း ကတော့ ၃ ပွဲကစား ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့လို့ အုပ်စုကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 759
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀
အမျိုးသမီးဒိုင်လူကြီးအဖွဲ့ဟာ ကော်စတာရီကာနဲ့ ဂျာမနီအသင်းတို့ ကစားမယ့် အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဖရက်ပါ့ဒ်ဟာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကိုင်တွယ်မယ့် အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဖြစ်လာခဲ့တာပါ။ သူမဟာ ပြီးခဲ့တဲ့ မက္ကဆီကိုနဲ့ ပိုလန်တို့ပွဲစဉ်မှာ စတုတ္တဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး အမျိုးသမီး တာဝန်ရှိသူ ဖြစ်ခဲ့ပါတယ်။
ဖရက်ပါ့ဒ်က “ ကျမတို့ ဖိအားတွေကို သိပါတယ်။ ဒါပေမယ့် ကျမကတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ စိတ်အေးအေးထားမယ်၊ အာရုံစိုက်မယ်၊ အာရုံစူးစိုက်သွားမှာပါ။ မီဒီယာနဲ့ အရာ အားလုံးကို အများကြီး စဉ်းစားသွားမှာ မဟုတ်ပါဘူး။ ကွင်းထဲက အရာတွေကိုပဲ အာရုံစိုက်သွားမှာပါ။ ကျမ ဒါကို စလုပ်ကတည်းက အသင်းတွေ၊ ကစားသမားတွေရဲ့ အားပေးမှုတွေကို အမြဲတမ်း ရရှိခဲ့ပါတယ်။ အခုလည်း အရင် ကလိုပဲ ကြိုဆိုဖို့ မျှော်လင့်ပါတယ်”လို့ ပြိုင်ပွဲမတိုင်ခင် BBC Sport ကို ပြောခဲ့တာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးလုပ်မယ့် အမျိုးသမီးဒိုင်သုံးဦးကိုတွေ့ရစဉ်
ကြာသပတေးနေ့မှာ ကစားမယ့် ကော်စတာရီကာနဲ့ ဂျာမနီပွဲစဉ်ကို ပြင်သစ်လူမျိုး ဖရက်ပါ့ဒ်နဲ့အတူ ဘရာဇီးလ်က နူဇာဘက်၊ မက္ကဆီကိုက ဒီယတ်ဇ်တို့က စည်းကြပ်ဒိုင်တွေအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဖရက်ပါ့ဒ်ဟာ ၂၀၂၀ က အမျိုးသား ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ အမျိုးသမီးဒိုင်လူကြီး ဖြစ်ခဲ့ သလို၊ ၂၀၁၉ က လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ ကစားခဲ့တဲ့ ဥရောပစူပါဖလား ပွဲစဉ်ကိုလည်း တာဝန်ယူခဲ့တာပါ။
မူကန်ဆန်ဂါနဲ့ ယိုရှီမီတို့ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူဖို့ ရွေးချယ်ခံထားရတဲ့ ဒိုင်လူကြီး ၃၆ ဦး စာရင်းမှာ ပါဝင်နေတဲ့ အမျိုးသမီးဒိုင်လူကြီးတွေ ဖြစ်ပါတယ်။ အခု ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အမျိုးသမီး ဒိုင်လူကြီး တွေကို တာဝန်ယူဖို့ ရွေးချယ်ထားတဲ့ ပထမဆုံး အမျိုးသားကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 816
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀
ရက်ရှ်ဖို့ဒ်က ဝေးလ်စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်း နောက်ထပ်လာဖို့တွေ ရှိသေးတယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။
ရက်ရှ်ဖို့ဒ်က “ ဒီလို အခိုက်အတန့်တွေကို ကျနော်သဘောကျပါတယ်၊ ဒါကြောင့်လည်း ဘောလုံးကစားနေတာပါ။ အသင်း နောက်တဆင့် တက်နိုင်ခဲ့လို့ ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ဒီစွမ်းဆောင်ရည်ကို ဆက်ပြီး တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအသင်းအတွက် ကျနော့်ရဲ့ ရည်မှန်းချက်တွေက ကြီးကြီးမားမား ရှိနေဆဲပါ။ ကျနော်တို့ ဒီပွဲမှာ လုပ်ပြခဲ့တာထက်တောင် ပိုပြီးကောင်းမွန်အောင် ကစားနိုင်မယ်လို့ ထင်ပါတယ်။ လာမယ့် ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းရှိဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဝေးလ်စ်နဲ့ ပွဲစဉ်မှာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး အင်္ဂလန်အတွက် ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြသ နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားပြီး ဘတ်ပီ၊ ဂတ်ပို၊ အန်နာဗလင်စီယာတို့နဲ့အတူ ဂိုးသွင်း ရွှေဖိနပ်ဆု ရယူဖို့ ဦးဆောင်နေတာ ဖြစ် ပါတယ်။
