
- By CNI
- Category: အားကစား
- Hits: 824
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄
ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အေဗရန်ဂလေဇာဟာ အသင်းကို ရောင်းချဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ တာလဲဆိုပြီး မေးမြန်းတဲ့အပေါ် ဖြေကြားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
အေဗရန်ဂလေဇာက “ဘုတ်အဖွဲ့ဟာ လုပ်ငန်းစဉ် တစ်ခုကို ဖြတ်သန်း လုပ်ဆောင်ခဲ့ပြီး ယူနိုက်တက်အတွက် ခြားနားတဲ့ ဗျူဟာမြောက် ရွေးချယ်မှုတွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ Sky ကို ပြောခဲ့တာပါ။
ယူနိုက်တက် ပရိသတ်တွေဟာ ဂလေဇာမိသားစုကို နှစ်ပေါင်းများစွာ ဆန့်ကျင်နေပြီး အသင်းကို ပိုင်ဆိုင်နေတဲ့ အပေါ် ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့ဟာ ယူနိုက်တက်ကို ရောင်းချဖို့ စီစဉ်နေတာပါ။
အမေရိကန်မိသားစုဟာ ယူနိုက်တက်ကို ပေါင် ၉ ဘီလီယံနဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။ မကြာသေးခင်က ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ရော်နယ်ဒိုက ဂလေဇာ မိသားစုဟာ ကလပ်ကို ဈေးကွက်ရှာဖွေရေး အသင်း အဖြစ် သတ်မှတ်ထားပြီး ပိုက်ဆံရဖို့ပဲသိပြီးတော့ အသင်းအပေါ်မှာ ဂရုစိုက်တဲ့သူတွေ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်း အားကစားကွင်းကိုတွေ့ရစဉ် (AP)
ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အေဗရန်ဂလေဇာက “ ခရစ္စတီယာနိုရော်နယ်ဒို အကြောင်း ပြောရမယ်ဆိုရင် သူဟာ ယူနိုက်တက်ရဲ့ အလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ ကလပ်အတွက် သူလုပ်ပေးခဲ့တဲ့ အရာတွေအားလုံးကို အလွန် ကျေးဇူးတင်ပါတယ်။ ရော်နယ်ဒို အနာဂတ်မှာ ကံကောင်းပါစေလို့ ဆန္ဒပြုကြောင်း” ပြောခဲ့ပါတယ်။
ယူနိုက်တက် ဂန္တဝင် ဒေးဗစ်ဘက်ခမ်းဟာ အသင်းကို ဝယ်ယူဖို့ အလားအလာရှိတဲ့ သူတွေအားလုံးနဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
ဒေးဗစ်ဘက်ခမ်းဟာ ယူနိုက်တက်ကို ဝယ်ယူဖို့ တက်နိုင်မှာ မဟုတ်ပေမယ့် ဝယ်ယူမယ့် သူတွေရဲ့ ရင်းနှီးမြုပ်နှံမှု မှာ အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ပါတယ်။ ဗြိတိန်ရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ဦးဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ် ကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတွေထဲက တစ်ဦးဖြစ်ပါတယ်။
ယူနိုက်တက် ပရိသတ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးကို ဝယ်ယူဖို့ လုပ်ခဲ့ပေ မယ့် မအောင်မြင်ခဲ့ပါဘူး။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 1179
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄
စပိန်ကြယ်ပွင့်ကစားသမား ဂါဗီဟာ ကော်စတာရီကာအသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်း ယူနိုင်ခဲ့တာကြောင့် ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူ ဖြစ်လာခဲ့ပါတယ်။
