
- By CNI
- Category: အားကစား
- Hits: 575
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်အုပ်စု ဒုတိယမြောက်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ဂိုးပြတ်အရေးနိမ့် ခဲ့ပေမယ့် နည်းပြ လူးဝစ်အင်းနရစ်က သူတို့ဟာ ဒီလိုဂိုးပြတ် အရေးနိမ့်ဖို့ မထိုက်တန်ဘူးလို့ ပြောလိုက်ပါတယ်။
လူးဝစ်အင်းနရစ်က “ဒါက နည်းပြတစ်ဦးအတွက် ခက်ခဲတဲ့ပွဲပါ။ အနိုင်ရခဲ့တဲ့ နယူးကာဆယ်ကိုတော့ ဂုဏ်ပြုချင် ပါတယ်။ သူတို့ရဲ့ ဘောလုံးကစားပုံက အလွန်ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ အမှားတွေလုပ်ခဲ့ပြီး ဒါကို လက်ခံဖို့ ခက်ခဲပါတယ်။ အမှားတွေလုပ်မိခဲ့မယ်ဆိုရင်တော့ ဒီအတွက်ပြန်ပြီး ပေးဆပ်ရမှာပါပဲ။ ဒီပွဲရဲ့ ဂိုးရလဒ်က အလွန် များခဲ့ပြီး ဒီရလဒ်က သူတို့အတွက် ကြီးမားပါတယ်။ ကျနော်တို့ဟာ ဒီရလဒ်နဲ့ မထိုက်တန်ဘူးလို့ ထင်ကြောင်း”Canal+ ကို ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်းအတွက် ဂိုးတွေ ကို အယ်လ်မီရွန်၊ ဒန်ဘန်း၊ လောင်းစတပ်နဲ့ ဖာဘီယန်ရှားတို့က သွင်းယူခဲ့ကာ ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုး ကို လူးကပ်စ်ဟာနန်ဒက်ဇ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်ကိုတွေ့ရစဉ်
နယူးကာဆယ်အသင်းဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အိမ်ကွင်း ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့တာပါ။
ပီအက်စ်ဂျီအတွက် ချေပဂိုး သွင်းယူပေးခဲ့တဲ့ လူးကပ်စ်ဟာနန်ဒက်စ်ကတော့ နယူးကာဆယ်အသင်းကို အခက်တွေ့အောင် လုပ်ဆောင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
လူးကပ်စ်ဟာနန်ဒက်ဇ်က “ဒါတွေက နည်းပြရဲ့ ရွေးချယ်မှုပါ။ သူတို့ရဲ့ ခံစစ်ပိုင်းကို အခက်တွေ့အောင် ကျနော်တို့ ကြိုးစားခဲ့ပေမယ့် ဒါက အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီပွဲက လွယ်ကူမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒါက ချန်ပီယံလိဂ်ပြိုင်ပွဲကြီးပါ။ အရှိန်အဟုန်နဲ့ ရုပ်ပိုင်းဆိုင်ရာ မရှိဘူးဆိုရင်တော့ ဒီလိုမျိုးရလဒ်တွေနဲ့ပဲ ခင်ဗျားတို့ အဆုံးသတ်ရမှာပါ”လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အခုနှစ် ဘောလုံးရာသီ အစပိုင်းမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ လူးဝစ် အင်းနရစ်ဟာ ဖိအားတွေနဲ့ စတင်ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အောက်တိုဘာ ၉ ရက်မှာ ပြင်သစ်လီဂူးဝမ်းပွဲစဉ်အဖြစ် ရန်းနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 587
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
ဘယ်လင်ဂမ်ဟာ နာပိုလီအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရယ်လ်အသင်းအတွက် တစ်ကိုယ်တော် လှပတဲ့ သွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် အာဂျင်တီးနားဂန္တဝင် မာရာဒိုနာနဲ့ နှိုင်းယှဉ်ခံရတဲ့ အပေါ် တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။