ဝေးလ်စ်အသင်းဘက်ကို ရက်ရှ်ဖို့ဒ် ဖရီးကစ်ကနေ ဂိုးသွင်းနေစဉ်
ဒါ့အပြင် ရက်ရှ်ဖို့ဒ်ဟာ ၁၉၆၆ က ဘော်ဘီချာလ်တန် နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူနိုင်တဲ့ ပထမ ဆုံး ယူနိုက်တက် ကစားသမားအဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာဆိုရင် ပြီးခဲ့တဲ့ အီရန်နဲ့ အမေရိကန်တို့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပေမယ့် ဝေးလ်စ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့် ပွဲမှာလည်း ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဝေးလ်စ်အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်း ၃ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၇ မှတ်ရရှိကာ ပထမနဲ့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာပါ။
အခုဆိုရင် အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာတော့ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 773
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီရန်အသင်းကို အနိုင်ရပြီး ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့တဲ့ လက်ရွေးစင်အသင်းကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
ဂျိုးဘိုင်ဒန်က “အမေရိကန်၊ အမေရိကန် ဒါက ကြီးမားတဲ့ပွဲပါပဲ။နည်းပြနဲ့ ကစားသမားတွေကို စကားပြောတဲ့ အချိန်တုန်းက မင်းတို့လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။အခုတော့ သူတို့လုပ်နိုင်ခဲ့ပါပြီ။ဘုရားသခင်က သူတို့ကို ချစ်ကြပါတယ်” လို့ မီရှီဂန်မှာရှိတဲ့ လူအုပ်ကြီးကို ပြောခဲ့တာပါ။
အမေရိကန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အီရန်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။အမေရိကန်အတွက်သွင်းဂိုးကို ပူလီဆစ်က သွင်းယူခဲ့တာပါ။အမေရိကန်အသင်းဟာ ဒီနိုင်ပွဲ ကြောင့် အုပ်စုတွင်း ၃ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၅ မှတ်ရရှိကာ အုပ်စုတွင်း ဒုတိယနဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်လို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် ၂၀၂၂ ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။အမေရိကန်အသင်းတိုက်စစ်မှူး တီမိုသီဝီယာ့က အီရန် အသင်းကို သူတို့အနိုင်ရမယ်ဆိုတာ ဘယ်သူကမှ မယုံကြည်ခဲ့ကြဘူးလို့ ပြောခဲ့ပါတယ်။
တီမိုသီဝီယာ့က “ကျနော်အမြဲတမ်းပြောနေတဲ့အရာက ကျနော်တို့ဟာ ကမ္ဘာကြီးကို အမြဲတမ်း ဆန့်ကျင်နေတာ ပါ။အမေရိကန်က ဘောလုံးကို ကောင်းမွန်စွာကစားတယ်ဆိုတာကို ဘယ်သူကမှ မယုံကြည်ကြပါဘူး။ ကျနော် တို့က ဒါကို ကမ္ဘာကြီးကို ချပြနိုင်ဖို့ ကြိုးစားနေတယ်” လို့ FOX ကို ပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၃ ရက်မှာ နယ်သာလန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 1239
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉
တိုက်ဂါးဝုဒ်ဟာ သူ့ရဲ့ ညာဘက်ခြေထောက် ပြဿနာကြောင့် လာမယ့်လ ဘဟားမားစ်မှာ ကျင်းပမယ့် Hero World Challenge ပြိုင်ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။
တိုက်ဂါးဝုဒ်က “ ညာဘက်ခြေထောက် နာကျင်ကိုက်ခဲနေရတဲ့ အခြေအနေကြောင့် လမ်းလျှောက်ရ ခက်နေ ပါတယ်။ ဆရာဝန်တွေနဲ့ တိုင်ပင်အပြီးမှာ ဒီပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော့်ရဲ့ တာဝန် တွေကို ဆက်ပြီး အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်ရဲ့ အစီအစဉ်ကတော့ The Match နဲ့ PNC ချန်ပီယံ ရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၄၆ နှစ်အရွယ်ရှိ တိုက်ဂါးဝုဒ်ဟာ ဇူလိုင်လက ကျင်းပခဲ့တဲ့ The Open Championship ပြိုင်ပွဲ ပြီးကတည်းက ဂေါ့ဖ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။
