
- By CNI
- Category: အားကစား
- Hits: 609
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
ယူနိုက်တက်အသင်းနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ခြေဖဝါးဒဏ်ရာကို ဒုတိယအကြိမ်မြောက် ခွဲစိတ် ကုသမှုခံယူရမှာဖြစ်လို့ ၂၀၂၄ ခုနှစ်အထိ အနားယူရဖွယ်ရှိနေတယ်လို့ The Athletic က ဖော်ပြထားပါတယ်။
အာဂျင်တီးနားအသင်းနောက်ခံလူဟာ ခြေဖဝါးဒဏ်ရာကို နောက်ထပ်ခွဲစိတ်ကုသမှုခံယူပြီးရင် အနည်းဆုံး ၃ လကြာအနားယူရဖွယ်ရှိနေပြီး ခံစစ်ပိုင်းအခက်အခဲတွေရှိနေတဲ့ ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက် ချက်ဖြစ်လာခဲ့တာပါ။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ညာဘက်ခြေဖဝါးဒဏ်ရာကို ခွဲစိတ်ပြီးနောက် ၂ လနီးပါးကြာ အနားယူခဲ့ရပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ အခုနှစ်ဘောလုံးရာသီမစတင်ခင် ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေမှာ ပါဝင်ခဲ့ပြီး ပွဲတွေပါဝင်ကစားပေးခဲ့ပေမယ့် အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နာကျင်မှု တွေပြန်လည်ခံစားခဲ့ရတာပါ။ အာဂျင်တီးနားကစားသမားဟာ နာကျင်မှုခံစားခဲ့ရပေမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစား ပေးခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ယူနိုက်တက်အသင်းရဲ့ဆေးအဖွဲ့ဟာ ကာလရှည်ကြာခံစားနေရတဲ့ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေပြန်ကောင်းလာနိုင်စေဖို့ ခွဲစိတ်မှုထပ်မံခံယူဖို့က အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ လီဆန်ဒရိုမာတီနက်ဇ်အပါအဝင် လုပ်ခ်ရှော၊ မာလာစီယာ၊ ဝမ်ဘစ်ဆာကာ၊ ရယ်ဂီလွန်တို့ကလည်း ဒဏ်ရာတွေကြောင့် အနားယူနေရတဲ့အတွက် ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းအခက်အခဲတွေနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ အမ်ရာဘတ်ကို ဘယ်နောက်ခံနေရာမှာ အသုံးပြုနေရပြီး ဗဟိုခံစစ်မှာတော့ ဗာရန်း၊ လင်ဒီလော့ဖ်နဲ့ မက်ဂွဲယားတို့ကို အလှည့်ကျအသုံးပြုဖို့ ရှိနေတာပါ။ ယူနိုက်တက် အသင်းဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 875
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
စပါးအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ VAR ပြုလုပ်ခဲ့တဲ့ အမှားကြောင့် အားကစား ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ လီဗာပူးလ်အသင်းက ကြေညာချက် ထုတ်ပြန်ပြီး ပြောလိုက်ပါတယ်။
စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်း တောင်ပံကစားသမား ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာမှာ VAR ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ အင်္ဂလန်ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)က ပွဲအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အဲ့ဒါကြောင့် PGMOL က စပါးနဲ့ လီဗာပူးလ်အသင်း ပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ VAR တာဝန်ရှိသူတွေကို ဒီတစ်ပတ် ပွဲစဉ်တွေမှာ တာဝန်ပေးခြင်းကနေ အနားပေးခဲ့တာ ဖြစ်ပါတယ်။
PGMOL က ဂိုးမပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ လူသား အမှားဖြစ်တယ်လို့ ပြောခဲ့ပေမယ့် လီဗာပူးလ် အသင်းကတော့ ဒီရှင်းလင်းချက်ဟာ လက်ခံနိုင်စရာမရှိဘဲ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ သုံးသပ်ပေးဖို့ တောင်းဆိုထားပါတယ်။
