CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၂၂
ဘယ်လာရုစ်မော်ဒယ် တစ်ဦးသည် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ပြန်ပေးဆွဲခံခဲ့ရသည်ဆိုသည့် ပြည်ပ မီဒီယာများ၏ သတင်းများကို ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ကြောင်း Khaosod English သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ဘယ်လာရုစ်မော်ဒယ်သည် ထိုင်းနိုင်ငံအတွင်းမှ သူ့သဘော ဆန္ဒအလျောက် ထွက်ခွာသွားသည့် လူဝင်မှု မှတ်တမ်းများနှင့် စောင့်ကြည့်ရေး ဗွီဒီယိုမှတ်တမ်းများကို ထိုင်းရဲတပ်ဖွဲ့က တင်ပြပြီး ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဗီရာ ခရက်ဗ်ဆိုဗာ (Vera Kravtsova) အမည်ရှိ ဘယ်လာရုစ်မော်ဒယ်၏ ခရီးသွားမှတ်တမ်းများနှင့် လက်ဗွေရာ၊ မျက်နှာပုံပန်းသွင်ပြင် အစရှိသည့် Biometric အချက်အလက် ကောက်ယူသည့် စနစ်ဖြင့် လေ့လာခဲ့သည့် အသေး စိတ် အချက်အလက်များ ရှိခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူး ချန်ဂရွန် ရင်ဖာဒီး (Chengron Rimphadee) က အောက်တိုဘာ ၂၁ ရက်က ပြောကြားခဲ့သည်။

ဘယ်လာရုစ်မော်ဒယ် ဗီရာ ခရက်ဗ်ဆိုဗာကို တွေ့ရစဉ်
စုံစမ်းစစ်ဆေးမှုများအရ ခရက်ဗ်ဆိုဗာသည် စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညသန်းခေါ်ကျော်ဖြစ်သည့် နံနက် ၁၂ နာရီ ၄၁ မိနစ်တွင် သုဝဏ္ဏဘူမိလေဆိပ်သို့ ဝင်ရောက်လာခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၇ နာရီတွင် Thai Airways လေကြောင်းလိုင်း၏ လေယာဉ်ပျံသန်းမှု အမှတ်စဉ် TG301 ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ ကြောင်း ဖော်ပြခဲ့သည်။
ခရက်ဗ်ဆိုဗာသည် အလိုအလျောက် နယ်စပ် ထိန်းချုပ်ရေး Automatic Border Control (ABC) စနစ်မှတဆင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားခံရသည့် လက္ခဏာများ မတွေ့ရကြောင့် လုံခြုံရေး ကင်မရာ၏ ဗွီဒီယိုမှတ်တမ်းများတွင် ဖော်ပြခဲ့သည်ဟု ဆိုသည်။
“အဲဒီမော်ဒယ်ဟာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ပေးဆွဲ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေက မမှန်ကန်ပါဘူး”ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အခိုင်အမာ ပြောဆိုခဲ့သည်။
ခရက်ဗ်ဆိုဗာသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များသည် ထိုင်းနိုင်ငံ၏ တရားစီရင်ပိုင်ခွင့် အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုင်းလူဝင်မှုရေးရာ အာဏာပိုင်များသည် ၎င်းတို့၏ သက်သေ အထောက်အထားများကို ထိုင်းနိုင်ငံရှိ ဘယ်လာရုစ် ကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံမှတဆင့် အိမ်နီးချင်းနိုင်ငံများရှိ ကျားဖြန့်စင်တာများသို့ လူမှောင်ခိုကူးမှုများကို တားဆီးရန်အတွက် အစီအမံများ လုပ်ဆောင်နေကြောင်းလည်း ပြောကြားခဲ့သည်။
Source: Khaosod English