ပီလီဟာ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ အဲ့ဒီတုန်းက ပီလီရဲ့ အသက်ဟာ ၁၇ နှစ်သာ ရှိသေးပြီး အဆိုပါ ပြိုင်ပွဲမှာ ၆ ဂိုးအထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ ဂါဗီဟာ ကော်စတာရီကာနဲ့ ပွဲမှာ ဂိုးသွင်းပြီး အခုလို စံချိန်မှတ်တမ်း ရယူနိုင်ခဲ့သလို ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့တာပါ။
ဒါ့အပြင် ဂါဗီဟာ စပိန်လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံး ကမ္ဘာ့ဖလား ဂိုးသွင်းတဲ့သူလည်း ဖြစ်ခဲ့ပါတယ်။
၂၀၀၆ ပြိုင်ပွဲမှာ အသက် ၁၉ နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်က ယူကရိန်းဘက်ကို ဂိုးသွင်းပြီး စံချိန်တင်ထားတာကို ဂါဗီက ချိုးဖျက်ခဲ့တာပါ။ ဂါဗီဟာ အသက် ၁၇ နှစ်ပြည့်ပြီး ၂ လအကြာမှာ စပိန်လက်ရွေးစင်ရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
စပိန်အသင်းသားများကိုတွေ့ရစဉ် (GETTY IMAGES)
ဂါဗီက “ ဒီလို အောင်မြင်မှုတွေအတွက် ကျနော်ပျော်ရွှင်ပါတယ်။ ဒါပေမယ့် ကျနော် တကယ် ဂရုစိုက်တာက အသင်းနိုင်ပွဲရဖို့နဲ့ ကစားပုံ ကောင်းမွန်ဖို့ပါ။ ကျနော်တို့ ဆက်သွားကြရမှာပါ။ ပီလီရဲ့ နောက် ဒုတိယနေရာမှာ ရှိနေရတာက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ။ ဒါက ကျနော့်ကို တကယ်ပျော်ရွှင်စေတဲ့ အရာပါ”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကော်စတာရီကာကို အနိုင်ရတဲ့ပွဲမှာ စပိန်အတွက် ဂိုးတွေကို ဂါဗီအပြင် အိုလ်မို၊ မိုရာတာ၊ အဆန်စီယို၊ ဆိုလာတို့ က ၁ ဂိုးစီသွင်းပြီး ဖာရန်တောရက်စ်က ၂ ဂိုး သွင်းယူခဲ့တာပါ။
စပိန်အသင်းဟာ အခုနှစ် ပြိုင်ပွဲမှာ ဝါရင့်ကစားသမားတွေနဲ့ လူငယ် ကစားသမား အများအပြားကို ပေါင်းစပ်ထား ပြီး အသင်းကို စုဖွဲ့ထားတာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် အဖွင့်ပွဲမှာ ဂျပန်ကို အရေးနိမ့်ခဲ့တဲ့ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1022
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄
ဂျပန်နည်းပြ မိုရီယာဆုက ဂျာမနီအသင်းကို အရှုံးကနေ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရအောင်ကစားနိုင်ပြီးနောက် ဒါက သူတို့အတွက် သမိုင်းဝင်အောင်ပွဲလို့ ပြောလိုက်ပါတယ်။
မိုရီယာဆုက “ဒါက သမိုင်းဝင်အခိုက်အတန့်နဲ့ သမိုင်းဝင်အောင်ပွဲလို့ ကျနော်ယုံကြည်ပါတယ်။ဂျပန်ဘောလုံး လောကရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို တွေးကြည့်ရမယ်ဆိုရင် ကျနော်တို့က တည်ဆောက်ပြီး ကစားသမားတွေက နိုင်ငံရပ်ခြားကို သွားကြတာပါ။အဲဒီလိဂ်တွေကပဲ ကျနော်တို့ ဂျပန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ပံ့ပိုး ပေးပါတယ်။အဲဒါကြောင့် ကျနော်တို့ အလွန်ကျေးဇူးတင်ပြီး လေးစားပါတယ်။ဒါပေမယ့် ဘယ်လိုပြိုင်ဘက်ပဲ ဖြစ်ဖြစ် ကျနော်တို့က အနိုင်ရဖို့ သွားရမှာပါ” လို့ ပြောခဲ့တာပါ။
ဂျပန်အသင်းဟာ ဂျာမနီအသင်းရဲ့ ဦးဆောင်ခြင်းခံခဲ့ရပေမယ့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်ခဲ့လို့ အဆုံးမှာ ထိုက်တန်တဲ့ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ဆော်ဒီအသင်းက အာဂျင်တီးနားအသင်းကို အံအားသင့်ဖွယ်အနိုင်ရပြီး နောက် ဂျပန်အသင်းကပါ ဂျာမနီအသင်းကို နောက်ထပ်အံအားသင့်ဖွယ်စွမ်းဆောင်ပြသခဲ့တာပါ။