လီဗာပူးလ်နဲ့ စပါး အသင်းယှဉ်ပြိုင်နေစဉ်
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က PGMOL ရဲ့ ထုတ်ပြန်ချက်ကြောင့် သူတို့ အမှတ်ရမှာ မဟုတ်တဲ့အတွက် ဒါဟာ အကူအညီ မဖြစ်ဘူးလို့ စပါးအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အခုအချိန်မှာတော့ လီဗာပူးလ်အသင်းကလည်း ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး တရားဝင် ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။
လီဗာပူးလ်အသင်းက “PGMOL က သူတို့ရဲ့ ကျရှုံးမှုတွေကို ဝန်ခံခဲ့တဲ့အပေါ် လီဗာပူးလ်အသင်းက အသိအမှတ်ပြု ပါတယ်။ ပွဲရဲ့ နိယာမတွေကို မှန်ကန်စွာ အသုံးမချနိုင်ခဲ့တဲ့အတွက် အားကစားဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆို တာ ရှင်းပါတယ်။ သိသာထင်ရှားတဲ့ လူသားအမှားလို့ ပြောခဲ့တာကို လက်ခံနိုင်စရာမရှိပါဘူး။ အဲ့ဒါကြောင့် အားလုံးကို သေချာသုံးသပ်ပြီး ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ပြန်လည်ချမှတ်သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ ပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရမှတ် ၁၆ မှတ်နဲ့ ရပ်တည်နေတာ ပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 650
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး လူကာကူက မဖြစ်မနေနိုင်ပွဲရယူရမယ့် ဖရိုစီနိုနီအသင်းနဲ့ပွဲမှာ နိုင်ပွဲရယူပြီးနောက် ရိုးမားအသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။
လူကာကူက “ဒီရက်ပိုင်းမှာ ကျနော်တို့နည်းပြနဲ့ စကားပြောခဲ့ပြီး ဒီပွဲကို အနိုင်ရဖို့ အရေးကြီးတယ်လို့ အချင်းချင်း ပြောခဲ့ကြပါတယ်။ ကျနော်တို့ဟာ ပွဲကောင်းတစ်ပွဲကို ကစားခဲ့ပြီး ၂ ဂိုးသွင်းနိုင်ခဲ့သလို ဂိုး မပေးရအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီအတိုင်းဆက်သွားကြပါမယ်။ ကျနော်တို့ဟာ ခက်ခဲတဲ့ အနေအထားမှာ ရှိတယ် ဆိုတာ သိပေမယ့် ရာသီက ရှည်လျားပြီး အခုလုပ်ခဲ့တဲ့ ပုံစံအတိုင်းဆက်သွားရမှာပါ” လို့ ပွဲအပြီး DAZN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ရိုးမားအသင်းဟာ ဖရိုစီနိုနီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လူကာကူနဲ့ ပယ်လီဂရီနီတို့က ဂိုးသွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ရိုးမားအသင်းအတွက် ဒီနိုင်ပွဲဟာ အခုနှစ်ဘောလုံးရာသီ စီးရီးအေ ပြိုင်ပွဲမှာ ဒုတိယမြောက်နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။ အသက် ၃၀ နှစ်အရွယ်ရှိ လူကာကူဟာ ဒီဂိုးကြောင့် ရိုးမား အသင်းအတွက် ပွဲပေါင်း ၆ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၄ ဂိုးသွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နည်းပြဘ၀ အဆိုးရွားဆုံးမှတ်တမ်းနဲ့ ရင်ဆိုင်နေရတဲ့ မော်ရင်ဟိုအတွက်လည်း ရိုးမားအသင်းရဲ့ နိုင်ပွဲကြောင့် သက်သာရာရစေခဲ့တာပါ။
မော်ရင်ဟိုက “နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ကြားရက်တုန်းကလို ရှုံးပွဲကြုံတွေ့သွားရင်တော့ လွယ်ကူမှာမဟုတ်ပါဘူး။ ပရိသတ်တွေဟာ ကျနော်တို့အသင်းကို ဆန့်ကျင်တယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ရပါဘူး။ သူတို့ရဲ့ အားပေးမှုတွေက ထူးခြားပါတယ်။ ကျနော်တို့ဟာ နိုင်ပွဲရသည်ဖြစ်စေ၊ နိုင်ပွဲမရသည်ဖြစ်စေ အသင်းလိုက်စည်းလုံးမှုရှိတယ်” လို့ ပြောခဲ့ပါတယ်။