ဘယ်လင်ဂမ်က “ဒါကတော့ နည်းနည်းများလွန်းတယ်လို့ ထင်ပါတယ်။ ဒီဂိုးကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုးပါ။ မာရာဒိုနာရဲ့ အရည်အသွေးတွေက ကျနော့်ထက် အနည်းငယ် ဒါမှမဟုတ် အများကြီး ပိုပြီးသာပါတယ်။ ကျနော် ကတော့ ကျနော့်ရဲ့ ပုံစံနဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးနိုင်ဖို့ ကြိုးစားနေတာပါ”လို့ မာရာဒိုနာနဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ် ဖြေကြားခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု ဒုတိယမြောက်ပွဲစဉ်မှာ နာပိုလီအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရပြီး အုပ်စုတွင်း ၂ ပွဲစလုံး နိုင်ပွဲရရှိထားတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းသားတွေကိုတွေ့ရစဉ်
အသက် ၂၀ အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ဒီပွဲမှာ နာပိုလီအသင်း ကွင်းဘက်အခြမ်းကနေ နောက်ခံလူတွေ အများအပြားကို လိမ်ခေါက်ဖြတ်ကျော်ပြီး ဂိုးဧရိယာအတွင်း ဝင်ရောက်ကာ ရီးရယ်လ်အသင်းအတွက် လှပတဲ့ သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကနေ ယူရို ၁၀၃ သန်းနဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ နာပိုလီအသင်းနဲ့ ပွဲအပါအဝင် ရီးရယ်လ်အသင်းအတွက် ၉ ပွဲ ပါဝင်ကစားထားအပြီးမှာ ၈ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာပါ။
ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။
ဘယ်လင်ဂမ်ဟာ လာမယ့် အိုဆာဆူနာအသင်းနဲ့ စပိန်လာလီဂါပွဲစဉ်မှာလည်း ရီးရယ်လ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဆက်ပြီးပြသနိုင်ဖို့ မျှော်လင့်နေတာပါ။
ရီးရယ်လ်အသင်းဟာ အခုနှစ် ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ ၈ ပွဲ ကစားအပြီးမှာ ရှုံးပွဲ ၁ ပွဲသာ ကြုံတွေ့ ထားကာ ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 635
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
အခုနှစ် ဘောလုံးရာသီအစမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ အေဂျတ်စ်အသင်းဟာ နည်းပြဟောင်း ဗန်ဟားလ်ကို အသင်းရဲ့ အကြံပေးအဖြစ် ခန့်အပ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
အေဂျတ်စ်အသင်းဟာ အသင်းပေါင်း ၁၈ သင်းရှိတဲ့ ဒတ်ချ်အမှတ်ပေးလိဂ် ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး ရာသီအဖွင့် ပွဲစဉ်ပြီးကတည်းက နိုင်ပွဲမရရှိတော့တာ ဖြစ်ပါတယ်။
အေဂျတ်စ်အသင်းဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီကလည်း အဆင့် ၃ နဲ့ ရာသီအဆုံးသတ်ခဲ့လို့ ၁၃ ရာသီအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၇၂ နှစ်အရွယ်ရှိ ဗန်ဟားလ်ဟာ အေဂျတ်စ်အသင်းကို ၁၉၉၁ ကနေ ၁၉၉၇ ခုနှစ်အထိ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး ၁၉၉၅ က ချန်ပီယံလိဂ်ဖလား၊ ဒတ်ချ်လိဂ် ၃ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုတွေ ရယူ ပေးနိုင်ခဲ့တာပါ။
အေဂျတ်စ်အသင်းကိုတွေ့ရစဉ်
ဗန်ဟားလ်ကတော့ သူဟာ အေဂျတ်စ်အသင်းကို ကူညီချင်ပြီး ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ဖို့ ရှာဖွေရ မယ်လို့ အကြံပေးအဖြစ် ခန့်အပ်ခံရပြီးနောက် ပြောခဲ့ပါတယ်။
အေဂျတ်စ်အသင်းဟာ ရလဒ်ဆိုးတွေအပြင် ကလပ်အတွင်းပိုင်းမှာ မငြိမ်သက်မှု ဖြစ်နေတဲ့ အရာတွေကြောင့် မေလကမှ ခန့်အပ်ထားတဲ့ ဘောလုံးဒါရိုက်တာကို ပြီးခဲ့တဲ့ရက်သတ္တပတ်က ထုတ်ပယ်ခဲ့ပါတယ်။
