CNI International News

အစ္စလာမ်မာဘက်၊ စက်တင်ဘာ ၂၀

အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရအဖွဲ့အနေဖြင့် ပါကစ္စတန်နှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမည် လော သို့မဟုတ် စစ်သွေးကြွများကို အာဖဂန်မြေပေါ်တွင် ဆက်လက်ခိုလှုံခွင့် ပေးထားမည်လော ဆိုသည့် အချက် ၂ ချက်တွင် ၁ ချက်ကို ရွေးချယ်ဆုံးဖြတ်ရမည်ဟု ပါကစ္စတန်အစိုးရက သတိပေးခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) ကလည်း ပါကစ္စတန်တာလီဘန်အဖွဲ့ဖြစ်သည့် (TTP) နှင့်အခြား စစ်သွေးကြွအဖွဲ့များသည် အာဖဂန်မြေပေါ်တွင် ခြေကုပ်ယူပြီး ပါကစ္စတန်ကို တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။

အကယ်၍ အာဖဂန်တာလီဘန် အဖွဲ့အနေဖြင့် TTP နှင့် အခြား စစ်သွေးကြွများကို အာဖဂန်မြေပေါ်တွင် ဆက်လက် ခိုလှုံခွင့် ပေးထားမည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်လိမ့်မည်ဟု ရှရစ်ဖ်က ပြောကြားခဲ့သည်။

စစ်သွေးကြွများသည် အာဖဂန် နယ်စပ်အနီးရှိ ပါကစ္စတန်၏ ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်နှင့် အခြားဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အာဖဂန်နိုင်ငံအတွင်းသို့ ထွက်ပြေး ဝင်ရောက်သွားခဲ့ကြောင်း ပါကစ္စတန် အရာရှိများက ပြောကြားခဲ့သည်။

အာဖဂန်တာလီဘန်အဖွဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်

ထို့ကြောင့် အာဖဂန်တာလီဘန် အစိုးရအနေဖြင့် စစ်သွေးကြွများကို အရေးမယူပါက ပါကစ္စတန်သည် အာဖဂန်အစိုးရနှင့် ဆက်ဆံတော့မည် မဟုတ်ကြောင်း ရှရစ်ဖ်က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အာဖဂန်နယ်စပ်အနီးရှိ ပါကစ္စတန်တာလီဘန်အဖွဲ့၏ ခြေကုပ်စခန်း ၃ ခုကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ချိန်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး စစ်သား ၁၉ ဦးနှင့် စစ်သွေးကြွ ၄၅ ဦး သေဆုံးခဲ့သည်။

ပါကစ္စတန်စစ်သားများ အကျအဆုံးများမှုက စစ်သွေးကြွများကို ချေမှုန်းနေသည့် ပါကစ္စတန်၏ စစ်ဆင်ရေးသည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို ပြသနေသည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း ပါကစ္စတန်တွင် TPP အဖွဲ့၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။

ပါကစ္စတန် တာလီဘန်အဖွဲ့ဖြစ်သည့် TPP သည် အာဖဂန်တာလီဘန်အဖွဲ့နှင့် တူညီမှုမရှိဘဲ သီးခြားအဖွဲ့ ဖြစ်သော်လည်း ထိုအဖွဲ့ ၂ ဖွဲ့ကြား နီးကပ်သည့် ဆက်ဆံရေး ရှိနေသည်ဟု ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။

Source: Nikkei Asia