အနိုင်ဂိုးရှင် အဆာနိုက “အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာပါ။ကျနော်တို့ လုပ်နိုင်မယ်ဆိုတာ သိသလို၊ ဒီလိုအိမ်မက်မျိုးလည်း ရှိပါတယ်။ဆော်ဒီပွဲကို ကြည့်ခဲ့ပြီး ကျနော်တို့လည်း လုပ်နိုင်မယ်လို့ ထင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့ပြီ” လို့ BBC Radio 5 Live ကို ပြောခဲ့တာဖြစ်ပါတယ်။
ဂျပန်အသင်းအနိုင်ရခဲ့သလို အားပေးသူပရိသတ်တွေကလည်း ပွဲအပြီးမှာ ပွဲကြည့်စင်ပေါ်က အမှိုက်တွေကို သန့်ရှင်းရေး ပြုလုပ်ပေးသွားခဲ့တာပါ။ဂျပန်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ကော်စတာရီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတာနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားမှာ ဖြစ်ပါတယ်။ဂျာမနီအသင်းကတော့ ကော်စတာရီကာကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဂျာမနီနည်းပြ ဟန်ဆီဖလစ်ခ်က “ဒီရှုံးပွဲ၊ အမှတ်သုညနဲ့ ကျနော်တို့ ဖိအားတွေခံနေရပါတယ်။ဒါနဲ့ ပတ်သက်လို့ မေးခွန်းမရှိပါဘူး။ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ။ဒီရှုံးပွဲကနေ ရုန်းထွက်ပြီး ပြတ်ပြတ်သားသားသေချာအောင် လုပ်ရတော့မယ်” လို့ ပြောခဲ့ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 1019
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄
ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်က ထွက်တာကလွဲပြီး တခြားရွေးချယ်စရာမရှိဘူးလို့ အသင်းဖော်ဟောင်း ဝိန်းရွန်နီက ပြောလိုက်ပါတယ်။
ဝိန်းရွန်နီက “ရော်နယ်ဒိုထွက်တာနဲ့ပတ်သက်ပြီး အံအားသင့်မိလားဆိုရင် အံအားမသင့်ပါဘူး။ တခြား ရွေးချယ်စရာမရှိပေမယ့် သူဟာ ကလပ်အတွက် အကောင်းဆုံးပေးဆပ်ခဲ့တဲ့သူဖြစ်လို့ ဒီလိုမျိုးလမ်းခွဲရတာက ရှက်ဖို့ကောင်းပါတယ်။သူဘယ်ပဲသွားသွား အကောင်းဆုံးဖြစ်ပါစေလို့ ကျနော်ဆန္ဒပြုကြောင်း” Sport 18 ကို ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးထွက်ပေါ်လာအပြီးမှာ ယူနိုက်တက်က ကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းကာ ထွက်ခွာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ စပါးနဲ့ပွဲမှာ လူစားလဲဝင်ဖို့ ငြင်းဆန်ပြီး ဥမင်ထဲတန်းဝင်သွားတဲ့ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ ဝိန်းရွန်နီကိုလည်း ဒီအင်တာဗျူးမှာ ဝေဖန်ထားတာပါ။
ရော်နယ်ဒိုကတော့ သူဟာ ယူနိုက်တက်နဲ့ ပရိသတ်တွေကို ချစ်ပြီး ဒါက ဘယ်တော့မှ ပြောင်းလဲမယ့်အရာ မဟုတ်ပေမယ့် စိန်ခေါ်မှုအသစ်တွေအတွက် အချိန်ကျရောက်ပြီလို့ ပြောခဲ့ပါတယ်။ရော်နယ်ဒိုဟာ အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းကို ပြန်သွားနိုင်တယ်လို့ ထင်ကြေးပေးနေကြပြီး၊ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး၊ နယူးကာဆယ်တို့နဲ့လည်း အသံတွေ ထွက်နေခဲ့တာပါ။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ပြီးတာနဲ့ အသင်းပြောင်းရွှေ့ဖို့ကို လုပ်ဆောင်မှာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ လက်ရွေးစင်အသင်းအတွက်ပဲ အပြည့်အ၀ အာရုံစိုက်နေတာ ဖြစ်ပါတယ်။ဂါနာ၊ ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်အုပ်စုတည်းကျရောက်နေတဲ့ ပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 1066