အေဂျတ်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဒတ်ချ်လိဂ်ပွဲစဉ်မှာ RKC အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ ဦးဆောင်နေခဲ့ ပေမယ့် ပြိုင်ဘက်ဂိုးသမား သတိလစ်သွားခဲ့တာကြောင့် ပွဲပြီးဖို့ မိနစ်အနည်းငယ် အလိုမှာ ပွဲကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။
ဗန်ဟားလ်ဟာ နည်းပြဘဝ နှစ်ပေါင်း ၃၀ ကာလအတွင်းမှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ယူနိုက်တက်အသင်း တွေ အပါအဝင် ထိပ်သီးအသင်း အများအပြားကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန် အသင်း ကို နောက်ဆုံးကိုင်တွယ်ကာ အနားယူနေတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 723
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
လန်းစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တောင်ပံကစားသမား ဆာကာရဲ့ ခြေဖနောင့်ဒဏ်ရာက စိုးရိမ်ရတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက “ဆာကာဟာ ပထမပိုင်းမှာ ဘောလုံးကို နောက်ပြန်လှည့်ဖို့ ကြိုးစားခဲ့တာမှာ တစ်ခုခု ခံစားခဲ့ရ တယ်လို့ ပြောခဲ့ပါတယ်။ သူဟာ ဆက်ကစားဖို့ အဆင်မပြေတော့တာကြောင့် ကျနော်တို့ သူ့ကို လူစားလဲခဲ့ရပါ တယ်။ သူ့ရဲ့ဒဏ်ရာ အခြေအနေ ပြင်းထန်မှုကို ဒီထက်ပိုပြီး ကျနော်တို့ မသိပါဘူး။ သူ့ရဲ့ ဒဏ်ရာ အခြေအနေဟာ ကျနော်တို့အတွက် စိုးရိမ်စရာပါပဲ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းက လန်းစ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဆာကာဟာ လန်ဒန် ကလပ်အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးပြီးနောက် ပွဲချိန် ၃၄ မိနစ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ လန်းစ်အသင်း ယှဉ်ပြိုင်နေစဉ်
ဆာကာဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာထဲက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အာဆင်နယ် အသင်းအတွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အခုရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လာမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီရှုံးပွဲအတွက် ဘာကိုမှ ဆင်ခြေပေးသွားမှာ မဟုတ်ဘဲ အနိုင်ရခဲ့တဲ့ လန်းစ်အသင်းကို ဂုဏ်ပြုတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “လန်းစ်အသင်းက တကယ်ကို ကောင်းမွန်တဲ့ အသင်းပါ။ ဒီပွဲက တကယ်ကို ခက်ခဲတဲ့ပွဲ ဖြစ်လာ မယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော်တို့ဟာ ရခဲ့တဲ့ အခွင့်အရေးတွေကို ကောင်းမွန်စွာ အသုံးမချနိုင်ခဲ့သလို ခံစစ်ပိုင်းကလည်း ကောင်းမွန်စွာ ကာကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ကျနော်တို့ဟာ ဒီပွဲကနေ သင်ယူခဲ့ရတာတွေကို လာမယ့်ပွဲမှာ အသုံးချသွားမယ်”လို့ ပြောခဲ့တာပါ။
လန်းစ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့လို့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်းကို ဦးဆောင်နေပြီး အာဆင်နယ်အသင်းက ရမှတ် ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 600
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄
ယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးအသင်းကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ပြီး ရာသီအစ ရလဒ်တွေ ဆိုးနေခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ သူဟာ အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိနေဆဲဖြစ် တယ်လို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ပြီးခဲ့တဲ့ရာသီက ကျနော်တို့ဟာ မျှော်လင့်ထားတာထက် ပိုပြီးကောင်းခဲ့ပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ အလွန်ခက်ခဲတဲ့ အချိန်ကာလကို ရောက်ရှိနေပေမယ့် အတူတူလက်တွဲပြီး တိုက်ပွဲဝင်ရမှာပါ။ ကျနော်ဟာ ဒါရိုက်တာတွေ၊ အသင်းနဲ့အတူ အတူတကွ တိုက်ပွဲဝင်သွားရမှာပါ။ အခုအခြေအနေတွေက ကျနော် တို့ပုံစံ မဟုတ်တဲ့အတွက် ကျနော်တို့ ပိုပြီးကောင်းမွန်အောင် လုပ်ရမယ်ဆိုတာ သိပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် အသင်း သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် ကစားသမားများကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် အခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ရှုံးပွဲ ၆ ပွဲအထိ ကြုံတွေ့ထားခဲ့ရတာပါ။
ရာသီအစ ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်ရဲ့ ယူနိုက်တက်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ အများအပြား ထွက်ပေါ်လာခဲ့ပေမယ့် ဒတ်ချ်လူမျိုးနည်းပြကတော့ ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိထားတယ်လို့ ယုံကြည်မှု ရှိနေပါတယ်။
ဒါ့အပြင် အဲရစ်တန်ဟတ်က ဝေဖန်မှုတွေ ခံနေရတဲ့ ဂိုးသမား အိုနာနာကို ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “သူဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမား တွေထဲက တစ်ဦးဖြစ်လာဖို့ စွမ်းဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ သူ့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင် ရည်တွေကို ပွဲတွေမှာ တွေ့ခဲ့ပြီးပြီဖြစ်လို့ သူပြန်လာနိုင်ပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အောက်တိုဘာ ၇ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 547
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
အယ်လ်အစ်တီဟတ်အသင်းဟာ အာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကစားဖို့အတွက် အဝတ်စားလဲခန်းကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တာကြောင့် အီရန်ကလပ် ဆီပါဟန်အသင်းနဲ့ ပွဲစဉ်ကို ဖျက်ခဲ့ရပါတယ်။
စပါးနဲ့ ဝုလ်ဗ်စ်အသင်းနည်းပြဟောင်း နူနိုဆန်တို ကိုင်တွယ်နေပြီး ဖာဘင်ဟိုနဲ့ ကန်တီတို့ပါဝင်တဲ့ အယ်လ် အစ်တီဟတ်အသင်းဟာ ကွင်းအဝင်ဝမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အီရန်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ရုပ်တု ထားရှိ ထားတဲ့အပေါ် ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။ အီရန်နဲ့ ဆော်ဒီတို့အကြား တင်းမာမှုအခြေအနေတွေကြောင့် လုံခြုံရေးမပေးနိုင်တဲ့အတွက် ၂၀၁၆ ခုနှစ်ကတည်းက ဒီ ၂ နိုင်ငံက ကလပ်အသင်းတွေ ကစားတဲ့ပွဲတွေကို ကြားကွင်းမှာ ကျင်းပခဲ့တာပါ။
