
- By CNI
- Category: အားကစား
- Hits: 669
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်ကစားသမား ပေါ့ဘာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် အာဆင်နယ်အသင်းကွင်းလယ်လူ ပါတေးကို အစားထိုးခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲကစားခွင့် ယာယီပိတ်ပင်ခံထားရပြီး တားမြစ်ဆေးအမှန်တကယ် သုံးစွဲကြောင်းတွေ့ရမယ်ဆိုရင် ၄ နှစ်ကြာအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်တာပါ။ ပေါ့ဘာဟာ ဂျူဗင်တပ်စ် အသင်းက အူဒီးနီးစ်အသင်းကို အနိုင်ရတဲ့ပွဲအပြီး ဆေးစစ်မှုပြုလုပ်ခဲ့တာမှာ တားမြစ်ဆေးသုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာအနေနဲ့ ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုရင် စာချူပ်ဖျက်သိမ်းဖို့တောင် စီစဉ်နေတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားတာပါ။
ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို စာချူပ်ဖျက်သိမ်းပြီးရင် အစားထိုးမယ့် ကစားသမားစာရင်းကို ပြုစုနေပြီး ဒီထဲမှာ အာဆင်နယ်အသင်းကွင်းလယ်လူ ပါတေးလည်း ပါဝင်နေတာဖြစ်ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကတည်းက ဂျူဗင်တပ်စ်အသင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် အာဆင်နယ်အသင်းက မရောင်းချ ခဲ့တာကြောင့် လန်ဒန်ကလပ်မှာ ဆက်ပြီး ရှိနေခဲ့တာပါ။
ဂါနာကွင်းလယ်လူဟာ လက်ရှိအချိန်မှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး မကြာခင်အချိန် အတွင်းမှာ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ ပါတေးဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပွဲအစ ၃ ပွဲစလုံး အာဆင်နယ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ကွင်းလယ်နေရာထက် ညာနောက်ခံလူနေရာမှာ ကစားခဲ့ရတာဖြစ်ပါတယ်။
ပေါ့ဘာကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဂျူဗင်တပ်စ်အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ တစ်ရာသီလုံး ၁၀ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ၅၂ မိနစ်သာ အသင်းအတွက် ပါဝင် ကစားပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့ စာချူပ် ဖျက်သိမ်းရမယ့် အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 812
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
နည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ ပွဲကစားခွင့်တွေ ဆုံးရှုံးနေတဲ့ နောက်ခံလူ မက်ဂွဲယားက ယူနိုက်တက် အသင်းအတွက် ပွဲကစားခွင့်တွေ ရချင်တယ်လို့ ပြောလိုက်ပါတယ်။
မက်ဂွဲယားက “ကျနော်ကလပ် အသင်းအတွက် ဘောလုံးကစားချင်ပါတယ်။ ပထမ ၄ ပတ်မှာ ၁ ပွဲသာ ကစားခဲ့ ရလို့ ကျနော့်အတွက် ခက်ခဲပါတယ်။ နည်းပြ အဲရစ်တန်ဟတ်က ကျနော့်ကို မရွေးချယ်ခဲ့ပါဘူး။ ဒါပေမယ့် အခု ယူနိုက်တက်က ပွဲတွေအများကြီး ကစားရတော့မှာ ဖြစ်တဲ့အတွက် ကျနော်ပွဲတွေ အများကြီး ကစားရမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့တာပါ။
