- By CNI
- Category: အားကစား
- Hits: 681
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုက အသင်းခေါင်းဆောင် မက်ဆီဟာ အော်လန်ဒိုစီးတီးအသင်းနဲ့ ကစားမယ့် မေဂျာလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်သလို U.S Open ဖလားဗိုလ်လုပွဲမှာလည်း ပါဝင်ဖို့ မသေချာဘူးလို့ ပြောလိုက်ပါတယ်။
မာတီနိုက “ကျနော်တို့ဟာ ဆေးစစ်ချက် အစီရင်ခံစာကိုကြည့်မယ်၊ သူတို့ကိုယ်တိုင်ကလည်း ကျနော်တို့ ပြောတာ ကို ကြည့်ရပါမယ်။ သူတို့ကို စောင့်ကြည့်သွားမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမှာတော့ သူတို့ ပါဝင်ကစားဖို့ အခွင့်အရေး မရှိဘူးဆိုတာ သေချာပါတယ်။ ဗိုလ်လုပွဲကစားဖို့ ရှိတယ်ဆိုတာကို သိပေမယ့် သူတို့အနေနဲ့ ဒီလိုမျိုး လုပ်ဖို့ အခြေအနေ မရှိဘူးဆိုရင်တော့ သူတို့ကို ကွင်းထဲမှာ ထည့်သွင်းလို့ ရမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
မက်ဆီဟာ တိုရွန်တိုအသင်းနဲ့ ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားခဲ့ ပေမယ့် ပွဲချိန် ၃၇ မိနစ်မှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
မက်ဆီရဲ့ ဘာစီလိုနာအသင်း ဖော်ဟောင်း အယ်လ်ဘာကလည်း ဒဏ်ရာရရှိသွားခဲ့လို့ ပွဲချိန်အစောပိုင်းမှာတင် လူစားလဲခဲ့ရတာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ အယ်လ်ဘာတို့ရဲ့ အခြေအနေကို လာမယ့် ရက်ပိုင်းအတွင်း အကဲဖြတ်သွား မှာ ဖြစ်ပေမယ့် အော်လန်ဒိုအသင်းနဲ့ပွဲမှာတော့ စွန့်စားပြီး အသုံးပြုသွားမှာ မဟုတ်ပါဘူး။

မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ စက်တင်ဘာ ၂၇ ရက်မှာ ဟူစတန်ဒိုင်နမိုအသင်းနဲ့ U.S Open ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး မက်ဆီနဲ့ အယ်လ်ဘာတို့ရဲ့ အခြေအနေပေါ် မူတည်ပြီးတော့မှ အသုံးပြုဖို့ ရှိ၊ မရှိ ဆုံးဖြတ် သွားမယ်လို့ နည်းပြ မာတီနိုက ပြောခဲ့ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းကို ရောက်ရှိလာပြီးကတည်းက အကောင်းဆုံး ခြေစွမ်းပြသနေတာဖြစ်ပြီး ၁၂ ပွဲကစားအပြီးမှာ ၁၁ ဂိုးသွင်းယူကာ လိဂ်ဖလား ရယူပေးထားနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ အယ်လ်ဘာတို့ကို စောစီးစွာ လူစားလဲခဲ့ပေမယ့် တိုရွန်တိုအသင်းကို ၄ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီနိုင်ပွဲကြောင့် မေဂျာလိဂ် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပလေးအော့ဖ် ဝင်ခွင့်နေရာမှာရှိတဲ့ အသင်းနဲ့ ၅ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 671
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက ပီအက်စ်ဗွီအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ် အပြီးမှာ ဒါဟာ အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ လှပတဲ့ညတစ်ညလို့ ပြောသွားခဲ့ပါတယ်။
အာတီတာက “အချိန်အတော်ကြာပြီးနောက်မှာ လှပတဲ့ညတစ်ည ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် အငွေ့အသက်တွေ၊ ချန်ပီယံလိဂ် သီချင်းတွေကို မြင်တွေ့ခွင့်ရခဲ့တာက အလွန်ကောင်းပါတယ်။ ပွဲမစခင်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ခံစား မှုပါပဲ။ ဒီပွဲမှာ ကျနော်တို့ရဲ့ အဆုံးသတ်က ထိပ်တန်းအဆင့်ပါပဲ။ ဒီရာသီမှာ ပွဲတိုင်းအနိုင်ရတဲ့ အသင်းကို ၄ ဂိုးသွင်း နိုင်တာက ထူးခြားပါတယ်။ ကျနော်တို့ဟာ ဒီထက် အများကြီးပိုကောင်းလာနိုင်တဲ့ အရာတွေရှိနေတုန်းပါပဲ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ၆ နှစ်အကြာမှ ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး ပီအက်စ်ဗွီအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကိုတွေ့ရစဉ်
အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဆာကာ၊ ထရိုဆာ့ဒ်၊ ဂျီးဆပ်စ်နဲ့ အိုဒီဂတ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို အသင်းခေါင်းဆောင် အိုဒီဂတ်က ရရှိခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ ပေါင် ၆၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟာဗတ်ဇ်ရဲ့ ပီအက်စ်ဗွီအသင်းနဲ့ပွဲက စွမ်းဆောင်ရည်တွေကိုလည်း အာဆင်နယ်အသင်းနည်းပြ အာတီတာက ချီးကျူးခဲ့ပါတယ်။
ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းမပြသနိုင်လို့ ဝေဖန်မှုတွေ ခံနေရတာပါ။
အာတီတာက “သူဟာ ဒီပွဲမှာ တကယ်ကို အချိတ်အဆက် မိခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ အနေအထားအပေါ် မူတည် ပြီး သူ့ကို မတူညီတဲ့ပုံစံ ၂ ခု ကစားပေးဖို့ ကျနော်တောင်းဆိုခဲ့ပါတယ်။ သူဟာ ကောင်းမွန်စွာ လုပ်ဆောင်သွား နိုင်ခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ကျနော်ကျေနပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ လန်ဒန်ဒါဘီ ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 741
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
ယူနိုက်တက်အသင်းဂိုးသမား အိုနာနာက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့် ခဲ့တာက သူ့ကြောင့်လို့ ဝန်ခံသွားခဲ့ပါတယ်။
အိုနာနာက “ကျနော်တို့ ကောင်းမွန်စွာစတင်နိုင်ခဲ့ပေမယ့် ကျနော်အမှားလုပ်ပြီးနောက်မှာ အသင်းဟာ ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ ကျနော်ဟာ အသင်းကို ဆွဲချခဲ့တဲ့အတွက် ဒီအခြေအနေဟာ ကျနော့်အတွက် ခက်ခဲပါတယ်။ ကျနော့်ရဲ့အမှားတွေကြောင့်ပဲ အသင်းဟာ အရေးနိမ့်ခဲ့တာပါ။ ကျနော်ဒီကနေ သင်ခန်းစာယူပြီး ပြန်သန်မာလာဖို့ လိုအပ်ပါတယ်။ ကျနော့်မှာသက်သေပြစရာတွေအများကြီးရှိပါတယ်။ မန်ချက်စတာမှာ ကျနော့် ရဲ့ ကစားသမားဘဝအစမကောင်းခဲ့သလို ဒီပွဲက ကျနော့်ရဲ့ အဆိုးရွားဆုံးပွဲတစ်ပွဲပါ”လို့ TNT Sports ကို ပြောခဲ့ တာပါ။
ယူနိုက်တက်အသင်းဟာ အိုနာနာရဲ့ အမှားအယွင်းတွေကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို ဦးဆောင်ဂိုးတွေ ပေးခဲ့ ရပြီး အနောက်ကနေချေပဂိုးတွေလိုက်ပြီးသွင်းယူခဲ့ပေမယ့် ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၄ ဂိုး- ၃ ဂိုး နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို ဆာနေး၊ဂနာဘရီ၊ဟာရီကိန်းနဲ့ တဲလ်တို့က သွင်းယူခဲ့ပြီး ယူနိုက်တက်အသင်းအတွက် ချေပဂိုးတွေကို ကတ်စမဲရိုးက ၂ ဂိုးနဲ့ ဟော့ဂျ်လန်းက သွင်းယူခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က အင်တာမီလန်အသင်းကနေ ပေါင် ၄၇.၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက်အသင်းမှာ လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပွဲပေါင်း ၆ ပွဲမှာ ၁၄ ဂိုးအထိ ပေးဂိုးခွင့်ပြုထားရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကလည်း ဒီ ၆ ပွဲမှာ ၄ ပွဲအထိရှုံးနိမ့်ထားပြီး ၂ ပွဲသာ အနိုင်ရရှိထားတာပါ။ ယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟတ်ကတော့ ဒီရှုံးပွဲအတွက် အိုနာနာ တစ်ဦးတည်း မှာသာ တာဝန်ရှိတာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ဒါက အသင်းနဲ့ သက်ဆိုင်တာပါ။ အမှားတွေပြုလုပ်ခဲ့ပေမယ့် ပြန်ကောင်းမွန်လာအောင် အသင်းလိုက်လုပ်ဆောင်ရမှာပါ။ ဒါကို ဒီညမှာ ကျနော်တို့ ပြသနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ ၃ ဂိုးသွင်းယူခဲ့တာကြောင့် ကျနော်တို့ အမှတ်ရယူနိုင်ရမှာပါ။ နောက်ဆုံး ၃ ပွဲမှာ ကျနော်တို့ဟာ အသင်းကောင်း တွေနဲ့ ကစားခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 629
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က သူတို့ဖွဲ့စည်းထားတဲ့ပုံစံကို ချက်ချင်း အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပြီးနောက် အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်းဟာ နိုင်ငံအသင်းအပေါ် သပိတ်မှောက်တာကို စက်တင်ဘာ ၂၀ ရက်က အဆုံးသတ် လိုက်ပါတယ်။
ကစားသမားတွေ၊ RFEF တာဝန်ရှိသူတွေ၊ အမျိုးသား အားကစားကောင်စီနဲ့ အမျိုးသမီး ကစားသမားများ အဖွဲ့အစည်း FUTPRO တို့ဟာ နာရီပေါင်းများစွာကြာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ဒီဆုံးဖြတ် ချက်ကို ချမှတ်နိုင်ခဲ့တာပါ။
စပိန်အသင်းဟာ လာမယ့် နေးရှင်းလိဂ် ပွဲစဉ်အတွက် လူစာရင်း ထုတ်ပြန်ခဲ့ပေမယ့် အဖွဲ့ချုပ်ကို နောက်ထပ် အပြောင်းအလဲတွေ မပြုလုပ်မချင်း နိုင်ငံအသင်းအတွက် ကိုယ်စားပြုမှာ မဟုတ်ဘူးလို့ စပိန်အမျိုးသမီး ကစားသမားတွေက ပြောခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရုံးကိုတွေ့ရစဉ်
အမျိုးသားအားကစားကောင်စီ(CSD)ရဲ့ အကြီးအကဲ ဗစ်တာဖရန်ကို့စ်က “သဘောတူညီချက်တွေကို လိုက်နာဖို့ RFEF၊ ကစားသမားတွေနဲ့ CSD တို့အကြား ပူးတွဲကော်မရှင်တစ်ရပ်ကို ဖန်တီးသွားမှာဖြစ်ပြီး ဒါကို မနက်ဖြန်မှာ လက်မှတ် ရေးထိုးသွားမှာပါ။ ကစားသမားတွေက RFEF မှာ လေးနက်တဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ် ကြောင်း သူတို့ရဲ့ စိုးရိမ်မှုကို ဖော်ပြခဲ့ပြီး ဒီအပြောင်းအလဲတွေကို ချက်ချင်းပြုလုပ်ဖို့ ကတိပြုထားပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဖရန်ကို့စ်နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီ အကြီးအကဲ ရာဖေးလ်အာမိုတို့ဟာ အပြောင်းအလဲတွေကို အသေးစိတ် မပြောခဲ့ဘဲ မကြာခင်မှာ ကြေညာသွားမယ်လို့သာ ပြောခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းရဲ့ လူစာရင်းမှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမား အများအပြား ရွေးချယ်ခံထားရပြီး ကစားသမားတွေဟာ သူတို့ရဲ့ အနာဂတ်နဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်သွား မယ်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။
စပိန်အသင်းဟာ လာမယ့်ရက်ပိုင်းမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် ဆွီဒင်၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပြိုင်ပွဲကနေ လာမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရမယ့် အသင်းတွေကို ဆုံးဖြတ်သွားမယ်လို့ သိရပါ တယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 759
