CNI International News
ဂျာကာတာ၊ စက်တင်ဘာ ၂၃
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်တပ်၏ အခန်းကဏ္ဍ ချဲ့ထွင်မှုကို စက်တင်ဘာ ၂၂ ရက်က နိုင်ငံ၏ အကြီးဆုံး သတင်းစာတစ်စောင်တွင် စာမျက်နှာအပြည့်ဖြင့် ကြော်ငြာထည့်သွင်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုကြော်ငြာထဲတွင် စစ်တပ်က စတင်ကိုင်တွယ်တော့မည့် ကာကွယ်ရေးကဏ္ဍ မဟုတ်သည့် စီမံကိန်းများ၏ အသေးစိတ် အချက်အလက်များကို ဖော်ပြထားသည်။
သမ္မတ ပရာဘိုဝို(Prabowo Subianto) လက်ထက်တွင် စစ်တပ်၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်မည့် အစီအစဉ်အား ဝေဖန်မှုများ ထွက်ပေါ်နေသည့်ကြားမှ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာ၌ စာမျက်နှာအပြည့်ဖြင့် ကြော်ငြာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
ပရာဘိုဝိုသည် ပြီးခဲ့သည့်နှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံရပြီးကတည်းက အစိုးရဝန်ထမ်း ရာထူးနေရာများ အတွက် စစ်တပ်အရာရှိများကို ခန့်အပ်ခဲ့သည်။
အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်
ထို့ကြောင့် ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် စစ်တပ်က ဩဇာလွှမ်းမိုးမည့် အခြေအနေသို့ ခေတ်နောက်ပြန်ဆွဲသွားနိုင်သော အလားအလာကို ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ က စိုးရိမ်ခဲ့ကြသည်။
“No Longer Just Military: Indonesian-style People's Defense” ဟု ခေါင်းစဉ်ပေးထားသည့် ထိုကြော်ငြာကို Kompas သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများကို ချဲ့ထွင်ပြီး ချမ်းသာကြွယ်ဝရေးနှင့် မတူညီသည့် နယ်ပယ် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးအပေါ် အခြေခံသော ပြည်သူ့ကာကွယ်ရေးပုံစံအဖြစ် အသွင်ပြောင်းလဲကြောင်း ဖော်ပြထားသည်။
ပရာဘို၀ိုသည် စာသင်ကျောင်းများတွင် အခမဲ့ နေ့လယ်စာများ ကျွေးခြင်း၊ ဆေးဝါးထုတ်လုပ်ရေး၊ စိုက်ပျိုးရေး စီမံကိန်းများနှင့် ဆီအုန်း စိုက်ခင်းများကို နိုင်ငံပိုင်သိမ်းခြင်း အစရှိသည့် လုပ်ငန်းတာဝန်များအတွက် စစ်တပ်၏ ပါဝင်မှုကို ထည့်သွင်းခဲ့သည်။
ကလေးတွေကို နေ့လယ်စာ ကျွေးရန်ပြင်ဆင်နေစဉ်
ထိုကြော်ငြာထဲတွင် အစိုးရ၏ စီမံကိန်း ၁၀ ခုအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်မည့် အကြောင်းကို ဖော်ပြထားသည်။
ထိုစီမံကိန်း ၁၀ ခုအနက် စာသင်ကျောင်းများတွင် အခမဲ့နေ့လယ်စာ ကျွေးမွေးခြင်း၊ ကျန်းမာရေးနှင့် စိုက်ပျိုး မွေးမြူရေး ကဏ္ဍများတွင် စစ်တပ်၏ တပ်ရင်းသစ် ၁၀၀ ခန့် ထူထောင်ရေးနှင့် ဆေးဝါးထုတ်လုပ်ရေးအတွက် စစ်တပ်ဓာတ်ခွဲခန်းများ ထူထောင်ရေးတို့ ပါဝင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ထောင်နှင့်ချီသည့် ဘွဲ့ရလူငယ်များကို စစ်တပ်အသွင်ဖြင့် လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ထိုလူငယ်များသည် နေ့လယ်စာ ကျွေးမွေးသည့် အစီအစဉ်များတွင် အကြီးအကဲများ သို့မဟုတ် အာဟာရ ပညာရှင်များ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ကြော်ငြာထဲ၌ ဖော်ပြခဲ့သည်။
ထိုကြော်ငြာ ထည့်သွင်းရသည့် အကြောင်းပြချက်အတွက် ကာကွယ်ရေးဝန်ကြီးဌာနထံမှ မှတ်ချက်တောင်းခံခဲ့ သော်လည်း ချက်ချင်းတုံ့ပြန်ခဲ့ခြင်း မရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
Source: ရိုက်တာ