CNI International News
ဘေဂျင်း၊ စက်တင်ဘာ ၃
တရုတ်သမ္မတ ရှီကျင့်ဖျင် (President Xi) သည် စက်တင်ဘာ ၂ ရက်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် အနောက်အုပ်စုကို စိန်ခေါ်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) တို့နှင့် တွေ့ဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဥရောပတွင် နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး စစ်ပွဲဖြစ်သည့် ယူကရိန်းစစ်ပွဲ၌ ၎င်းတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများ၏ ဖယ်ကြဉ်မှု ခံထားရချိန်မှာ ၎င်းတို့ကြား စည်းလုံးညီညွတ်မှုကို ပြသခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရှီသည် ပြည်သူ့မဟာ ခန်းမဆောင်တွင် ပူတင်နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ရှီက ပူတင်ကို မိတ်ဆွေဟောင်း ကြီးဟု ခေါ်ဆိုခဲ့သည်။
ထို့နောက် နာရီပိုင်းအကြာတွင် ဘေဂျင်းမြို့တော်သို့ ကျည်ကာရထားဖြင့် ရောက်ရှိလာသည့် ကင်မ်နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည်။
၎င်းတို့ ၃ ဦးသည် စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်မည့် တရုတ်၏ စစ်ရေးပြ အခမ်းအနားတွင် အတူတကွ တက်ရောက်မည်ဖြစ်သည်။
ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမေရိကန်ပထမ မူဝါဒကြောင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် ရှီသည် ကမ္ဘာ့အခင်းအကျင်းသစ်အတွက် ၎င်း၏အမြင်ကို ထုတ်ဖော်ပြသမည် ဖြစ်သည်။
ရှီသည် စက်တင်ဘာ ၂ ရက်ကလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ဆွေးနွေးခဲ့ပြီး အိန္ဒိယသည် ရုရှားထံမှ ရေနံများကို ဆက်လက် ဝယ်ယူနေသဖြင့် ထရမ့်က အိန္ဒိယကို ပစ်မှတ်ထားကာ ကုန်သွယ်ခွန်များ မြှင့်တင်ခဲ့သည်။
ထရမ့်၏ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) ကမူ ရုရှားထံမှ ရေနံများ အများဆုံး ဝယ်ယူနေ သည့် တရုတ်နှင့် အိန္ဒိယသည် ယူကရိန်းစစ်ပွဲတွင် ရုရှား၏ စစ်ရေးကြိုးပမ်းမှုများကို အားပေးလှုံ့ဆော်နေကြောင်း စွပ်စွဲခဲ့သည်။
Source: ရိုက်တာ