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃
လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြသဖို့အတွက် ရုပ်သံလွှင့်ခွင့် မဝယ်ယူထားပေမယ့် မြောက်ကိုရီးယား နိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို တနင်္ဂနွေနေ့က စတင်ခဲ့တာဖြစ်ပြီး အီကွေဒေါအသင်းက အိမ်ရှင်ကာတာ အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ မြောက်ကိုရီးယားက Korea Central TV(KCTV)ဟာ ပြိုင်ပွဲအတွက် ရုပ်သံ ထုတ်လွှင့်ခွင့် မဝယ်ယူထားဘဲ ပြသနေတယ်လို့ ဖီကာဖန်တာဆိုတဲ့ တွစ်တာအကောင့်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်က အီရန်ကို ၆ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ အပါအဝင် တခြားပွဲတွေရဲ့ ပုံရိပ်တွေကလဲ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။
KCTV ကို ပြုံယမ်းကနေ ထုတ်လွှင့်နေတာဖြစ်ပြီး ဝါဒါဖြန့်ချိရေး အစီအစဉ်တွေနဲ့ လွှမ်းမိုးနေပါတယ်။
မြောက်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး အာဏာရှင် နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ကင်မိသားစုရဲ့ မျိုးဆက် ၃ ဆက်ဟာ နိုင်ငံကို ထိန်းချုပ်ထားတာပါ။ မြောက်ကိုရီးယားရဲ့ လက်ရှိခေါင်းဆောင် ကင်ဂျူံအန်းဟာ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ် ဖြစ်တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားရဲ့ KCTV က ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ပြသနေစဉ်
မြောက်ကိုရီးယားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၆၆ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ၁၉၆၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တာပါ။
ဖီဖာအကြီးအကဲ အင်ဖန်တီနိုက မြောက်ကိုရီးယားကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ လမ်းဖွင့်ပေးထားတယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။ ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ် ဝေဖန်မှုတွေ မြှင့်တက် နေချိန်မှာ အင်ဖန်တီနိုရဲ့ အခုလို ပြောတာက ပိုပြီး ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။
အင်ဖန်တီနိုဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ဖူးပြီး တောင်ကိုရီးယားနဲ့အတူ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ အဆင်သင့် ဖြစ်ပြီလားလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား အမျိုးသားဘောလုံးအသင်းဟာ လက်ရှိ ကမ္ဘာ့အဆင့် ၁၁၂ နေရာမှာ ရပ်တည်နေပြီး အမျိုးသမီး အသင်းကတော့ ကမ္ဘာ့အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Sportbible

- By CNI
- Category: အားကစား