အာရှဘောလုံးအဖွဲ့ချုပ်ကတော့ မျှော်လင့်ထားခြင်းမရှိတဲ့ အခြေအနေတွေကြောင့် ပွဲကိုဖျက်ခဲ့ရပြီး ဒီ အဖြစ် အပျက်တွေကို သက်ဆိုင်ရာကော်မတီတွေဆီ တင်ပြသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အီရန်ကလပ် ဆီပါဟန်အသင်းထားရှိထားတဲ့ ရုပ်တုဟာ အီရန်ဗိုလ်ချုပ်ကြီး ဆိုလီမာနီရဲ့ ရုပ်တုဖြစ်ပါတယ်။ ဆိုလီမာနီဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီက ဘဂ္ဂဒက်လေဆိပ်အနီးနားမှာ အမေရိကန်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့တာပါ။
အီရန်နိုင်ငံရဲ့ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့က တီဟီရန်ရှိ ဆော်ဒီသံရုံးကို တိုက်ခိုက်မှုတွေပြုလုပ်ပြီးနောက် ဆော်ဒီ အသင်းတွေဟာ နိုင်ငံတကာအားကစားပြိုင်ပွဲတွေအတွက် အီရန်နိုင်ငံကို သွားရောက်ဖို့ ငြင်းဆန်ခဲ့ပြီး သူတို့ရဲ့ လုံခြုံရေးအတွက် အာမခံခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ အခုနှစ်ဘောလုံးရာသီမှာတော့ ဆော်ဒီကလပ်တွေဟာ အီရန်နိုင်ငံကို ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာပါ။
ရော်နယ်ဒို ဦးဆောင်တဲ့ အယ်လ်နာဆာအသင်းဟာ ပြီးခဲ့တဲ့လက အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဆီပိုလစ်အသင်းကို အနိုင်ရပြီးနောက် အခုနှစ်ဘောလုံးရာသီ အီရန်နိုင်ငံမှာ လာရောက်ကစားတဲ့ ပထမဆုံးဆော်ဒီအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 751
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေတဲ့ ချယ်လ်ဆီး အသင်း နည်းပြဟောင်း ဖရန့်လမ်းပတ်က နည်းပြလောကထဲကို အလျင်စလို ပြန်လာမှာမဟုတ်ဘူးလို့ ပြောလိုက် ပါတယ်။
ဖရန့်လမ်းပတ်က “လက်ရှိအခြေအနေတွေက ကျနော့်အတွက်ကောင်းပြီး ဖိအားတွေလည်း မရှိပါဘူး။ အနည်း ငယ် အားပြန်ဖြည့်ပြီး အလုပ်လုပ်တဲ့ အချိန်တုန်းက လုပ်ခွင့်မရတဲ့ အရာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုးစား ရှာဖွေတာက အရေးကြီးတယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ရတာက တကယ်ကို ကောင်းပြီး နည်းပြတိုင်းက သူတို့ကိုယ်သူတို့ မျှော်လင့်ချက်တွေ ထားကြပါတယ်။ ခင်ဗျားက အကောင်းဆုံး ဖြစ်ချင်တဲ့ အတွက် ဒါတွေက မလွယ်ကူပါဘူး”လို့ Sky Sports ကို ပြောခဲ့တာပါ။
ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ရာသီအကုန်ထိ ကိုင်တွယ်ပြီးနောက် အနားယူနေတာ ဖြစ်ပါတယ်။
ဖရန့်လမ်းပတ်ကို တွေ့ရစဉ်
ရိန်းဂျားစ်အသင်းဟာ အခုနှစ် ဘောလုံးရာသီ ရလဒ်ဆိုးတွေကြောင့် မကြာသေးခင်ကမှ နည်းပြဖြစ်သူ မိုက်ကယ်ဘီယယ်လ်ကို ရာထူးက ထုတ်ပယ်ပြီး နည်းပြသစ် ရှာဖွေနေတာပါ။
ရိန်းဂျားစ်အသင်း နည်းပြသစ် ဖြစ်လာဖို့ ချိတ်ဆက် ခံခဲ့ရတဲ့သူတွေထဲမှာ ဖရန့်လမ်းပတ်လည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန် ကစားသမားဟောင်းကတော့ အခုအချိန်မှာ ရိန်းဂျားစ်အသင်း အပါအဝင် ဘယ်အသင်းကိုမှ ကိုင်တွယ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာပါ။
ရိန်းဂျားစ်အသင်းဟာ ဖရန့်လမ်းပတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ကိုင်တွယ် ခဲ့ချိန်တုန်းက အောင်မြင်မှု ရခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေဆိုးခဲ့ပြီး အခုနှစ် ဘောလုံးရာသီ စကော့တလန် လိဂ် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ ဆဲလ်တစ်အသင်းနဲ့ ၇ မှတ်ကွာဟနေပါတယ်။