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀
အီတလီဂိုးသမား ပရိုဗီဒယ်လ်ဟာ အသလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ လာဇီယို အသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူပေးပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ၄ ဦးမြောက် ဂိုးသမား မှတ်တမ်းဝင် သွားခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အိမ်ရှင်လာဇီယိုအသင်းဟာ အသလက်တီကိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေချိန် ပွဲပြီးဆုံးဖို့ နောက်ဆုံး စက္ကန့်ပိုင်းအလိုမှာ ပရိုဗီဒယ်လ်ဟာ အယ်လ်ဘာတိုရဲ့ ဖြတ်တင်ပေးမှုကို ခေါင်းတိုက် အဆုံးသတ် ပေးခဲ့တာပါ။
အဲ့ဒါကြောင့် ပွဲချိန် ၂၉ မိနစ်မှာကတည်းက ဦးဆောင်ဂိုး သွင်းယူထားတဲ့ အသလက်တီကို အသင်းဟာ လာဇီယိုအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ရမှတ် ၁ မှတ်စီ ခွဲဝေယူခဲ့ရတာ ဖြစ်ပါတယ်။
ပရိုဗီဒယ်လ်ဟာ အသလက်တီကိုအသင်းရဲ့ ကန်သွင်းချက်တွေကို ကာကွယ်နိုင်ခဲ့သလို အသင်းအတွက် အဖိုးတန် ချေပဂိုးကိုပါ သွင်းယူနိုင်ခဲ့လို့ လာဇီယိုအသင်းရဲ့ ဟီးရိုးသဖွယ် ဂုဏ်ပြုခြင်းခံခဲ့ရတာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ပရိုဗီဒယ်လ်ဟာ ချန်ပီယံလိဂ်သမိုင်းမှာ ၄ ဦးမြောက် ဂိုးသွင်းယူတဲ့ ဂိုးသမားဖြစ်လာခဲ့ပြီး သူမတိုင်ခင် ဂျော့ဘတ်၊ ဘိုလတ်နဲ့ အန်ယီမာတို့ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

ဂိုးသွင်းပြီး ပရိုဗီဒယ်လ် အောင်ပွဲခံနေစဉ်
အန်ယီမာဟာ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာက နောက်ဆုံး သွင်းယူခဲ့တဲ့သူဖြစ်လို့ ချန်ပီယံလိဂ်မှာ ဂိုးသမားတစ်ဦးရဲ့ သွင်းဂိုးကို ၁၃ နှစ်အကြာမှ ပြန်လည်မြင်တွေ့ခွင့်ရခဲ့တာပါ။
ဒါ့အပြင် ပရိုဗီဒယ်လ်ဟာ ပင်နယ်တီနဲ့ မဟုတ်ဘဲ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ဂိုးသမားလည်း ဖြစ်ခဲ့ပါတယ်။
ပရိုဗီဒယ်လ်ဟာ ၂၀၂၀ ခုနှစ်က ဂျူဗီစတာဘီယာမှာ ကစားချိန်ကလည်း အက်စ်ကိုလီအသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်း ယူနိုင်ခဲ့လို့ ဒီဂိုးဟာ သူ့ရဲ့ ကစားသမားဘဝ ဒုတိယမြောက်သွင်းဂိုး ဖြစ်ခဲ့တာပါ။
ပရိုဗီဒယ်လ်ကတော့ ဒီ ၂ ဂိုးစလုံးက သူ့အတွက် အလွန်အရေးပါတဲ့ သွင်းဂိုးတွေဖြစ်ပြီး၊ အများကြီး အဓိပ္ပါယ် ရှိတယ်လို့ ပြောခဲ့ပါတယ်။
လာဇီယိုအသင်းဟာ အသလက်တီကိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် စီးရီးအေပြိုင်ပွဲမှာ တော့ ရလဒ်တွေဆိုးနေပြီး ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင်၊ ၃ ပွဲရှုံးနိမ့်ထားတာပါ။
လာဇီယိုအသင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ စီးရီးအေပွဲစဉ်အဖြစ် မွန်ဇာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 682