ရိုးမားအသင်းဟာ ဖရိုစီနိုနီအသင်းကို အနိုင်ရခဲ့ပြီးနောက် လာမယ့်ကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆာဗတ်တီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Reuters
- By CNI
- Category: အားကစား
- Hits: 792
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁
MMA ဖိုက်တာ အန်ဂျလာလီဟာ စက်တင်ဘာ ၃၀ ရက်က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ONE Fight Night 14 ပွဲစဉ်မှာ MMA အားကစားနည်းကနေ အနားယူကြောင်း ကြေညာလိုက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါတယ်။
အန်ဂျလာလီဟာ အသက် ၁၉ နှစ် အရွယ်မှာကတည်းက ONE Championship ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ ပြီး အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်း တင်ထားနိုင်ခဲ့တာပါ။
ONE atomweight ချန်ပီယံ အန်ဂျလာလီဟာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း ပွဲတွေ ထိုးသတ်ခြင်း မရှိတော့ပါဘူး။ သူမရဲ့ ညီမဖြစ်သူ ဗစ်တိုးရီးယားလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကိုယ့်ကိုယ်ကို သတ်သေသွား ခဲ့တာ ဖြစ်ပါတယ်။
အန်ဂျလာလီဟာ သူ့ရဲ့ချန်ပီယံ ခါးပတ်ကို ပွဲထိုးသတ်တဲ့ နေရာရဲ့ အလယ်မှာ ချထားခဲ့ပြီးနောက် MMA အားကစားနည်းကနေ အနားယူကြောင်း ကြေညာသွားခဲ့တာပါ။
အန်ဂျလာလီကို တွေ့ရစဉ်
အသက် ၂၇ နှစ်အရွယ်ရှိ အန်ဂျလာလီဟာ ONE atomweight ချန်ပီယံဆုကို ၅ ကြိမ်တိုင်တိုင် ကာကွယ်နိုင်ခဲ့ပြီး သူမ အနားယူခဲ့တာကြောင့် ချန်ပီယံအသစ် ထွက်ပေါ်လာခဲ့ပါတယ်။
အန်ဂျလာလီဟာ MMA ပွဲပေါင်း ၁၄ ပွဲ ထိုးသတ်ခဲ့တာမှာ ၁၁ ပွဲအနိုင်ရပြီး ၃ ပွဲ အရေးနိမ့်ခဲ့တာပါ။
အန်ဂျလာလီက ၂၀၁၇ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ကားတိုက်မှုဟာ မတော်တဆမှု မဟုတ်ဘဲ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အန်ဂျလာလီနဲ့ သူမရဲ့ မောင် ခရစ္စတီယန်လီတို့ဟာ ညီမဖြစ်သူ သေဆုံးပြီးနောက် ပွဲတွေထိုးသတ်ခြင်း မရှိတော့ တာပါ။
အန်ဂျလာလီဟာ ညီမဖြစ်သူ သေဆုံးပြီးနောက် စင်္ကာပူနိုင်ငံကို ပထမဆုံးပြန်လာတဲ့ ခရီးစဉ်မှာ သူမဟာ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ခဲ့ရတယ်လို့ ပြောထားပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 758
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀
သမိုင်းဝင် အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်းချန်ပီယံ ထိုးသတ်ပွဲအဖြစ် တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ကြား လက်မှတ် ရေးထိုးလိုက်ပြီး ဒီပွဲကို ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲ ထိုးသတ်မယ့်နေ့ အပါအဝင် နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
အသက် ၃၅ နှစ်အရွယ်ရှိ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဗျူရီဟာ WBC ချန်ပီယံဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်ရှိ ယူကရိန်းနိုင်ငံသား အူဆက်ခ်ကတော့ WBA, WBO နဲ့ IBF ချန်ပီယံဆုတွေကို ပိုင်ဆိုင်ထားတာပါ။
ဒီပွဲကို ဒီဇင်ဘာ ၂၃ ရက်မှာ ကျင်းပဖို့ ပစ်မှတ်ထားနေပေမယ့် လာမယ့်နှစ် အစောပိုင်းကိုလည်း ပြန်ပြီး ရွှေ့သွားနိုင်တာ ဖြစ်ပါတယ်။