- Hits: 1016
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိအောင် ဆော်ဒီအသင်း စွမ်းဆောင်ခဲ့ပြီးနောက် ဘုရင်ဆဲလ်မန်က ဗုဒ္ဓဟူးနေ့ကို အများပြည်သူအားလပ်ရက်အဖြစ် ကြေညာလိုက်ပါတယ်။
ဆော်ဒီနိုင်ငံရဲ့ တရားဝင်တွစ်တာမှာ “ နိုဝင်ဘာလ ၂၃ ရက် ဗုဒ္ဓဟူးနေ့ဟာ နိုင်ငံတော်နဲ့ ပုဂ္ဂလိကကဏ္ဍရှိ ဝန်ထမ်း တွေအားလုံး၊ပညာရေးအတန်းတိုင်းမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေအားလုံးအတွက် အားလပ်ရက်အဖြစ် ညွှန်ကြားထားတယ်” လို့ ဖော်ပြထားတာပါ။
ဆော်ဒီအသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ မက်ဆီရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အာဂျင်တီးနားအသင်းရဲ့ ဦးဆောင်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းအရောက်မှာ အယ်လ်ရှီဟီရီနဲ့ အယ်လ်ဒေါစာရီတို့က ဆော်ဒီအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပေးခဲ့လို့ အာရှကလပ်အတွက် သမိုင်းဝင်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။ ဆော်ဒီပရိသတ်တွေဟာ ဒီနိုင်ပွဲကြောင့် အလွန်ပျော်ရွှင်စွာ အောင်ပွဲခံနေကြတာဖြစ်ပါတယ်။
ဒီနိုင်ပွဲဟာ ဆော်ဒီအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ၄ ပွဲမြောက်နိုင်ပွဲဖြစ်ခဲ့ပြီး၊ အာဂျင်တီးနားအသင်းရဲ့ ပြိုင်ပွဲစုံ ၃၆ ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုလည်း ရပ်တန့်နိုင်ခဲ့တာပါ။ဆော်ဒီအသင်းဟာ ဂါနာအသင်းပြီးရင် အခု ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဒုတိယမြောက်ကမ္ဘာ့အဆင့်ရပ်တည်မှုအနိမ့်ဆုံးအသင်းဖြစ်ပါတယ်။ဒါပေမယ့် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားအသင်းကို အံအားသင့်ဖွယ်အနိုင်ရခဲ့တာပါ။
ဆော်ဒီအသင်းနည်းပြ ရီနာတ့်က “ဒါက စာအုပ်တွေထဲမှာ မှတ်သားရမယ့်အရာတစ်ခုဖြစ်ပြီး ဆော်ဒီဘောလုံး သမိုင်းကို ဖန်တီးခဲ့တာပါ။ဒါက အမြဲတမ်းရှိနေတော့မယ့်အရာပါ။ဒါပေမယ့် ကျနော်တို့ အလွန်ခက်ခဲတဲ့ ပွဲ ၂ ပွဲ ကျန်သေးတာကြောင့် ဆက်သွားရဦးမှာပါ” လို့ ပြောခဲ့ပါတယ်။
ဆော်ဒီအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် စနေနေ့မှာ ပိုလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ပိုလန်အသင်းကတော့ အုပ်စုအဖွင့်ပွဲမှာ မက္ကဆီကိုအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 993
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃
ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းပြီး အသင်းက ထွက်ခွာခွင့် ပေးလိုက်ပြီလို့ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။
ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးထွက်ပေါ်လာအပြီးမှာ ကလပ် ပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုတို့ကို ဝေဖန်မှုတွေပြုလုပ်ခဲ့သလို နည်းပြ အဲရစ်တန်ဟတ်ကို မလေးစားဘူးလို့ ပြောခဲ့တာပါ။ ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဒီအင်တာဗျူးအပြည့်အစုံထွက်ပေါ်လာအပြီးမှာ ရော်နယ်ဒိုကို စာချုပ် ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါက နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း ယူနိုက်တက်က ပြောထားတာပါ။