Hero World Challenge ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ်ဟာ ၂၀၀၁၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇ နဲ့ ၂၀၁၁ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆု ၅ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။ အခုနှစ် ပြိုင်ပွဲကို နိုဝင်ဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက် အထိ ကျင်းပသွားမှာပါ။
တိုက်ဂါးဝုဒ်ကို တွေ့ရစဉ် (TSN)
တိုက်ဂါးဝုဒ်ဟာ ဒီဇင်ဘာလ ၁၀ ရက် ဖလော်ရီဒါမှာ ကျင်းပမယ့် The Match ပြိုင်ပွဲမှာတော့ မက်အီရွိုင်းနဲ့ တွဲဖက်ပြီး ဂျော်ဒန်စပိဒ်၊ ဂျက်စတင် သောမတ်စ်တို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
တိုက်ဂါးဝုဒ်ဟာဆိုရင် အခုနှစ် မာစတာပြိုင်ပွဲမှာ အဆင့် ၄၇ နေရာနဲ့ အဆုံးသတ်ခဲ့ရပြီး တတိယအဆင့် ပြိုင်ပွဲ အပြီးမှာ အမေရိကန် ပီဂျီအေ ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာ့နံပါတ်(၁) ဂေါ့ဖ်ကစားသမားဟောင်း တိုက်ဂါးဝုဒ်ဟာ ကစားသမားဘဝမှာ အဓိကချန်ပီယံဆု ၁၅ ကြိမ် ရရှိခဲ့တာ အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရရှိခဲ့တာပါ။
တိုက်ဂါးဝုဒ်ဟာ ပြင်းထန်တဲ့ ကားတိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဂေါ့ဖ်ပြိုင်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင် ယှဉ်ပြိုင် နိုင်ဖို့ ရုန်းကန်နေရပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1215
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉
ဘန်ဇီမာဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပြင်သစ်လူစာရင်းကနေ ထွက်ခွာခဲ့ပေမယ့် ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိတယ်လို့ RMC Sport က ဖော်ပြထားပါတယ်။
ဘန်ဇီမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ရင်း ဒဏ်ရာ ရရှိသွားခဲ့ တာပါ။
အဲ့ဒါကြောင့် ရီးရယ်လ်အသင်း ခေါင်းဆောင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပြင်သစ်လူစာရင်းကနေ ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာတာကြောင့် RMC Sport က ကစားသမား ပြန်လာနိုင်မယ့် ဖြစ်နိုင်ချေကို ထုတ်ဖော်ပြသခဲ့တာပါ။
ဘန်ဇီမာဟာ ဒီဇင်ဘာ ၁ ရက်မှာ ရီးရယ်လ်အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းမှာကို စပိန်ကလပ်က ငြင်းဆန် ထားခြင်း မရှိလို့ ရီးရယ်လ်အသင်းအတွက် ကစားနိုင်ရင် ပြင်သစ်အတွက်လည်း ကစားနိုင်မှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်းလုပ်နေတဲ့ ဘန်ဇီမာ (Reuters)
ဘန်ဇီမာဟာ လက်ရွေးစင်အသင်းကနေ ထွက်ခွာခဲ့ပေမယ့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ကစားသမား ၂၆ ဦး စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။
ပြင်သစ်နည်းပြ ဒက်ချမ့်ပ်စ်ကလည်း ဘန်ဇီမာနေရာ အစားထိုးဖို့ ခေါ်ယူထားခြင်းမရှိလို့ လာမယ့် ပွဲတွေအတွက် ဝါရင့်တိုက်စစ်မှူးကို ပြန်လည်ခေါ်ယူသွားဖို့ ရှိနေတာပါ။
ဘန်ဇီမာဟာ လက်ရွေးစင်အတွက် ပြန်လည် ခေါ်ယူ မခံရဘူး ဆိုရင်တောင် လက်ရွေးစင်အသင်း လူစာရင်းမှာ ဆက်လက် ရှိနေမှာဖြစ်ပြီး ပြင်သစ်အသင်း ကမ္ဘာ့ဖလားရခဲ့ရင် ဆုတံဆိပ်ကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ်အသင်းဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၆ မှတ်နဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် နိုဝင်ဘာ ၃၀ ရက်မှာ တူနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Besoccer
