CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၃

အမေရိကန် အပါအဝင် ဥရောပနိုင်ငံများက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြေညာ ခံထားရသူ ရှာရား (Sharaa)သည် ဆီးရီးယားသမ္မတ အာဆတ်အစိုးရကို ဖြုတ်ချလိုက်ပြီးနောက် ဆီးရီးယားသမ္မတ တာဝန်ကို ရယူကာ ကုလ အစည်းအဝေးအား တက်ရောက်လာခဲ့သည်။

ဆီးရီးယားသမ္မတ အာမက် အယ် ရှာရားသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အစည်းအဝေးများကို တက်ရောက်ရန် နယူးယောက်သို့ ရောက်ရှိလာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။

ထို့ကြောင့် သူသည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ကုလအစည်းအဝေးများကို တက်ရောက်မည့် ပထမဆုံး ဆီးရီးယား သမ္မတ ဖြစ်လာခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းအေဂျင်စီက စက်တင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့ သည်။

တစ်ချိန်က အယ်ကေဒါအဖွဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့ဖူးပြီး အမေရိကန်၏ ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ထုတ်ခြင်းခံခဲ့ရသည့် ရှာရားသည် မေလက ဆော်ဒီနိုင်ငံ၊ ရီးယာ့ဒ် (Riyadh) မြို့တော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတကာနှင့် သံတမန် ဆက်ဆံရေးများ၌ အောင်မြင်မှုများ ရရှိခဲ့သည်။

 အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဆော်ဒီမင်းသားတို့နဲ့အတူ တွေ့ရတဲ့ ရှာရား

အမေရိကန်က ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှု အများစုကို ရုပ်သိမ်းပေးခဲ့ပြီး ထရမ့် အစိုးရအဖွဲ့ ကလည်း ဆီးရီးယားနိုင်ငံ စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်းရေးရရှိရန် ရှာရား၏ အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ရှာရားသည် အကြိမ်(၈၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အစည်းအဝေး ဖွင့်ပွဲဖြစ်သည့် စက်တင်ဘာ ၂၃ ရက်တွင် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဆီးရီးယားနိုင်ငံတွင် သမ္မတ အာဆတ် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုကနေတဆင့် ၂၀၁၁ ခုနှစ်၌ ပြည်တွင်းစစ် ဖြစ်ပွားလာခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အာဏာရှင် သမ္မတ အာဆတ် အစိုးရကို ရှာရား ဦးဆောင်သည့် ညွန့်ပေါင်း သူပုန်တပ်ဖွဲ့က ဖြုတ်ချ၍ အစိုးရသစ်ကို ဖွဲ့စည်းကာ ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် အမျိုးသားညီ ညွတ်ရေးကို ကြိုးပမ်းတည်ဆောက်နေသည်။

Source: ရိုက်တာ