ရော်နယ်ဒိုက “ယူနိုက်တက်နဲ့ စကားပြောဆိုမှုတွေပြုလုပ်အပြီးမှာ ကျနော်တို့ စာချုပ်ကို စောစီးစွာ အဆုံးသတ်ဖို့ နှစ်ဦးနှစ်ဖက်သဘောတူညီမှုရခဲ့ပါတယ်။ကျနော်ယူနိုက်တက်နဲ့ ပရိသတ်တွေကို ချစ်ပါတယ်။ ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ဒါပေမယ့် စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ ကျနော့်အတွက် အချိန်မှန်ရောက်ပြီလို့ ခံစားရပါတယ်။လက်ကျန်ရာသီနဲ့ အနာဂတ်မှာ အသင်းအောင်မြင်မှုရဖို့ ကျနော်ဆန္ဒပြုတယ်လို့” ထုတ်ပြန်ခဲ့ပါ တယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ်လက ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းထံ ဒုတိယအကြိမ်မြောက် ကစားဖို့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ နွေရာသီထဲက ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အသင်းက ခွင့်မပြုခဲ့တာကြောင့် ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီ အဲရစ်တန်ဟတ်ရဲ့အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ၁၆ ပွဲကစားကာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် သူ့ကို ခေါ်ယူချင်တဲ့အသင်းတွေဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရတော့မှာဖြစ်ပါတယ်။ရော်နယ်ဒိုကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အသင်းတွေရှိပေမယ့် ကစားသမားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားဖို့ ရှိနေတာပါ။
ယူနိုက်တက်ကနေ ရော်နယ်ဒိုထွက်ခွာသွားတာနဲ့အတူ အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုကလည်း မန်ချက်စတာကလပ်ကို ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 889
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂
နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး ၄ ပွဲ ကစားအပြီးမှာ ထပ်ဆောင်း အချိန်ပို ၆၄ မိနစ်အထိ ပေးထားတာ ဖြစ်ပါတယ်။
ဒီလိုပေးတာက ဖီဖာရဲ့ လမ်းညွှန်မှု အသစ်ကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
France Info ကတော့ ကစားချိန် အများဆုံးရဖို့နဲ့ အချိန်ဆွဲတာကို ရှောင်ရှားနိုင်ဖို့အတွက် ဖီဖာက စည်းမျဉ်းတွေ ချမှတ်တာကြောင့် အခုလို ဖြစ်စဉ် ပေါ်ပေါက်လာလို့ သိရပါတယ်။
ဖီဖာဒိုင်လူကြီးများ ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ထိပ်တန်းဒိုင်လူကြီးဟောင်း ကိုလီနာက ဘောလုံး ကစားချိန် ပိုမိုရရှိဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
ကိုလီနာက “ အထိရောက်ဆုံး အချိန်ကနေ ၄၂၊ ၄၃ နဲ့ ၄၄ မိနစ်တွေမှာ ပွဲတွေကို ရှောင်ရှားချင်ပါတယ်။ ဒါကြောင့် လူစားလဲတာ၊ ပင်နယ်တီ၊ အောင်ပွဲခံတာ၊ ဆေးကုသမှုခံယူတာ၊ VAR ကြည့်တာ စတဲ့ အချိန်တွေကို ပြန်ပြီး ထည့် ပေါင်းပေးသွားမှာပါ”လို့ ပြောပါတယ်။
ဒိုင်လူကြီးဟောင်း ကိုလီနာ ကိုတွေ့ရစဉ် (Getty Images)