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ပြောသွားခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ဘတ်ပီက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ၊ ကျနော့်ကို ယုံကြည်ပါ။ သူ့ရဲ့နည်းစနစ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုထက် ပိုပြီးသဘောကျတဲ့ အရာက သူ့ရဲ့ လူသားအရည်အသွေးပါ။ သူ့ကို အဝတ်လဲခန်းထဲမှာ ထားရတာကို ဝမ်းသာပါတယ်။ သူဟာ မျက်နှာမှာ အမြဲတမ်းပြုံးရွှင်နေတဲ့ ခေါင်းဆောင်တစ်ဦးပါ”လို့ ပြောခဲ့တာ ပါ။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းက ဒေါ့မွန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်း အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဟာကီမီက ဒုတိယဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လူးဝစ်အင်းနရစ်ကို တွေ့ရစဉ်
ပြင်သစ်တိုက်စစ်မှူးဟာ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးပေမယ့် ချန်ပီယံလိဂ် ၆၂ ပွဲမှာ ၄၁ ဂိုးအထိ သွင်းယူ ထားပြီး ခြေစွမ်းပြသနေတာပါ။ အဲ့ဒါကြောင့် လူးဝစ်အင်းနရစ်က ဘတ်ပီကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ အခုနှစ် ဘောလုံးရာသီ မစတင်ခင်က ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကိစ္စကြောင့် တင်းမာမှုတွေရှိခဲ့ပြီး ရာသီကြို ခြေစမ်းခရီးစဉ်က ချန်လှပ်ခံခဲ့ရသလို အသင်းနဲ့လေ့ကျင့်ခန်းဆင်းခွင့်ပါ ပိတ်ပင်ခံခဲ့ရပါတယ်။
ဒါပေမယ့် ပီအက်စ်ဂျီနဲ့ ဘတ်ပီတို့အကြား ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ အခြေအနေတွေဟာ ပြောင်းလဲသွား ခဲ့ပြီး ဘတ်ပီရဲ့ ခြေစွမ်းတွေကို ပြန်လည်မြင်တွေ့ခွင့် ရခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားအပြီး ၈ ဂိုး သွင်းယူထားတာပါ။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်မှာ ဒေါ့မွန်အသင်းကို အနိုင်ရထားပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်းပွဲမှာ နိုက်စ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်း ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး လာမယ့်ပွဲစဉ်အဖြစ် မာဆေးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 859
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉
ဘရန်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေး ကို မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ်ဆိုရင် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချနိုင်တယ်လို့ ပြောခဲ့ ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ကျနော်တို့ကတော့ မှန်ကန်တဲ့ဈေးနှုန်းရရင် ရောင်းချသွားမယ့် အသင်းပါ။ ကစားသမား တွေဟာ ထိပ်တန်းကလပ်ဆီ သွားဖို့အတွက် လုံလောက်တဲ့ သက်သေပြမှုတွေရှိခဲ့ရင် ဒါကို မှန်ကန်ဈေးနှုန်းပဲလို့ ကျနော်ထင်ပါတယ်။ ဒါက အိုင်ဗန်တိုနေးနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သူနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ အမျိုးမျိုးရှိတယ်ဆိုတာကို ကျနော်နားလည်ပါတယ်။ သူက ကျနော့်အတွက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ”လို့ Sky Sports ရဲ့Monday Night Football မှာ ပြောခဲ့တာပါ။
အိုင်ဗန်တိုနေးဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုး ၂၀ သွင်းယူခဲ့ပေမယ့် လောင်းကစား နဲ့ ပတ်သက်တဲ့ စည်းမျဉ်းအများအပြားကို ချိုးဖောက်ခဲ့တာကြောင့် ၈ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

အိုင်ဗန်တိုနေးကို တွေ့ရစဉ်
အသက် ၂၇ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ စက်တင်ဘာ ၁၈ ရက်က ဘရန်ဖို့ဒ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ပေမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ အသင်းနဲ့အတူ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။
တိုက်စစ်ပိုင်း လိုအပ်ချက်တွေရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ အိုင်ဗန်တိုနေးကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
အဲ့ဒါကြောင့် ဘရန်ဖို့ဒ် အသင်းနည်းပြ သော်မတ်စ်ဖရန့်ခ်က ချယ်လ်ဆီးအသင်းအနေနဲ့ အိုင်ဗန်တိုနေးအတွက် သူတို့ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေးမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်က ပီတာဘရော့အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အိုင်ဗန်တိုနေးဟာ ဘရန်ဖို့ဒ်အသင်းအတွက် ၁၂၄ ပွဲ ပါဝင်ကစားထားပြီး ၆၈ ဂိုး သွင်းယူထားပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 724
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉
တိုက်စစ်မှူး ဟာရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တွေ့ဆုံရမယ့် ယူနိုက်တက် အသင်းဆီကနေ အန္တရာယ်ရှိတဲ့တုံ့ပြန်မှုတွေကြုံတွေ့လာရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ဟာရီကိန်းက “ဒီပွဲက ခက်ခဲမယ့်ပွဲပါ။ ယူနိုက်တက်က အခုအချိန်မှာ ခက်ခဲတဲ့ကာလကို ဖြတ်သန်းနေရတယ် ဆိုတာကို ကျနော်သိပါတယ်။ ဒါပေမယ့် ဒီလိုအသင်းတွေက ကြီးကြီးမားမားနဲ့ ပြန်လာနိုင်ဖို့အတွက် မျှော်လင့် နေတာကြောင့် အန္တရာယ်များနိုင်ပါတယ်။ ချန်ပီယံလိဂ်က အမြဲတမ်းထူးခြားပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပထမဆုံးပွဲမှာ အဆင်ပြေနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားသလို ဒဏ်ရာပြဿနာ တွေအပြင် ဆန်ချို၊အန်တိုနီတို့ရဲ့ အဖြစ်အပျက်တွေကိုလည်း ဖြေရှင်းနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ပေါင်သန်း ၁၀၀ ကျော်နဲ့ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဟာရီကိန်းကတော့ ယူနိုက်တက်အသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ရမယ်လို့ ယုံကြည်နေတာပါ။

ယူနိုက်တက်အသင်းဟာ လုပ်ခ်ရှော၊ ဗာရန်း၊ အမ်ရာဘတ်၊မေဆန်မောင့်၊မာလာစီယာ၊ ဝမ်ဘစ်ဆာကာ၊ အာမတ်နဲ့ တွမ်ဟီတန်တို့ကို ဒဏ်ရာတွေကြောင့် ဆုံးရှုံးထားရပြီး နည်းပြ အဲရစ်တန်ဟတ်က မေဆန်မောင့်နဲ့ ဗာရန်းတို့ ပြန် ကစားနိုင်ဖို့ နီးစပ်နေပြီလို့ ပြောထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ဟာရီကိန်းကလည်း ဘွန်ဒစ်လီဂါပွဲစဉ် ၄ ပွဲမှာ ၄ ဂိုးသွင်းယူထားတာပါ။
ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၁ ကြိမ်တွေ့ဆုံထားပြီး ဘိုင်ယန်မြူးနစ်က ၄ ကြိမ်အနိုင်ရရှိကာ ယူနိုက်တက်အသင်းက ၂ ကြိမ်သာအနိုင်ရပြီး သရေရလဒ်က ၅ ကြိမ်ထွက်ပေါ်ထားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 637
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉
စပိန်အမျိုးသမီးကစားသမားတွေဟာ နိုင်ငံအသင်းရဲ့နောက်ဆုံးထုတ်ပြန်တဲ့ လူစာရင်းမှာ ခေါ်ယူခြင်း ခံထားရပေမယ့် ဆက်ပြီးသပိတ်မှောက်တယ်လို့ ပြောလိုက်ပါတယ်။
စပိန်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းလူစာရင်းထဲက ၁၅ ဦးကို လာမယ့်နေရှင်းလိဂ်ပြိုင်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ ရူဘီယာလက်စ်က ဟာမိုဆိုကို နမ်းခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကို ကစားသမား ၈၁ ဦးပါတဲ့ အစုအဖွဲ့က သပိတ်မှောက်မှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရူဘီယာလက်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမား ၂၃ ဦးထဲက ၂၁ ဦးအပါအဝင် ကစားသမားစုစုပေါင်း ၃၉ ဦးဟာ စပိန် ဘောလုံးအဖွဲ့ချုပ်ကို ပြောင်းလဲမှုတွေမလုပ်မချင်း သပိတ်မှောက်မှုကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောထားခဲ့တာပါ။ စပိန်အမျိုးသမီးအသင်းဟာ လာမယ့်နေးရှင်းလိဂ်ပွဲတွေအတွက် ထုတ်ပြန်ခဲ့တဲ့ ကစားသမားစာရင်းထဲမှာ ဟာမိုဆိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။
စပိန်အသင်းရဲ့လူစာရင်းထွက်ပေါ်လာပြီးနောက် ကစားသမားတွေက သပိတ်မှောက်မှုဟာ ဆက်ပြီး တည်ရှိ နေဦးမှာ ဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ စပိန်အမျိုးသမီးအသင်းကို နည်းပြသစ်အဖြစ် မွန်ဆီတိုမဲက ကိုင်တွယ်နေတာဖြစ်ပြီး သူမဟာ စပိန်အမျိုးသမီးအသင်းကို ကိုင်တွယ်တဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ကစားသမားတွေအနေနဲ့ လက်ရွေးစင်အသင်းထံ ပြန်သွားဖို့ တိုက်တွန်းခဲ့ပြီး ကစားသမားတွေအနေနဲ့ ရွေးချယ်ခံရမယ်ဆိုရင် ကစားပေးဖို့ တာဝန်ရှိတယ်လို့ ပြောထားခဲ့တာပါ။စပိန်အသင်း ဟာ နေရှင်းလိဂ်ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၂၂ ရက်မှာ ဆွီဒင်၊ ၂၆ ရက်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 713
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉
ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းအတွက် ဆုဖလားကို ကာကွယ်ရတာက ပထမဆုံးအကြိမ် ရယူတာထက် ပိုပြီးလွယ်ကူတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက် ပါတယ်။
ဂွာဒီယိုလာက “ ပထမဆုံးအကြိမ် ဆုဖလားကို ရယူဖို့က ခက်ခဲတာဖြစ်ပြီး ကာကွယ်ဖို့ကတော့ ပိုပြီးလွယ်ကူပါ တယ်။ ကျနော်တို့ကလပ်အတွက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။ ချန်ပီယံလိဂ်ဖလားကို ၁ ကြိမ်ပဲ ရယူနိုင်ခဲ့တဲ့ အသင်းတွေကလည်း အများကြီးပါပဲ။ တစ်ကြိမ်ပဲ ရယူတာနဲ့ ဒီပြိုင်ပွဲမှာ ထူးထူးခြားခြား လုပ်နိုင်တယ်လို့ မဆိုချင်ပေမယ့် ကျနော်တို့အတွက် အလွန်ဂုဏ်ယူရပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို အသင်းသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလား အပါအဝင် ပရီးမီးယားလိဂ်နဲ့ FA ဖလားကိုပါ ရယူနိုင်ခဲ့တာ ကြောင့် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်ပြီးကြည့်ရှုခဲ့ခြင်း မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းနောက်ခံလူ ဝေါလ်ကာက သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် အောင်မြင်မှုကို သာယာနေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဝေါလ်ကာက “ကျနော်တို့လုပ်ခဲ့တဲ့ ရာသီက ပြီးသွားပါပြီ၊ အခုရာသီသစ်ပါ။ နည်းပြက ကျနော်တို့ကို တောင်အောက်မှာ ထားခဲ့ပြီး တောင်ထပ်တက်ရမယ်လို့ ပြောခဲ့ပါတယ်”လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု G မှာ ကာဗီနာ၊ လိုက်ပ်ဇစ်၊ ယန်းဘွိုင်းစ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: BBC