ရိန်းဂျားစ်အသင်း နည်းပြသစ်ဖြစ်လာဖို့ AZ အယ်လ်ခမာ အသင်းနည်းပြ ပါစကယ်လ်ဂျန်ဆန်က ရေပန်းစားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 603
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
ဖူလ်ဟမ်အသင်းကို အနိုင်ရပြီး ရလဒ်ကောင်းတွေပြန်ရလာခဲ့ပေမယ့် လူငယ်ကစားသမားတွေ အများအပြားကို ခေါ်ယူထားတဲ့ ချယ်လ်ဆီးအသင်းကို စိတ်ရှည်ပေးဖို့ နည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ကျနော်တို့ဟာ လူငယ်တွေကို နားလည်ဖို့ လိုပါတယ်။ ဒီကိုကြီးမားတဲ့ အပြောင်းအလဲပြုလုပ်ဖို့ ရောက်လာခဲ့တာဖြစ်ပေမယ့် အသင်းတစ်သင်းကို ရောက်တဲ့အချိန်မှာ အခြေချဖို့က မလွယ်ကူပါဘူး။ ဘာကြောင့် လဲဆိုရင် ခိုင်မာတောင့်တင်းမှုမရှိတဲ့အသင်းကို လူငယ်တွေအများကြီးရောက်ရှိလာလို့ပါ။ သူတို့တွေကို ယုံကြည်မှု ပေးရပါမယ်။ လူတွေက တစ်ခါတလေမှာ စိတ်ရှည်မှုမရှိကြပေမယ့် ကျနော့်အတွက်တော့ စိတ်ရှည်မှုနဲ့ သက်ဆိုင် ပါတယ်” လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ပြိုင်ပွဲစုံ ၂ ပွဲ ဆက်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို မူဒရစ်နဲ့ ဘရိုဂျာတို့က သွင်းယူခဲ့တာ ဖြစ်ပြီး မူဒရစ်အတွက်တော့ ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ လန်ဒန်ကလပ် ဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၁ နေရာကို ရောက်ရှိ လာခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က အသက် ၂၅ နှစ်အထက် ကစားသမားတွေကို ခေါ်ယူခဲ့ခြင်းမရှိတာကြောင့် ရာသီအစ ရလဒ်ပိုင်းတွေဟာ ဆိုးရွားနေခဲ့တာပါ။ ဖူလ်ဟမ်အသင်းကို အနိုင်ရ ခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မူဒရစ်၊ ဘရိုဂျာနဲ့ ကွင်းလယ်ကစားသမား ကိုင်စီဒိုတို့ ဒဏ်ရာရရှိခဲ့ပေမယ့် အရမ်းကြီး စိုးရိမ်စရာမရှိဘူးလို့ နည်းပြ ပိုချက်တီနိုက ပြောခဲ့တာပါ။
ပိုချက်တီနိုက “မူဒရစ်နဲ့ ဘရိုဂျာတို့ရဲ့ စွမ်းဆောင်ရည်ကို ကျနော်ကျေနပ်ပါတယ်။ သူတို့တွေရဲ့ ဒဏ်ရာကလည်း ကြီးကြီးမားမားမဟုတ်ဖို့ မျှော်လင့်ပါတယ်။ ကိုင်စီဒိုကလည်း အတွင်းကြွက်သားထိခဲ့တာဖြစ်ပြီး ဘာမှမဖြစ်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အောက်တိုဘာ ၇ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:The Guardian

- By CNI
- Category: အားကစား
- Hits: 552
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက တာဂျစ်ကစ္စတန်ကလပ် အစ္စတစ်လိုအသင်းကို အနိုင်ရခဲ့တဲ့ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပျော်ရွှင်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသား ထားခဲ့ပါတယ်။
ရော်နယ်ဒိုက “အသင်းမှာရှိတဲ့ လူတိုင်းအတွက် အလွန်ကောင်းမွန်တဲ့ ပွဲတစ်ပွဲပါ။ ကျနော့်ရဲ့ ပထမဆုံး အာရှ ချန်ပီယံလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။ ကျနော်တို့ နိုင်ပွဲရနေတာကို ဆက်ပြီးထိန်းသိမ်း သွားရမယ်” လို့ ရေးသားခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ အစ္စတစ်လိုအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်မှာ ရော်နယ်ဒိုဟာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အနိုင်ဂိုးတွေကို တယ်လီစကာက ၂ ဂိုးစလုံးသွင်းယူခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်တုန်းကလည်း ပါဆီပိုလစ် အသင်းကို အနိုင်ရခဲ့တဲ့အတွက် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးအနိုင်ရကာ အုပ်စုတွင်းအမှတ်ပေးဇယားကို ဦးဆောင် နေတာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အစ္စတစ်လိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် အယ်လ်နာဆာအသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ၈ ပွဲမှာ ၈ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အခုနှစ်ဘောလုံးရာသီမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ၁၆ ပွဲပါဝင်ကစားထားတာမှာ ၁၇ ဂိုးသွင်းယူပေးထားပြီး အာရပ်ကလပ် ချန်ပီယံ များဖလား ရယူပေးထားတာပါ။
အယ်လ်နာဆာအသင်းဟာ အောက်တိုဘာ ၆ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အက်ဘာအသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက်နိုင်ပွဲရရှိထားတဲ့ အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 673
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂
မြောက်ကိုရီးယားအသင်းကစားသမားတွေဟာ ဂျပန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အာရှ အားကစား ပြိုင်ပွဲအမျိုးသားဘောလုံးပွဲစဉ်ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးကို တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားအသင်းခေါင်းဆောင်အပါအဝင် အသင်းဖော်တွေဟာ ကွင်းလယ်ဒိုင်လူကြီးကို ထိပ်တိုက် တွေ့ဆုံဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မြောက်ကိုရီယားအသင်းနည်းပြက သူ့ကစားသမားတွေဆီပြေးကာ အခြေ အနေကို ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ရတာပါ။ မြောက်ကိုရီးယားကစားသမားတွေဟာ ဂျပန်အသင်းကို ပင်နယ်တီပေးခဲ့တာကြောင့် ဒိုင်လူကြီးကို အစောပိုင်းကတည်းက ဒေါသထွက်နေခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ တိုက်ခိုက်ဖို့အထိပါ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားအသင်းနည်းပြကတော့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ သူ့ရဲ့ကစားသမားတွေကို ကာကွယ်သွားခဲ့တာပါ။
မြောက်ကိုရီယားအသင်းနည်းပြက “ကျနော့်ကစားသမားတွေက အနည်းငယ်စိတ်လှုပ်ရှားနေကြတယ်ဆိုတာကို ကျနော်ဝန်ခံပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးပွဲပါ။ ဘောလုံးပွဲတွေမှာ ဒီလိုထိပ်တိုက်တွေ့ဆုံမှုတွေရှိကြပါတယ်။ ကျနော်တို့ရဲ့ အပြုအမူက လက်ခံနိုင်စရာလို့ ထင်ကြောင်း”ပြောခဲ့ပါတယ်။
ဂျပန်အသင်းနည်းပြက ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကာ ဒီပွဲက သူတို့ မျှော်လင့် ထားသလိုပါပဲလို့ ပြောခဲ့တာပါ။ ဂျပန်အသင်းဟာ အာရှအားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ဟောင်ကောင် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနဲ့ ဥဇဘတ်ကစ္စတန် အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီပွဲတွေကို အောက်တိုဘာ ၄ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source:DailyMail