အင်္ဂလန်နဲ့ အီရန်အသင်းတို့ ပွဲစဉ်မှာဆိုရင် အချိန်ပို ၂၇ မိနစ်ထိ ပေးခဲ့ပါတယ်။ ဒီလိုပေးခဲ့တာက အီရန်ဂိုးသမား ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူရတာ၊ ဟာရီကိန်း၊ မက်ဂွဲယားတို့ ဒဏ်ရာတွေ ရရှိခဲ့တာ၊ လူစားလဲမှု အများ အပြား ပြုလုပ်တာနဲ့ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ အချိန်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဆီနီဂေါနဲ့ပွဲမှာ နယ်သာလန်အတွက် သွင်းယူခဲ့တဲ့ ကလာဆန်ရဲ့ ဂိုးဆိုရင် ၉၈ မိနစ် ၁၇ စက္ကန့်မှ ရရှိခဲ့တာပါ။
အင်္ဂလန်နဲ့ပွဲမှာ အီရန်အတွက် တာရီမီ သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးဟာဆိုရင်လည်း ပွဲချိန်မိနစ်က ၁၀၂ မိနစ်နဲ့ ၃၀ စက္ကန့်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်တွေအရ ကာတာနဲ့ အီကွေဒေါပွဲမှာ အချိန်ပိုပေးတာ ၁၀ မိနစ်ကျော်အထိ ရှိခဲ့ပြီး၊ နယ်သာလန်နဲ့ ဆီနီဂေါပွဲမှာ ၁၂ မိနစ်ကျော်၊ အမေရိကန်နဲ့ ဝေးလ်စ်ပွဲမှာ ၁၄ မိနစ်ကျော်အထိ ရှိခဲ့တာပါ။
အဲ့ဒါကြောင့် လာမယ့် ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာလည်း ပွဲချိန်မိနစ် ၁၀၀ ကျော်အထိ ပရိသတ်တွေ ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1359
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂
ပေါ်တူဂီနဲ့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ Followers သန်း ၅၀၀ ပြည့် ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒိုကို ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကျော် ဒါမှမဟုတ် ၁၆ ဦးထဲမှာ ၁ ဦးက Follow လုပ်ထား တာပါ။
ရော်နယ်ဒိုနောက်မှာ သူ့ရဲ့ ပြိုင်ဘက်ကြီး မက်ဆီက Followers ၃၇၆ သန်းနဲ့ ဒုတိယနေရာမှာ ရှိနေတာ ဖြစ်ပြီး ကိုင်လီဂျန်နာက ၃၇၂ သန်းနဲ့ တတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ သီးသန့်အင်တာဗျူး ပြုလုပ်အပြီးမှာ အခုလို စံချိန်ထပ်တင်သွားခဲ့တာပါ။
အခုဆိုရင် ရော်နယ်ဒိုဟာ Followers သန်း ၅၀၀ မပြည့်ခင်မှာ ပြိုင်ဘက်ကြီး မက်ဆီနဲ့ စစ်တုရင် ထိုးနေတဲ့ ဓါတ်ပုံကလည်း Followers တွေကို ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီနဲ့ ရော်နယ်ဒို ချက်ထိုးနေစဉ်
ရော်နယ်ဒိုနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ ဒီပုံကို သူတို့ရဲ့ အင်စတာဂရမ်မှာ ဖော်ပြခဲ့ကြတာပါ။ ရော်နယ်ဒိုဟာ ဒီပုံ တင်ပြီး ၂၄ နာရီအကြာမှာပဲ Followers ၁ သန်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။
စစ်တုရင်ထိုးနေတဲ့ သူတို့ ၂ ဦးပုံဟာ Likes ၃၅ သန်းကျော်အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ပျှမ်းမျှဆိုရင် ပုံတစ်ပုံကို Likes ၁၀ သန်းနီးပါး ရရှိတာဖြစ်ပြီး နာမည်ကျော် ဓါတ်ပုံဆရာ အန်နီလီဘိုဗစ်ဇ်ရိုက်ခဲ့တဲ့ ဒီပုံဟာ အင်စတာဂရမ်မှာ ဒုတိယမြောက် လူကြိုက်အများဆုံး ဖြစ်လာ ခဲ့တာပါ။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရုံစိုက်ပြီး လေ့ကျင့် ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာဆိုရင် ဒီကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝကို အဆုံး သတ်မယ်လို့ ပြောထားပါတယ်။ ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ တောင်ကိုရီးယား၊ ဂါနာတို့နဲ့ တစ်အုပ်စုတည်း ကျနေပြီး အဖွင့်ပွဲအဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sportbible