ဒီပွဲ အနိုင်ရတဲ့သူဟာ ချန်ပီယံခါးပတ် ၄ ခုစလုံးကို ရယူနိုင်မယ့် အငြင်းပွားဖွယ်ရာ မရှိတဲ့ ပထမဆုံး ဟဲဗီးဝိတ် ချန်ပီယံအဖြစ် မှတ်တမ်းတင်နိုင်တော့မှာပါ။
ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က ဒီပွဲကို ဖြစ်မြောက်အောင် လက်မှတ်ထိုးနိုင်ခဲ့လို့ ဝမ်းသာမိပြီး ဒီပွဲဟာ လက်ဝှေ့ အားကစားသမိုင်းရဲ့ အကြီးမားဆုံး ထိုးသတ်ပွဲ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲတွေ စတင်ထိုးသတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက ၃၄ ပွဲမှာ ၃၃ ပွဲ အနိုင်ရခဲ့ပြီး ၁ ပွဲ သရေကျကာ ရှုံးပွဲမရှိ သေးပါဘူး။
တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်ကို တွေ့ရစဉ်
အူဆက်ခ်ကလည်း ထိုးသတ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၂၁ ပွဲစလုံး အနိုင်ရခဲ့ပြီး သြဂုတ်လကမှ သူ့ရဲ့ ချန်ပီယံခါးပတ်တွေကို ကာကွယ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖရန့်ခ်ဝါရမ်က ဒီပွဲဟာ ရာစုနှစ်ရဲ့ အကြီးမားဆုံး လက်ဝှေ့ပွဲ ဖြစ်လာမယ်ဆိုတာ သံသယမရှိဘူးလို့ ထပ်ပြီး ပြောခဲ့တာပါ။
၁၉၉၉ ခုနှစ်က ဟိုလီဖီးလ်ကို အနိုင်ရပြီး WBA,WBC နဲ့ IBF ခါးပတ်တွေကို ကာကွယ်နိုင်ခဲ့တဲ့ လူးဝစ်နောက်ပိုင်း အငြင်းပွားဖွယ်မရှိတဲ့ ဟဲဗီးဝိတ်ချန်ပီယံတွေ ထွက်ပေါ်လာခဲ့ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
ဆော်ဒီနိုင်ငံဟာ မကြာသေးခင် နှစ်တွေအတွင်းမှာ နာမည်ကြီးပွဲ အများအပြားကို လက်ခံကျင်းပခဲ့ပြီး ဒီအထဲမှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက အန်သိုနီဂျိုရွှာကို အနိုင်ရခဲ့တဲ့ အူဆက်ခ်ရဲ့ ပွဲလည်း ပါဝင်ခဲ့တာပါ။
ဆော်ဒီနိုင်ငံဟာ လက်ရှိအချိန်မှာ ရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာတို့ အပါအဝင် နာမည်ကြီး ဘောလုံးသမား အများအပြားကို ခေါ်ယူပြီး ဒေသတွင်းလိဂ်ကို လူစိတ်ဝင်စားမှု မြင့်မားလာအောင် လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 620
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀
ဒဏ်ရာပြဿနာရှိနေကြတဲ့ ဆာကာ၊ ဒီကလန်ရိုက်စ်နဲ့ ဆာလီဘာတို့ ၃ ဦးဟာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ ရောက်ရှိလာခဲ့တဲ့ အာဆင်နယ်အသင်း လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား ၆ ဦးဟာ ဒဏ်ရာတွေကြောင့် အခုအပတ်ထဲမှာ အသင်းနဲ့ လေ့ကျင့်မှု တွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဆာကာနဲ့ ဒီကလန်ရိုက်စ်တို့ဟာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကြားရက်က ဘရန်ဖို့ဒ်အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့တာပါ။
မာတင်နယ်လီနဲ့ ထရိုဆာ့ဒ်တို့ကလည်း စပါးအသင်းနဲ့ ပွဲစဉ်မတိုင်ခင်ကတည်းက ဒဏ်ရာတွေကြောင့် အနားယူ နေရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက စက်တင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီကစား သမားတွေအပြင် ဆာလီဘာနဲ့ ဗီအဲရာတို့ကလည်း ဒဏ်ရာတွေရနေခဲ့တယ်လို့ ပြောခဲ့တာပါ။
ဒီကလန်ရိုက်စ်ကိုတွေ့ရစဉ်