မက်ဂွဲယားဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံခဲ့ရပြီး ဝက်စ်ဟမ်းအသင်းထံ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နောက်ခံလူတွေဖြစ်တဲ့ ဗာရန်း၊ လုပ်ခ်ရှောတို့ ဒဏ်ရာတွေကြောင့် အနားယူမှာဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းဟာ မက်ဂွဲယားကို မရောင်းချဘဲ အသင်းမှာ ဆက်ပြီးထားခဲ့တာပါ။
မက်ဂွဲယားကို တွေ့ရစဉ်
အင်္ဂလန်နောက်ခံလူဟာ ဒီရာသီမှာ မန်ယူနိုက်တက် အသင်းအတွက် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှသာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။
မက်ဂွဲယားကတော့ သူဟာ ယူနိုက်တက်အသင်းမှာ နေရတာ ပျော်ရွှင်ပြီး နေရာရဖို့အတွက် တိုက်ပွဲဝင်သွားမယ် လို့လည်း ပြောခဲ့တာပါ။
မက်ဂွဲယားက “ကျနော် ဒီမှာဆက်ရှိရတာကို ပျော်ရွှင်ပြီး ကျနော့်နေရာကို ပြန်လည်ရယူနိုင်ဖို့ အတွက်လည်း တိုက်ပွဲ ဝင်သွားမှာပါ။ ကျနော်ဟာ လေ့ကျင့်ချိန်မှာရော ကစားချိန်မှာပါ အရာအားလုံးကို ပေးသွားမှာပါ။ ကျနော် နွေရာသီတုန်းက အရာအားလုံးကို စဉ်းစားခဲ့ပြီး ရာသီအစပွဲစဉ် ၄ ပွဲစလုံးပွဲမစတင်ခဲ့ရပေမယ့် အခုအချိန်မှာ ကျနော့်အတွက် ပွဲကစားခွင့်တွေ ရလာတော့မယ်ဆိုတာ သိပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ၁၇၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူကာ ကာရာဘောင်းဖလား ချန်ပီယံဆု ရယူထားနိုင်ခဲ့ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 494
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
အီတလီကွင်းလယ်လူ ဗာရတ်တီဟာ ပီအက်စ်ဂျီအသင်းကနေ ယူရို ၄၅ သန်းနဲ့ ၃ နှစ်စာချုပ်ချုပ်ကာ ကာတာ ကလပ် အယ်လ်အာရာဘီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
ဗာရတ်တီဟာ အခုအပတ်ထဲမှာ အက်စတွန်ဗီလာကစားသမား ကော်တင်ဟိုပြီးနောက် ကာတာလိဂ်ကို ရောက်ရှိ လာတဲ့ ဒုတိယမြောက်ဥရောပရဲ့ ပုံရိပ်မြှင့်ကစားသမားဖြစ်လာခဲ့တာပါ။ ၂၀၁၂ ခုနှစ်က ပတ်စ်ကာရာအသင်းက နေ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိလာခဲ့တဲ့ ဗာရတ်တီဟာ ပြင်သစ်ကလပ်နဲ့အတူ လီဂူးဝမ်းဆုဖလား ၉ ကြိမ် အပါအဝင် ပြည်တွင်းဆုဖလား အောင်မြင်မှု အများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗာရတ်တီဟာ ဒီရာသီ ပီအက်စ်ဂျီအသင်းရဲ့ အစီအစဉ်မှာမပါဝင်တော့တာကြောင့် ထွက်ခွာခဲ့ရတာပါ။
ဗာရတ်တီက “ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပီအက်စ်ဂျီရဲ့အရောင်တွေကို ဝတ်ဆင်ခွင့်ရခဲ့တာကို ကျနော် အလွန်ဂုဏ်ယူမိပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့အတူ ဆုဖလားပေါင်း ၃၀ ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ အသင်းရဲ့ပရိသတ်တွေဟာ ကျနော့်နှလုံးသားရဲ့တစ်နေရာမှာ အမြဲတမ်းရှိနေမှာပါ။ ကျနော်က ထာဝရ ပီအက်စ်ဂျီအသင်းပရိသတ်ဖြစ်နေမှာပါ” လို့ ပြင်သစ်ကလပ်ရဲ့ ဝက်ဘ်ဆိုက်ကို ပြောခဲ့တာဖြစ်ပါတယ်။
ဗာရတ်တီကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ပိတ်တဲ့ စက်တင်ဘာ ၇ ရက်အထိ ဘယ်အသင်းကမှ ခေါ်ယူခဲ့ခြင်းမရှိတာကြောင့် ကာတာကလပ် အယ်လ်အာရာဘီ အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ ဗာရတ်တီဟာ အယ်လ်အာရာဘီအသင်းမှာ ပီအက်စ်ဂျီအသင်းဖော်ဟောင်း ရာဖင်ဟာနဲ့ အတူတွဲပြီး ပြန်ကစားရတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ အသင်းဖော်တွေအဖြစ် ရှိခဲ့ကြတာပါ။