- By CNI
- Category: အားကစား
- Hits: 1009
CNI Sport News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂
ဆန္ဒပြနေတဲ့ အီရန်ပရိသတ်တွေက သူ့ကစားသမားတွေကို သတ်ဖို့ ကြိုးစားနေတယ်လို့ အီရန်အသင်းနည်းပြ ကားလို့စ်ကွီရော့စ်က ဝေဖန်လိုက်ပါတယ်။
ကားလို့စ်ကွီရော့စ်က “ဒီကလေးတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဘယ်လိုနေထိုင်ခဲ့ရလဲဆိုတာ ခင်ဗျားတို့ တွေးမိမှာ မဟုတ်သလို၊ သိနိုင်မှာလည်းမဟုတ်ပါဘူး။သူတို့ဟာ ဘောလုံးကစားချင်တာကြောင့်သာ ရှိခဲ့တာပါ။ ဘာတွေပဲ လုပ်လုပ်၊ဘာတွေပဲပြောပြော သူတို့က သတ်ပစ်ချင်နေကြတယ်။သူတို့မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ကစားပေးဖို့ မျှော်လင့်ချက်တစ်ခုပဲရှိတာပါ” လို့ ပြောခဲ့တာပါ။
အီရန်အသင်းဟာ တနင်္လာနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ အင်္ဂလန်အသင်းကို ၆ ဂိုး - ၂ ဂိုးနဲ့ အရေးနိမ့် ခဲ့တာဖြစ်ပါတယ်။အီရန်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ၊ အော်ဟစ်မှုတွေကြောင့်လည်း ကြယ်ပွင့် ကစား သမားတွေဟာ နိုင်ငံတော်သီချင်းကို သီဆိုဖို့ ငြင်းဆန်ခဲ့ကြတာပါ။ဒါပေမယ့် ခါလီဖာ နိုင်ငံတကာ အားကစား ကွင်းမှာ ဆန္ဒပြနေတဲ့ ပရိသတ်တွေဟာ ကစားသမားတွေကို ဝေဖန်မှုတွေပြုလုပ်နေဆဲပါပဲ။
ကားလို့စ်ကွီရော့စ်က “ကစားသမားတွေလုပ်ဆောင်ခဲ့တာတွေအတွက် ကျနော်ဂုဏ်ယူပါတယ်။သူတို့တွေဟာ ၂၀၁၄ နဲ့ ၂၀၁၈ မှာ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိခဲ့ပါတယ်။ဒီနေ့ဖြစ်တဲ့အရာတွေကို ခင်ဗျားတို့ လည်း မြင်တွေ့ခဲ့တာပါပဲ။အသင်းကို အားပေးဖို့ အဆင်သင့်မဖြစ်သေးတဲ့ ပရိသတ်တွေအနေနဲ့ အိမ်မှာပဲ နေသင့် ပါတယ်။ကျနော့်ကစားသမားတွေဟာ လက်ရှိအချိန်မှာ အာရုံစူးစိုက်မှုအကောင်းဆုံးမဟုတ်ဘူးဆိုတာ လူတိုင်း သိပါတယ်။သူတို့ဟာ ဒီလိုတွေကြောင့် ဒုက္ခတွေရောက်နေကြတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အီရန်ပရိသတ်တွေဟာ နိုင်ငံတော်သီချင်းဖွင့်ချိန်မှာ လှောင်ပြောင်ခဲ့ကြသလို ပရိသတ်တချို့ဟာ “အမျိုးသမီး၊အသက်၊လွတ်လပ်မှု”ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားခဲ့ကြတာဖြစ်ပါတယ်။အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့လတွေအတွင်း လူထုဆန္ဒပြပွဲတွေကို ပြင်းထန်စွာ ဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။အသက် ၂၂ နှစ် အရွယ်ရှိ မာရှာအာမီနီကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားချိန်မှာ သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဆန္ဒပြမှုတွေပြင်းထန်လာခဲ့ပြီး အီရန်လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ ၄၀၀ ကျော်သေဆုံးကာ ၁၆,၈၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောခဲ့ပါတယ်။
Source:Mirror