သူတို့တွေဟာ အာဆင်နယ်အသင်းရဲ့ နောက်ဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာလည်း မပါဝင်ခဲ့ပေမယ့် ဆာကာ၊ ဒီကလန်ရိုက်စ်နဲ့ ဆာလီဘာတို့ ၃ ဦးဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်အတွက် လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ဟိုတယ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၆ ပွဲ ကစားအပြီးမှာ ရှုံးပွဲမရှိ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။
အာဆင်နယ်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ပြီးရင် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လန်းစ်၊ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်စီးတီးအသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ မန်စီးတီးအသင်းနဲ့ ပွဲမတိုင်ခင်မှာ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာပြီး ဒီပွဲမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်နေတာပါ။
လန်ဒန်ကလပ်ဟာ အခုနှစ် ဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့ အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 640
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉
စပိန်အစိုးရရှေ့နေတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံနေရတဲ့ ဘာစီလိုနာအသင်းကို ဒိုင်လူကြီးတွေက ဘယ်တုန်းကမှ မျက်နှာသာပေးတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ခြင်းမရှိဘူးလို့ နည်းပြ ဇာဗီက ပြောလိုက်ပါတယ်။
ဇာဗီက “နီဂရီရာရဲ့ အမှုနဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းတွေက ထပ်ပြီးထွက်ပေါ်လာဦးမှာပါ။ ဒိုင်လူကြီး တွေက ကျနော်တို့ကို မျက်နှာသာပေးပြီး ဆုံးဖြတ်တယ်ဆိုတဲ့ ခံစားချက်မျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ လာဘ်ပေးလာဘ်ယူမှု သံသယနဲ့ စွဲချက်တင်ခံထားရပြီး တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လည်း ခံယူနေရတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ စပိန်ဒိုင်လူကြီးများကော်မတီရဲ့ ဒုဥက္ကဋ္ဌဟောင်း နီဂရီရာနဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေ ထံ ပေါင်(၆)သန်း ပေးချေခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရကာ ဒီအရှုပ်တော်ပုံဟာ လွန်ခဲ့တဲ့ ၆ လကတည်းက လူအများ အပြားရဲ့ အာရုံစူးစိုက်မှု ခံနေရတာပါ။
ဘာစီလိုနာအသင်း နည်းပြ ဇာဗီကိုတွေ့ရစဉ်
စပိန်ရဲတပ်ဖွဲ့ဟာ ဘာစီလိုနာအသင်းက နီဂရီရာပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေထံ ငွေပေးချေမှုအပေါ် စုံစမ်းစစ်ဆေးမှု အဖြစ် မက်ဒရစ်မြို့အနီးရှိ စပိန်ဘောလုံးအဖွဲ့ချုပ်ရုံးတွေကို ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ သူတို့ဘက်က ဘာအမှားအယွင်းကိုမှ ပြုလုပ်ထားခြင်း မရှိဘူးလို့ အခိုင်အမာ ပြောထားတာပါ။ ဘာစီလိုနာအသင်းအနေနဲ့ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် ကြီးမားတဲ့ ပြစ်ဒဏ်ချမှတ် ခံရဖွယ် ရှိနေပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်အတွင်း ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပေးခဲ့ပေမယ့် အရေးယူခံရမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 528
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉
ရီးရယ်လ်အသင်း နည်းပြဟောင်း ဇီဒန်းဟာ မာဆေးလ်အသင်းကို ဆော်ဒီထံ ရောင်းချခဲ့မယ်ဆိုရင် နည်းပြအဖြစ် ကိုင်တွယ်ဖို့ မူအားဖြင့် သဘောတူညီမှု ရရှိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
