CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၀

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်အဖွဲ့သည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေးအတွက် အထက်လွှတ်တော် ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် စက်တင်ဘာ ၁၈ ရက်က အဆိုပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလုပ်ဆောင်ချက်သည် ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်ကြား ၂ နှစ်နီးပါးကြာ စစ်ပွဲ ဖြစ်ပွားနေချိန်၌ ပါလက်စတိုင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ မူဝါဒ အပြောင်းအလဲ တစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။

အထက်လွှတ်တော်၏ ဒီမိုကရက်များ ဦးဆောင်သည့် ထိုအစီအစဉ်သည် လွှတ်တော်တွင် အတည်ပြုချက်ကို ရရှိနိုင်ခြေမရှိပေ။

အဘယ်ကြောင့်ဆိုသော် အထက်လွှတ်တော်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) ၏ ရီပတ်ဘလစ်ကန် အမတ်များက လူများစုနေရာကို ရရှိထားခြင်းကြောင့် ဖြစ်သည်။

ထရမ့်ကလည်း သူသည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ပြောကြားခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ ပြောကြားချက်ကို သဘောမတူကြောင်းနှင့် ရီပတ်ဘလစ်ကန်များသည် ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုမည့် အားထုတ်ကြိုးပမ်းမှုများတွင် ပါဝင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းတွေကိုတွေ့ရစဉ်

"အမေရိကန်အနေနဲ့ ဒီကိစ္စကို ဦးဆောင်ဖို့ တာဝန်ရှိလာပါပြီ။ အခုအချိန်က လက်တွေ့လုပ်ဆောင်ဖို့ အချိန်ဖြစ် ပါတယ်" ဟု ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုလိုသည့် ဒီမိုကရက်လွှတ်တော်အမတ် ဂျက်ဖ် မာကလီ (Jeff Merkley) က ပြောကြားခဲ့သည်။

ဒီမိုကရက်အင်အားစု၏ ကြေညာချက်တွင် အမေရိကန် အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ မရှိသည့် ပါလက်စတိုင်း နိုင်ငံအဖြစ် အသိအမှတ်ပြုရေး အပါအဝင် ပါလက်စတိုင်းနှင့် အစ္စရေးကြား ငြိမ်းချမ်းရေး အလားအလာများကို မြှင့်တင်ရေးအတွက် တိုက်တွန်းထားသည်။

အောက်လွှတ်တော်တွင်လည်း ဒီမိုကရက် လွှတ်တော်အမတ် ရို ခန်နာ (Ro Khanna )က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုရေးအတွက် ထောက်ခံမှုများ ရရှိရန် စာတစ်စောင် ဖြန့်ဝေခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဝါရှင်တန်ရှိ အစ္စရေးသံရုံးကမူ ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံ မှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။

Source: ရိုက်တာ