- By CNI
- Category: အားကစား
- Hits: 1170
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉
ဂျူဗင်တပ်စ်အသင်းရဲ့ဥက္ကဋ္ဌ အက်ဂ်နယ်လီ အပါအဝင် ဂျူဗင်တပ်စ် ဘုတ်အဖွဲ့ဝင်အားလုံးဟာ ရာထူးကနေ နှုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၄ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပေါင်သန်း ၂၂၀ ဆုံးရှုံးခဲ့ပြီး အီတလီမှာ စံချိန်တင် အရှုံးပေါ်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဂျူဗင်တပ်စ်အသင်းဟာ ကလပ်အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခြင်း ခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၉ ကနေ ၂၀၂၁ ကြား ကစားသမားတွေ စာရင်းသွင်း မှတ်ပုံတင်ကနေ ရရှိတဲ့ ဝင်ငွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီစုံစမ်း စစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ ဥက္ကဋ္ဌ အက်ဂ်နယ်လီနဲ့ ဒုဥက္ကဋ္ဌ နတ်ဗတ်တို့ဟာ သူတို့ရဲ့ ရာထူးတွေက နှုတ်ထွက် ခဲ့ကြတာ ဖြစ်ပါတယ်။
“ဆိုင်းငံ့ထားတဲ့ တရားရေးနဲ့ စာရင်းအင်းဆိုင်ရာ ပြဿနာတွေရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ဆက်စပ်မှုကို ထည့်သွင်း စဉ်းစားပြီး ဘုတ်အဖွဲ့တွေဟာ ရာထူးက နှုတ်ထွက်ခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဂျူဗင်တပ်စ်အသင်းကိုတွေ့ရစဉ်(Sport)
မန်နေဂျင်းဒါရိုက်တာ အာရီဗာဘီနီဟာ ဘုတ်အဖွဲ့ဝင် အသစ်တွေကို စုစည်းဖို့ ယာယီ ကာလအတွင်းမှာ သူ့ရဲ့ ရာထူးနေရာမှာပဲ ဆက်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။
အက်ဂ်နယ်လီဟာ ၂၀၂၁ မှာ ဥရောပစူပါလိဂ် ပြိုင်ပွဲကို ခွဲထွက်ပြီး ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တဲ့ အကြီးအကဲတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
အီတလီ စတော့အိတ်ချိန်းရဲ့ စာရင်းမှာရှိနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ရင်းနှီးမြုပ်နှံတဲ့ သူတွေကို မှားယွင်းတဲ့ စာရင်းအင်း အချက်အလက်တွေ တင်ပြတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် လုံးဝမရှိတဲ့ အပြောင်းအရွှေ့တွေအတွက် ပြေစာတွေ ထုတ်ပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရသလို စုံစမ်း စစ် ဆေးမှုတွေလည်း ခံနေရတာ ဖြစ်ပါတယ်။
အီတလီကလပ်ကတော့ သူတို့ဟာ ဘာအမှားအယွင်းကိုမှ ပြုလုပ်ထားခြင်း မရှိဘူးလို့ စွပ်စွဲချက်တွေကို ငြင်းဆန် ထားတာပါ။ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ အခြားကလပ် အသင်းတွေကိုလည်း အောက်တိုဘာလက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။
ဘုတ်အဖွဲ့ အသစ် ခန့်အပ်ဖို့အတွက် အစုရှယ်ယာရှင်တွေဟာ ဇန်နဝါရီ ၁၈ ရက်မှာ ထပ်မံတွေ့ဆုံဖို့အတွက် စီစဉ် ထားတယ်လို့ ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ထားပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1309
CNI International News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉
ဘရူနိုဖာနန်ဒက်စ်က ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအတွက် အဖွင့်ဂိုး ကို ဘယ်သူပဲသွင်းသွင်း အရေးကြီးတာက နောက်တဆင့် တက်ဖို့ပဲလိုတယ်လို့ ပြောလိုက်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ အဖွင့်ဂိုးကို ဘယ်သူ သွင်းယူလဲဆိုတာက တကယ်ကို အရေးမကြီးပါဘူး။ ကျနော်ပဲဖြစ်ဖြစ် ခရစ္စတီယာနိုပဲ ဖြစ်ဖြစ်ပါ။ ကျနော်ကတော့ အဲ့အချိန်မှာ ခရစ္စတီယာနို ဘောလုံးထိမိခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ ကျနော် သူ့ဆီကို ဘောလုံးပေးပို့ခဲ့တာပါ။ အရေးကြီးတာက ကျနော်တို့ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ရပြီး နောက်တဆင့် တက်ဖို့ပါပဲ။ လာမယ့်ပွဲမှာလည်း အနိုင်ရပြီး ရှုံးပွဲမရှိနဲ့ အုပ်စုက တက်ချင်တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၄ မိနစ်မှာ ရရှိတဲ့ ပေါ်တူဂီအတွက် အဖွင့်ဂိုးကို ရော်နယ်ဒို သွင်းယူခဲ့တယ်လို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အနှေးပြကွက်နဲ့ ပြန်ကြည့်တာမှာ ဘရူနိုဖာနန်ဒက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးဟာ ရော်နယ်ဒိုရဲ့ ခေါင်းနဲ့ မထိပဲ ဂိုးထဲ ဝင်သွားခဲ့တာပါ။
အဲ့ဒါကြောင့် ဒီဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးသာ ရော်နယ်ဒိုရဲ့ သွင်းဂိုး ဖြစ်ခဲ့မယ်ဆိုရင် ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး ဂန္တဝင် အူဆီဘီယိုရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီ သွားမှာပါ။
ဘရူနိုဖာနန်ဒက်စ် ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ရော်နယ်ဒို ခေါင်းတိုက် သွင်းနေစဉ် (The Standard)
အူဆီဘီယိုက ၉ ဂိုး သွင်းယူထားပြီး ဒီစံချိန်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီ အသင်း ရခဲ့တဲ့ ဒုတိယဂိုးကိုလည်း ပင်နယ်တီကနေ သွင်းယူသွားခဲ့တာပါ။
ရော်နယ်ဒိုဟာ ဒီအချိန်မှာ လူစားလဲ ခံခဲ့ရတာကြောင့် ပင်နယ်တီကို ယူနိုက်တက် ကစားသမားက ကန်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ပွဲ ကစားအပြီးမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးထားပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားခဲ့ ပါတယ်။ ပေါ်တူဂီအသင်းဟာ ဥရုဂွေးအသင်းကို အနိုင်ရပြီးနောက် အုပ်စုတွင်း ၂ ပွဲကစား ရမှတ် ၆ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် သောကြာနေ့မှာ တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
တောင်ကိုရီယားအသင်းဟာ အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁ မှတ်သာ ရရှိထားပြီး နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် နည်းပါးနေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1121
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈
ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပမှာ အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ် တည်ရှိမှုကို အာရှထံ ကူးပြောင်းဖို့ စဉ်းစားဖွယ် ရှိတယ်လို့ အဖွဲ့ချုပ်အကြီးအကဲ ဒူကော့ဗ်ရဲ့ ပြောဆိုမှုကို ကိုးကားပြီး ရုရှားသတင်း အေဂျင်စီတွေက ဖော်ပြခဲ့ ပါတယ်။
ဒူကော့ဗ်က “ အာရှဟာ အချိန်မတန်သေးဘူးလို့ လွန်ခဲ့တဲ့လ အနည်းငယ်က ကျနော်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီအကြောင်းအရာဟာ ကျနော်တို့အတွက် စဉ်းစားသင့်တဲ့ အခွင့်အရေးပါပဲ”လို့ RIA သတင်း ဌာနက ဖော်ပြခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုတွေ ပြုလုပ်ပြီး ကတည်းက ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က ရုရှားနိုင်ငံနဲ့ ကလပ် အသင်းတွေကို သူတို့ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာပါ။ ဒီလို ပိတ်ပင်မှုနဲ့ ပတ်သက်ပြီး ရုရှားဘောလုံးအဖွဲ့ချုပ်နဲ့ ကလပ်အသင်း ၄ သင်းက အယူခံဝင်ခဲ့ပေမယ့် အားကစားခုံရုံးက ပယ်ချခဲ့တာကြောင့် ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
ရုရှားအသင်းကိုတွေ့ရစဉ်(Sport)
ဒူကော့ဗ်က “ ယူအီးအက်ဖ်အေမှာ ရှိနေလို့ အာရှက ကိုယ်စားလှယ်တွေနဲ့ ကျနော် စကားမပြောဖြစ်သေးပါဘူး။ သူတို့က ကျနော်တို့ကို ဥရောပ မိသားစုအဖွဲ့ဝင်အဖြစ် မှတ်ယူထားပါတယ်။ သူတို့ရဲ့ ခေါင်းပေါ်ကို ကျော်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ စတင်ရတာက ကျနော်တို့အတွက် အမြင်တော်မှု မရှိပါဘူး”လို့ ပြောခဲ့တာပါ။
ရုရှားဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပြီး လက်ရှိအချိန် မှာ အာရှအသင်းတွေနဲ့သာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်နေရတာပါ။
အခုလို ပြိုင်ပွဲဝင်ခွင့်ကို ကာလကြာရှည်စွာ ပိတ်ပင်ထားမယ်ဆိုရင် လက်ရွေးစင်နဲ့ ကလပ်အသင်းတွေအတွက် ထိခိုက်မှုတွေ ရှိလာနိုင်တာဖြစ်လို့ အာရှဘောလုံးအဖွဲ့ချုပ်ကို ကူးပြောင်းဖို့အတွက် စဉ်းစားဖွယ် ရှိနေပါတယ်။
သြစတြေးလျဘောလုံးအဖွဲ့ချုပ်ကလည်း သမုဒ္ဒရာပိုင်းဘောလုံးအဖွဲ့ချုပ်ကနေ အာရှဘောလုံးအဖွဲ့ချုပ်ထံ ကူးပြောင်းခဲ့ပြီး အခု ၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1180
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈
မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှု ရယူဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အင်တာမိုင်ယာမီအသင်းက မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာမယ် လို့ ယုံကြည်နေပြီး အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ အမေရိကန် အားကစားသမိုင်းမှာ လုပ်ခလစာ အများ ဆုံးရတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။
မက်ဆီဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၁.၂ သန်းခန့် ရရှိနေပြီး ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီမှာ လုပ်ခလစာ လျှော့ယူရဖွယ် ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် မက်ဆီဟာ အမေရိကန်မှာ ထိပ်တန်းဝင်ငွေရတဲ့ ကစားသမားအဖြစ် ရှိနေမှာပါ။ အာဂျင်တီးနား တိုက်စစ်မှူးဟာ မိုင်ယာမီမှာ အိမ်ရှိပြီး ပုံမှန်အားလပ်ရက်ဆိုရင် လာရောက် လည်ပတ်လေ့ ရှိပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရဲ့ ကစားကွက်နဲ့ ကိုက်ညီမှု ရှိစေဖို့အတွက် ဘာစီလိုနာ အသင်းဖော်ဟောင်း တွေဖြစ်တဲ့ ဆွာရက်စ်နဲ့ ဖာဘရီဂတ်စ်ကိုပါ ခေါ်ယူဖို့ စဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။
ဒေးဗစ်ဘက်ခမ်း၊ မက်ဆီနဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းတွေ မိသားစုကိုတွေ့ရစဉ် (GETTY IMAGES)
အင်တာမိုင်ယာမီအသင်းကို ဒေးဗစ်ဘက်ခမ်းရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း ဖီးလ်နဗီးလ်က ကိုင်တွယ်နေ ပြီး မကြာသေးခင်က သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ မက်ဆီနဲ့ စာချုပ်ချုပ်ဆိုဖို့ အစိတ်အပိုင်းတွေထဲက ၁ ခုအဖြစ် ကာတာမှာ ရှိနေတာ ဖြစ်သလို သူဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရဲ့ သံတမန်လည်း ဖြစ်ပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ပိုင်ရှင်တွေနဲ့ ကလပ်ဥက္ကဋ္ဌ အယ်ဖီလိုင်ဖီတို့ကို တိုက်ရိုက် ချိတ်ဆက် မှုတွေ ပြုလုပ်နေပါတယ်။
ဒါ့အပြင် ဒေးဗစ်ဘက်ခမ်းနဲ့ မက်ဆီတို့ရဲ့ ဆက်ဆံရေးကလည်း ကောင်းမွန်မှုရှိ နေပါတယ်။ မက်ဆီနဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပီအက်စ်ဂျီ အသင်းဟာ စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေသလို အသင်းတချို့ကလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေ တာပါ။
မက်ဆီကတော့ လက်ရှိအချိန်မှာ အာဂျင်တီးနား အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုသာ အပြည့်အဝ အာရုံစိုက်ထား ပြီး ဒီပြိုင်ပွဲပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: Daily Mail