France Blue Provence က ဇီဒန်းဟာ မာဆေးလ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ ခေါင်းညိတ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
ဒါပေမယ့် မာဆေးလ်အသင်းကို ဆော်ဒီထံရောင်းချဖို့ အဆိုပြုထားတာကို အကောင်အထည်ဖော်နိုင်မှသာ ဇီဒန်း ဟာ ပြင်သစ်ကလပ်ရဲ့ နည်းပြသစ်အဖြစ် ဝင်ရောက်လာမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပိုင်ရှင်ဖြစ်သူ မက်ကော့က မာဆေးလ်အသင်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောထားတဲ့ အတွက် ဇီဒန်းဟာ ပြင်သစ်ကလပ်ကို ကိုင်တွယ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။
ဇီဒန်း ရီးရယ်လ်အသင်းမှာ နည်းပြလုပ်စဉ်
ဆော်ဒီဘက်ကတော့ မာဆေးလ်အသင်းကို ဝယ်ယူဖို့ စိတ်အားထက်သန်နေပြီး နယူးကာဆယ် အသင်းလိုမျိုး ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
ဇီဒန်းကလည်း မာဆေးလ်အသင်းကို နည်းပြဖြစ် ကိုင်တွယ်ရမယ်ဆိုရင် အသင်းကို ပြောင်းလဲမှု ပြုလုပ်ဖို့အတွက် ပြောင်းရွှေ့ကြေး အသုံးစရိတ် ပေါင်သန်း ၂၆၀ ပေးဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဇီဒန်းရဲ့ တောင်းဆိုမှုကို ဆော်ဒီဘက်က ထုတ်ပေးဖို့ သဘောတူညီမှု ရထားပေမယ့် မာဆေးလ်အသင်းပိုင်ရှင် မက်ကော့က နောက်ဆုံး ဆုံးဖြတ်ချက် ချရမယ့်သူအဖြစ် ရှိနေတာပါ။
ဒါပေမယ့် မာဆေးလ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အီတလီလူမျိုးနည်းပြ ဂတ်တူဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။
ဂတ်တူဆိုဟာ မာဆေးလ်အသင်းရဲ့ အရောင်းအဝယ် မပြီးဆုံးမချင်း နည်းပြအဖြစ် ဆက်ပြီးရှိနေမှာ ဖြစ်ပေမယ့် ပိုင်ရှင်အသစ် ပြောင်းလဲပြီးသွားရင်တော့ ဇီဒန်းက ဂတ်တူဆိုရဲ့နေရာကို အစားထိုး ဝင်ရောက်နိုင်ဖွယ် ရှိနေတာပါ။
မာဆေးလ်အသင်းဟာ အောက်တိုဘာ ၅ ရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုအဖွင့် ပွဲစဉ်တုန်းက အေဂျတ်စ်အသင်းနဲ့ ၃ ဂိုးစီ သရေကျထားတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 774
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉
ဂီတာဖေးအသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ပြိုင်ဘက်အသင်း ပရိသတ်တွေက လာလီဂါပွဲစဉ်တွေမှာ ပစ်မှတ်ထား အော်ဟစ်နေတဲ့အပေါ် ပြစ်တင်လိုက်ပါ တယ်။
ဘီလ်ဘာအိုနဲ့ ဂီတာဖေးအသင်းတို့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ ပွဲချိန်အတွင်းမှာ ဘီလ်ဘာအိုအသင်း ပရိသတ်အချို့က ဂရင်းဝုဒ်ကို သေလိုက်ဆိုပြီး အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ သူ့အပေါ် စွဲချက်တင်ထားတဲ့ မှုဒိမ်းမှု အပါအဝင် ရာဇဝတ်မှုဆိုင်ရာ အမှုတွေကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့မှာ ယူနိုက်တက် အသင်းကနေ ဂီတာဖေးအသင်းထံ ရာသီအကုန်ထိ အငှားစာချူပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ဂရင်းဝုဒ်ကို ပရိသတ်များ နှုတ်ဆက်နေကြစဉ်
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်မှာလည်း ပြိုင်ဘက် အသင်း ပရိသတ်တွေရဲ့ ပစ်မှတ်ထား အော်ဟစ်ခြင်းတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