အယ်လ်အာရာဘီအသင်းဟာ အခုနှစ်ဘောလုံးရာသီ ကာတာလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးသရေရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 552
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄
လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ဟာ လစ်လပ်နေတဲ့ ဂျာမနီအသင်းနည်းပြရာထူးကို ကိုင်တွယ်သွားမှာ မဟုတ်ဘူးလို့ အေးဂျင့်ဖြစ်သူ မာခ့်ကိုဆစ်က ပြောလိုက်ပါတယ်။
မာခ့်ကိုဆစ်က “ကလောပ့်ဟာ လီဗာပူးလ်အသင်းနဲ့ ကာလရှည်စာချုပ်ရှိနေတဲ့အတွက် နိုင်ငံအသင်းရဲ့ နည်းပြ ရာထူးကို ကိုင်တွယ်သွားမှာမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။
ဂျာမနီအသင်းဟာ ၁၆ လကြာကိုင်တွယ်ခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် နည်းပြသစ်တစ်ဦးကို ရှာဖွေမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာ ရူဒီဖောင်လာ က ကလောပ့်ကို နည်းပြလောင်းတစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပေမယ့် အေးဂျင့်ဖြစ်သူရဲ့ ပြောဆိုမှုကြောင့် မျှော်လင့်ချက်တွေ ပျက်ပြယ်သွားနိုင်တာပါ။
လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ဟာ ဂျာမနီလက်ရွေးစင်အသင်းကို အနာဂတ်မှာ ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ထားပြီး လက်ရှိအချိန်မှာ အန်ဖီးလ်ကလပ်အသင်းနဲ့အတူ အောင်မြင်မှုတွေပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကလောပ့်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသေးတာပါ။ အဲဒါကြောင့် ဂျာမနီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း နာဂျယ်လ် စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
နာဂျယ်လ်စမန်းဟာ ပြီးခဲ့တဲ့မတ်လက ဘိုင်ယန်မြူးနစ်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတာပါ။ ဒါပေမယ့် ဂျာမနီအသင်းဟာ လက်ရှိအချိန်မှာ နည်းပြသစ် မခန့်အပ်ရခင်အချိန်ထိ ရူဒီဖောင်လာက ယာယီနည်းပြ အဖြစ်တာဝန်ပေးထားတာဖြစ်ပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ဂျာမနီအသင်းဟာ ရူဒီဖောင်လာ ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ ပြင်သစ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ယူကာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ စက်တင်ဘာ ၁၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ကလောပ့်ဟာ ဒီပွဲအတွက်အသင်းကို ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 617
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
မန်စီးတီးအသင်းရဲ့ ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်လူ ကိုဗာဆစ်ဟာ နောက်ကျောဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ကိုဗာဆစ်ဟာ ကြွက်သားပြဿနာ ရှိနေတဲ့အတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေဖြစ်တဲ့ လတ်ဗီးယား၊ အာမေးနီးယား အသင်းတို့နဲ့ပွဲမှာ ခရိုအေးရှားအသင်းအတွက် ပါဝင် မကစားနိုင်ခဲ့ပါဘူး။
အသက် ၂၉ နှစ်အရွယ်ရှိ ကစားသမားဟာ ဒဏ်ရာ အခြေအနေကို MRI စကန်ဖတ် စစ်ဆေးမှုကို ခံယူရမှာဖြစ်ပြီး ၁၀ ရက် ဒါမှမဟုတ် ဒီထက်ပိုပြီး အနားယူရနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
ကိုဗာဆစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းကနေ ပေါင် ၂၅ သန်းနဲ့ မန်စီးတီးအသင်း ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ကိုဗာဆစ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၆ ပွဲ ပါဝင်ကစားပြီးနောက် ဒဏ်ရာကြောင့် အနားယူ ရမှာက အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။
ကိုဗာဆစ်ကို တွေ့ရစဉ်
မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကလည်း ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူပြီး အနားယူနေရ တဲ့အတွက် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်းဟာ ကွင်းလယ်ပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဝုလ်ဗ်စ်အသင်းကနေ ခေါ်ယူထားတဲ့ မာသီးယက်စ်နူနက်စ် ရှိနေတာကြောင့် မန်စီးတီးအသင်းအတွက် အနည်းငယ် စိတ်သက်သာရာ ရနိုင်တာပါ။
ကိုဗာဆစ်ကတော့ ဒဏ်ရာကြောင့် အခုတစ်ပတ် ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ရိုဒရီ၊ မာသီးယက်စ်နူနက်စ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို ကွင်းလယ် အတွဲအဖက်အဖြစ် ပွဲထွက်လာဖွယ် ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 641
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
ယူနိုက်တက်အသင်းဟာ အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ Snapdragon နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူပြီးနောက် အင်္ကျီစပွန်ဆာအသစ်ကို ကြေညာလိုက်ပါတယ်။
Snapdragon ဟာ ယူနိုက်တက်အသင်းရဲ့ တရားဝင်ရင်ဘတ်စပွန်ဆာဖြစ်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ နည်းပညာကုမ္ပဏီ Qualcomm ရဲ့ ကုမ္ပဏီခွဲဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိစပွန်ဆာဖြစ်တဲ့ TeamViewer နဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပြီး နောက် အင်္ကျီစပွန်ဆာအသစ်တွေကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စက်တင်ဘာ ၁၂ ရက်က အင်္ကျီစပွန်ဆာအသစ်ကို အတည်ပြုခဲ့တာကြောင့် အသင်းရဲ့ အင်္ကျီရင်ဘတ်မှာ Snapdragon အမှတ်တံဆိပ်တွေကို မြင်တွေ့ရတော့မှာပါ။
၂၀၂၄-၂၅ ဘောလုံးရာသီကစတင်ပြီး Snapdragon အမှတ်တံဆိပ်တွေဟာ ယူနိုက်တက်အသင်းရဲ့ အမျိုးသားနဲ့ အမျိုးသမီးအသင်းဝတ်ဆင်မယ့် အိမ်ကွင်း၊အဝေးကွင်းနဲ့ တတိယဝတ်စုံတွေမှာ ပါဝင်လာတော့မယ်လို့ မန်ချက်စတာကလပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းနဲ့ Snapdragon တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အသင်းဟာ တစ်နှစ်ကို ကမ္ဘာ့စံချိန်တင် ပေါင် သန်း ၆၀ ရရှိမှာဖြစ်ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ရင်ဘတ်စပွန်ဆာဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုနှစ် ဘောလုံးရာသီအကုန်ထိ TeamViewer အမှတ်တံဆိပ်ပါ ယူနိုက်တက်အသင်းအင်္ကျီတွေကို ဆက်ပြီး မြင်တွေ့ရဦးမှာပါ။ ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုကို ကန့်ကွက် ဆန္ဒပြ နေချိန်မှာ တန်ဖိုးမြင့်အင်္ကျီစပွန်ဆာသဘောတူညီရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းပရိသတ်တွေဟာ ပိုင်ရှင်အသစ်ကို မြင်တွေ့ချင်နေကြပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်း က စတင်ခဲ့တဲ့ အသင်းကို ရောင်းချမယ့်လုပ်ငန်းစဉ်တွေဟာ မဖြစ်မြောက်သေးတာကြောင့် စိတ်ပျက်နေကြပါ တယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 758
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဘိုလီးဗီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်မှာ မက်ဆီဟာ ကစားဖို့ အဆင်သင့်မဖြစ်ခဲ့တဲ့အတွက် အသုံးမပြုခဲ့တာလို့ ပြောလိုက် ပါတယ်။
စကာလိုနီက “မက်ဆီဟာ ကစားဖို့အဆင်သင့်မဖြစ်သေးပါဘူး။ မနေ့ကတုန်းက သူအနည်းငယ်လှုပ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် သူအဆင်မပြေသလိုခံစားခဲ့ရပါတယ်။ အဲဒါကြောင့် ကျနော်တို့သူ့ကို မစွန့်စားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်တဲ့အတွက် အရန်ခုံကနေ သူလူစားဝင်ကစားမယ်ဆိုရင်တောင် ဒဏ်ရာရ သွားနိုင်မယ့် အခြေအနေမှာရှိနေပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းက ဘိုလီးဗီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီဟာ အရန်လူစာရင်းမှာ တောင် မပါဝင်ခဲ့ပါဘူး။ မက်ဆီဟာ ပြီးခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပေမယ့် သူ့ကို လူစားလဲပေးဖို့ နည်းပြကို တောင်းဆိုခဲ့တာပါ။ အီကွေဒေါအသင်းနဲ့ ပွဲအပြီးမှာ မက်ဆီက သူဟာ အနည်းငယ်ပင်ပန်းနေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဆီမပါဝင်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်၊တာဂလီယာဖီဂိုနဲ့ နီကိုလက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ဒီပွဲမှာဝါရင့်ကစားသမား ဒီမာရီယာက အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ခြေစွမ်းပြသသွားကာ နိုင်ငံရဲ့အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် မေဂျာလိဂ်ပွဲစဉ်ဖြစ်တဲ့ အတ္တလန်တာ အသင်းနဲ့ ကစားမယ့်ပွဲမှာတော့ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။ မက်ဆီဟာ အင်တာ မိုင်ယာမီအသင်းအတွက် ပါဝင်ကစားထားတဲ့ ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းယူထားပြီး အသင်းကို မေဂျာလိဂ် ပလေးအော့ဖ် အဆင့် ဝင်ခွင့်ရရှိအောင်လုပ်ပေးနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 844
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က နောက်ခံလူ မက်ဂွဲယားအပေါ်ပြုမူဆက်ဆံနေတဲ့ ပုံစံတွေအပေါ် ရှုတ်ချလိုက်ပြီး ယူနိုက်တက်နောက်ခံလူရင်ဆိုင်နေရတဲ့ဝေဖန်မှုတွေက ဟာသပဲလို့ ပြောလိုက်ပါတယ်။
ဆောက်ဂိတ်က “ဒီလိုပုံစံနဲ့ ကစားသမားတစ်ဦးအပေါ် ပြုမူဆက်ဆံနေတာကို ကျနော်တစ်ခါမှ မသိခဲ့ဖူးပါဘူး။ ကျနော်တို့အတွက် ဆယ်စုနှစ်အတွင်း ဒုတိယအောင်မြင်မှုအရှိဆုံးအင်္ဂလန်အသင်းမှာ သူဟာ တကယ်ကို အားထားရတဲ့သူပါ။ သူက ကျနော်တို့ရဲ့ အဓိကအစိတ်အပိုင်းလည်းဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ ရှိတဲ့ စီနီယာ ကစားသမားတွေရဲ့ အရေးပါမှုကို ပြောခဲ့ပြီးပြီဖြစ်ပြီး သူဟာ ဒီထဲမှာပါဝင်ပါတယ်။ ကွင်းထဲမှာ ရှိတဲ့အချိန်တိုင်း သူ့ရဲ့ခံနိုင်ရည်ဟာမယုံနိုင်လောက်အောင်ပါပဲ။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး ကျနော်တို့အားလုံး သူနဲ့ အတူရှိပါတယ်” လို့ ပြောခဲ့တာပါ။
မက်ဂွဲယားဟာ အင်္ဂလန်ကစားသမားဘ၀ ပွဲပေါင်း ၅၉ ပွဲမြောက်အဖြစ် စကော့တလန်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းက စကော့တလန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဂွဲယားဟာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် လှောင်ပြောင်မှုတွေခံခဲ့ရတာပါ။ မက်ဂွဲယားဟာ ကလပ်နဲ့ နိုင်ငံအသင်းမှာ မကြာခဏဆိုသလို အမှားအယွင်းတွေပြုလုပ်လေ့ရှိတဲ့အတွက် လှောင်ပြောင်မှုတွေ ခံနေရတာဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ကူညီပေးခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန် နေရတာပါ။ မက်ဂွဲယားဟာ အခုနှစ်ဘောလုံးရာသီ မစတင်ခင်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ် ခဲ့ရသလို ရောင်းချခံရဖို့အထိ ရှိခဲ့ပေမယ့် နောက်တန်းကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ယူနိုက်တက် အသင်းမှာ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။
မက်ဂွဲယားဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းအစမှ လူစားလဲဝင်ရောက်လာပြီး ပွဲချိန် ၆၇ မိနစ်မှာ ကိုယ့်ဂိုးကိုယ် မသွင်းယူခင် စကော့တလန်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။
ဆောက်ဂိတ်က “စကော့တလန်ပရိသတ်တွေရဲ့အမြင်ကနေ ကျနော်နားလည်ပါတယ်။ ဒီလိုလုပ်တာက ဟာသတစ်ခုပါပဲ။ စကော့တလန်ပရိသတ်တွေတင်မဟုတ်ပါဘူး။ ပွဲအစီအစဉ်တင်ဆက်သူတွေနဲ့ ဝေဖန်သုံးသပ်သူ တွေလည်း ဒီလိုပဲလုပ်နေကြတာပါ။ မက်ဂွဲယားကတော့ ဝေဖန်မှုတွေကို အကောင်းဆုံးပဲတုံ့ပြန်သွားခဲ့ပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။
၂၀၁၇ မှာ အင်္ဂလန်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဂွဲယားဟာ နိုင်ငံအသင်းအတွက် ၅၉ ပွဲပါဝင်ကစား အပြီးမှာ ၇ ဂိုးသွင်းယူထားပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 688
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ရီးရယ်လ်အသင်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို လာမယ့်နှစ် နွေရာသီမှာ အလွတ်နဲ့ မခေါ်ယူခင် ဇန်နဝါရီမှာ အကြိုစာချုပ်ချုပ်ဆိုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ရီးရယ်လ်အသင်းဟာ ဘတ်ပီအတွက် ပေါင်သန်း ၂၀၀ ကို ဖယ်ထားတာဖြစ်ပြီး ဒီငွေပမာဏထဲမှာ ကစားသမားရဲ့ လုပ်ခလစာနဲ့ လက်မှတ်ထိုးကြေးတို့ ပါဝင်တယ်လို့ Sport သတင်းမှာ ဖော်ပြထားပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ် ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘတ်ပီဟာ အစောပိုင်းထဲက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားပေမယ့် ပြင်သစ်ကလပ်ကတော့ ပြောင်းရွှေ့ကြေး ရရှိနိုင်စေဖို့အတွက် စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေတာပါ။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ စာချုပ်ကိစ္စကြောင့် တင်းမာမှုတွေ ရှိခဲ့ပေမယ့် ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်အပြီးမှာ ကစားသမားကို ထုတ်ပယ်ထားတဲ့ အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ပီအက်စ်ဂျီအသင်းကလည်း ဘတ်ပီ ပြန်လည်ပါဝင်လာတဲ့ ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပြီး ပြင်သစ်အသင်း ခေါင်းဆောင်ဟာ လီဂူးဝမ်းပွဲစဉ် ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားတာပါ။
ပြင်သစ်ကလပ်ဟာ ဘတ်ပီကို ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုမယ့် အချက်ပါ ထည့်သွင်းပြီး စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေတာလို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းကလည်း ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဘန်ဇီမာရဲ့ နေရာမှာ ဘတ်ပီကို အစားထိုးဖို့ ရည်ရွယ်ထားတာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး နေရာအတွက် စပိန်လက်ရွေးစင် ဟိုဆေးလူကို အငှားနဲ့သာ ခေါ်ယူခဲ့တာပါ။
နောက်ဆုံး သတင်းတွေမှာ ရီးရယ်လ်အသင်းဟာ ဘတ်ပီကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် မန်စီးတီးအသင်း တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 541
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
မြန်မာအသင်းနည်းပြ မိုက်ကယ်က နီပေါအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲအပြီးမှာ အသင်းအတွက် အကောင်း ဆုံး ကစားနိုင်တဲ့သူတွေကိုပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ်သွားမယ်လို့ ပြောလိုက်ပါတယ်။
မိုက်ကယ်က “နီပေါအသင်းဟာ အရင်ကထက် တိုးတက်လာပြီး အခုမျိုးဆက်က ကွဲပြားခြားနားတဲ့ ခြေစွမ်းရှိတာ ကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းနိုင်ရင် ပွဲက တစ်မျိုးဖြစ်သွားမှာဖြစ်ပြီး ဂိုးမသွင်း နိုင်လို့ ကစားရခက်ခဲ့ပါတယ်။ ကျနော့်အသင်းမှာ ကစားသမားအချို့ ကြံ့ခိုင်မှုပိုင်း ပြဿနာရှိနေပါတယ်။ ဒီပွဲ အပြီး သုံးသပ်မှုတွေ လုပ်ပါမယ်။ အကောင်းဆုံး ကစားနိုင်တဲ့သူတွေကိုပဲ လက်ရွေးစင် အသင်းအတွက် ရွေးချယ်သွားပါ မယ်”လို့ ပြောထားပါတယ်။
မြန်မာအသင်းဟာ နီပေါအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ ပြည်ပမှာ သွားရောက်နေတဲ့ ကစားသမားတွေ အပါအဝင် ပြည်တွင်းက အကောင်းဆုံး ကစားသမားတွေကို အသုံးပြုပြီး ယှဉ်ပြိုင်ခဲ့တာပါ။
မြန်မာအသင်း နည်းပြ မိုက်ကယ်ကို တွေ့ရစဉ်
ဒါပေမယ့် မြန်မာအသင်းဟာ နီပေါအသင်းရဲ့ ဖိကစားခြင်းကို ခံခဲ့ရပြီး ပထမခြေစမ်းပွဲမှာ ဂိုးမရှိ သရေကျခဲ့ကာ ဒုတိယခြေစမ်းပွဲမှာ တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ နောက်ကျသွင်းဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
နီပေါအသင်းကို အနိုင်ရခဲ့တဲ့ဟာ ဂျာမန်လူမျိုးနည်းပြ မိုက်ကယ်လက်ထက် မြန်မာအသင်းရဲ့ ဒုတိယမြောက် ခြေစမ်းပွဲ အနိုင်ရလဒ်လည်း ဖြစ်ခဲ့တာပါ။
မြန်မာအသင်းဟာ ဂျာမန်လူမျိုးနည်းပြ လက်ထက် ၆ ပွဲ ကစားထားအပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အောက်တိုဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလားခြေစစ်ပွဲ ပထမအဆင့်အဖြစ် မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မြန်မာအသင်းနဲ့ မကာအိုအသင်းတို့ဟာ အောက်တိုဘာ ၁၂ ရက်နဲ့ ၁၇ ရက်မှာ ခြေစစ်ပွဲအဖြစ် အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။