CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၂၂
မြန်မာနိုင်ငံနယ်စပ်တွင် လှုပ်ရှားနေသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA) အဖွဲ့ကို အိန္ဒိယက ဒရုန်းဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်း၌ တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ ကြောင်း Northeast Live သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အိန္ဒိယ၏ အာရူနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်နှင့် မြန်မာနိုင်ငံနယ်စပ်တွင် လှုပ်ရှားနေသည့် NSCN-K/YA ၏ စစ်စခန်းများကို ပစ်မှတ်ထားသည့် ကြီးမားသော ဒရုန်းတိုက်ခိုက်မှု တစ်ခုကို အိန္ဒိယက လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။
ကနဦး ရရှိသည့် သတင်းများအရ NSCN-K/YA ထိပ်သီးခေါင်းဆောင်တစ်ဦး၏ သက်တော်စောင့် ၃ ဦး အပါအဝင် စစ်သွေးကြွ ၅ ဦး သေဆုံးခဲ့ပြီး ထိုထိပ်သီးခေါင်းဆောင်သည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ဆိုသည်။
ထိုစစ်စခန်းများတွင် မကြာသေးမီက အိန္ဒိယလုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်များအား ခိုလှုံခွင့်ပေးထားသည်ဟု ယူဆရသဖြင့် ထိုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည် ဆိုခြင်းကိုမူ တရားဝင် အတည်ပြုချက် ထွက်ပေါ်ခဲ့ခြင်း မရှိသော်လည်း ထိုစစ်ဆင်ရေးသည် ချိတ်ဆက်ညှိနှိုင်းမှုရှိပြီး ပစ်မှတ်တိကျသည့် လမ်းညွှန်စနစ်ဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သဖြင့် ထိပ်သီးအဆင့် ထောက်လှမ်းရေးသတင်းနှင့် ခေတ်မီ ကင်းထောက်စွမ်းဆောင်ရည်များ ရှိနေသည်ကို ပြသရာရောက်ခဲ့သည်။

NSCN-K/YA တပ်ဖွဲ့ကိုတွေ့ရစဉ်
အောက်တိုဘာ ၁၆ ရက်က အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်၊ ချန်းလန်း (Changlang) ခရိုင်၊ မန်မာအို (Manmao) မြို့အနီးရှိ အာသံရိုင်ဖယ်တပ်၏ စစ်ဆင်ရေးစခန်းကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့သည့် ထိုတိုက်ခိုက်မှုကို ULFA-I အဖွဲ့မှ ကေဒါများနှင့် ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NSCN-K/YA က ကြေညာခဲ့သည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များက ထိုဒေသတွင် နယ်မြေရှင်းလင်းရေး စစ်ဆင် ရေးများ ပြုလုပ်ခဲ့သဖြင့် စစ်သွေးကြွများသည် နယ်စပ်ဒေသကိုဖြတ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ဆုတ်ခွာသွားခဲ့ သည်ဟု ဆိုသည်။
မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ချန်းလန်းခရိုင်သည် စစ်သွေးကြွများ၏ လှုပ်ရှားမှုနှင့် နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဗဟိုချက်တစ်ခု ဖြစ်သည်။
ထိုဒေသတွင် NSCN-K/YA နှင့် ULFA-I အဖွဲ့တို့ ကြီးစိုးထားပြီး လုံခြုံရေးတပ်ဖွဲ့များကို ပူးပေါင်းတိုက်ခိုက်လေ့ ရှိသည်ဟု သတင်း၌ ဖော်ပြထားသည်။
Source: Northeast Live