ဘီလ်ဘာအိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာပါ ဒီလို အလားတူ ကြုံတွေ့ရပြီးနောက် ဂီတာဖေး အသင်းက ဒီလိုလုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိသလို စော်ကားတိုက်ခိုက်မှုတွေဟာ ပိုပြီးဆိုးရွား လာနေတယ် လို့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ဘီလ်ဘာအိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေး အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ လက်ရှိ ခြေစွမ်းတွေကြောင့် လာမယ့် ဂီတာဖေးအသင်းရဲ့ ပွဲစဉ်တွေမှာလည်း ပွဲထွက်လူစာရင်းထဲ ပါဝင်လာနိုင်ပြီး သွင်းဂိုးတွေရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
ဂီတာဖေးအသင်းဟာ စက်တင်ဘာ ၃၀ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 902
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉
ရိုးမားအသင်းဟာ စီးရီးအေပွဲစဉ်မှာ ဂျီနိုအာအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြ မော်ရင်ဟိုက ဒါဟာသူ့နည်းပြဘဝမှာ အဆိုးရွားဆုံးရာသီ စတင်မှုလို့ ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “ရိုးမားအတွက်ရော ကျနော့်နည်းပြဘဝမှာရော အဆိုးရွားဆုံးရာသီ စတင်မှုဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ကျနော်ရောက်လာအပြီးမှာ ရိုးမားအသင်းက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲကို ၂ ရာသီ ဆက်တိုက် ကစားရတာကလည်း အမှန်ပါပဲ။ ကျနော်တို့ဟာ လက်ရှိ အခြေအနေကနေ ရုန်းထွက်ရမှာဖြစ်ပြီး ရလဒ်ဆိုးတွေကြောင့် ငိုဖို့အချိန်မရှိပါဘူး။ မနက်ဖြန်မှာ ကျနော်တို့ အလုပ်ပြန်လုပ်ပြီး လာမယ့်ပွဲက ကျနော်တို့အတွက် အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ”လို့ ပြောခဲ့တာပါ။
ရိုးမားအသင်းဟာ အခုနှစ် ဘောလုံးရာသီ စီးရီးအေ ၆ ပွဲကစားအပြီးမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပြီး ရမှတ် ၅ မှတ်နဲ့ ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
ရိုးမားအသင်းရဲ့ ဒီရလဒ်ဆိုးတွေကြောင့် မော်ရင်ဟိုအတွက်လည်း နည်းပြဘဝ အဆိုးရွားဆုံး မှတ်တမ်းသစ် တစ်ခု ကို ပိုင်ဆိုင်သွားခဲ့တာပါ။ ပေါ်တူဂီလူမျိုးနည်းပြရဲ့ အရင်အဆိုးရွားဆုံး မှတ်တမ်းက ၂၀၁၅-၁၆ ရာသီတုန်းက ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ချိန် ရာသီအဖွင့် ၆ ပွဲမှာ ၇ မှတ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရိုးမားအသင်းကို တွေ့ရစဉ်
ဂျီနိုအာအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ ရိုးမားအသင်း ပရိသတ်တွေက နည်းပြမော်ရင်ဟိုနဲ့ ကစားသမားတွေကို “ကျနော်တို့အပေါ် လေးစားမှုရှိပါဦး”၊ “ဒီလောက်ဆိုရင် ကျနော်တို့အတွက် လုံလောက်ပါပြီ” စတဲ့ အော်ဟစ်မှုတွေကို ပြုလုပ်ခဲ့ကြတာပါ။
မော်ရင်ဟိုဟာ အသင်းတစ်သင်းကို ကိုင်တွယ်တဲ့ တတိယမြောက် ရာသီရောက်ရင် ထုတ်ပယ်ခံရတက်တဲ့ အစဉ်အလာတွေ ရှိနေတာကြောင့် ဖိအားဒဏ်တွေကို စတင်ခံစားနေရပြီ ဖြစ်ပါတယ်။
ရိုးမားအသင်းအနေနဲ့ လာမယ့်ပွဲတွေမှာ ရလဒ်တွေ မကောင်းဘူးဆိုရင်တော့ မော်ရင်ဟိုရဲ့ နည်းပြရာထူးဟာ လှုပ်ခတ်လာတော့မယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ရိုးမားအသင်းဟာ အောက်တိုဘာ ၂ ရက်မှာ စီးရီးအေပွဲစဉ်အဖြစ် ဖရိုစီနိုနီ၊ အောက်တိုဘာ ၆ ရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ဆာဗတ်တီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail