CNI International News

ဆိုးလ်၊ အောက်တိုဘာ ၂၂

ယခုလကုန်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) တို့ကြား စတုတ္ထမြောက် အစည်းအဝေး ဖြစ်မြောက်လာဖွယ်ရှိကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုအစည်းအဝေး ဖြစ်မြောက်လာပါက မြောက်ကိုရီးယား ခေါင်းဆောင်ဘက်က စည်းကမ်းများ သတ်မှတ်ဖွယ် ရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ကင်မ်သည် ရုရှား၊ တရုတ်တို့နှင့် မဟာမိတ် ဆက်ဆံမှုများကို မြှင့်တင်နေပြီး နျူကလီးယား လက်နက်အင်အားကို ချဲ့ထွင်နေသဖြင့် အမေရိကန်နှင့် သံတမန်ရေးအရ ဆက်ဆံရာတွင် ယခင်နှင့်မတူဘဲ အင်အားပြသည့် အနေအထားဖြင့် ချဉ်းကပ်ဖွယ်ရှိနေသည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင် အောက်တိုဘာ ၃၀ ရက်၌ ပြုလုပ်မည်ဖြစ်သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(APEC) ညီလာခံကို တက်ရောက်မည့် ထရမ့်သည် ကင်မ်နှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေး ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ကင်မ်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထိုကဲ့သို့ အစည်းအဝေးမျိုး ဖြစ်မြောက်လာပါက မြောက်ကိုရီးယားဘက်မှ ယခင်ကထက် တောင်းဆိုမှုများ ပိုမိုများပြားလာဖွယ် ရှိသည်ဟုလည်း လေ့လာသူများက ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနသည် စစ်မဲ့ဇုန်အတွင်းရှိ မြောက်ကိုရီးယားနှင့် ဆွေးနွေး မှုများ ပြုလုပ်လေ့ရှိသည့် ပန်မွန်ဂျွန် (Panmunjom) ကျေးရွာကို အရပ်သားများ ဝင်ရောက်ခွင့် ဆိုင်းငံ့ပြီးနောက် ပိုင်း ထရမ့်-ကင်မ် အစည်းအဝေးနှင့်ပတ်သက်ပြီး ထင်ကြေးပေးမှုများ မြင့်တက်ခဲ့သည်။

ထရမ့်နှင့် ကင်မ်တို့သည် ၂၀၁၉ ခုနှစ်က ပန်မွန်ဂျွန်ကျေးရွာတွင် တွေ့ဆုံခဲ့ဖူးသည်။

တောင်ကိုရီးယားဘက်ခြမ်းရှိ ပန်မွန်ဂျွန်ကျေးရွာကို စီမံအုပ်ချုပ်နေသည့် ကုလသမဂ္ဂ စီမံကွပ်ကဲရေးဌာနကမူ ပန်မွန်ဂျွန်ကျေးရွာကို အရပ်သားများ ဝင်ခွင့်ဆိုင်းငံ့မှုနှင့် ထရမ့်-ကင်မ် အစည်းအဝေးကြား ဆက်စပ်မှု ရှိ၊ မရှိကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အမေရိကန်နှင့် မြောက်ကိုရီးယား အစိုးရများကြား တရားဝင် ဆက်ဆံရေး မရှိသော်လည်း ထရမ့် အစိုးရအဖွဲ့၏ အရာရှိများကမူ ကင်မ်နှင့် အစည်းအဝေး ဖြစ်မြောက်ရေးအတွက် သီးသန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: South China Morning Post