CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၂

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးက ကန့်ကွက်နေသည့်ကြားကနေ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်မလား စောင့်ကြည့်မည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ ၂၂ ရက်၌ ကုလသမဂ္ဂအထွေထွေညီလာခံသည် ဂါဇာ ကမ်းမြောင်ဒေသ၌ ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး အထူးအစည်းအဝေးတစ်ခုကို ပြုလုပ်မည်ဖြစ်သည်။ 

ထိုအစည်းအဝေးသည် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး အစီအစဉ်ကို ပြန်လည် အသက်သွင်းသည့် ပြင်သစ်နှင့် ဆော်ဒီတို့ ဦးဆောင်သော သံတမန်ရေးရာအစီအစဉ်၏ ခြေလှမ်းတစ်ခု ဖြစ်လာ မည်ဖြစ်သည်။

စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးကို တက်ရောက်မည့် နိုင်ငံအချို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားပြီးဖြစ်သည့် ကုလအဖွဲ့ဝင် ၁၄၅ နိုင်ငံကျော်နှင့်အတူ ပူးပေါင်းသွားမည်ဟု ကြေညာခဲ့သည်။

ထိုနိုင်ငံများထဲတွင် ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ဩစတြေးလျ၊ လူဇင်ဘတ်နှင့် မော်လ်တာနိုင်ငံများ ပါဝင်သည်။

ပါလက်စတိုင်းများကို တွေ့ရစဉ်

အစ္စရေးက ဂါဇာတွင် ထိုးစစ်ကို အရှိန်မြှင့်နေချိန်၌ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည့် ဥရောပနိုင်ငံ များ၏ ကြေညာချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်ကလည်း သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ လွတ်လပ် သည့် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် အစ္စရေးသည် ဂါဇာ၌ လူမျိုးသုဉ်း သတ်ဖြတ်မှုများ ကို ကျူးလွန်နေကြောင်း ကောက်ချက်ချခဲ့သည်။

အစ္စရေးနှင့် ၎င်း၏ မဟာမိတ်ဖြစ်သည့် အမေရိကန်ကမူ ထိုထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့ပြီး ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် အကြမ်းဖက်မှုကို အားပေးရာ ရောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းကို မထောက်ခံသူများကမူ ခိုင်မာပြီး လက်တွေ့ကျသည့် လုပ်ဆောင်မှု မပါဘဲ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမှုသည် လုံလောက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

"အနောက်နိုင်ငံတွေက ပါလက်စတိုင်းကို ထောက်ခံတယ်လို့ ပြောနေကြပေမယ့် လက်တွေ့ကျတဲ့ အရေးယူ လုပ်ဆောင်ချက်တွေ မရှိခဲ့ကြပါဘူး" ဟု ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ (West Bank) ရှိ ရာမလာ (Ramallah) မြို့တွင် အခြေစိုက်သည့် ပြည်သူ့သံတမန်ရေးရာ ပါလက်စတိုင်း အင်စတီကျု၏ ညွှန်ကြားရေးမှူး အင်နက်စ် အဗ္ဗဒယ် ရာဇက် (Ines Abdel Razek) က ပြောကြားခဲ့သည်။

Source: DW