CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီနှင့် တရုတ်ဈေးကွက် ကြီးစိုးနေသည့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို အိန္ဒိယနိုင်ငံအနေဖြင့် ဝင်ရောက်လာပါက မည်သည့်ဒေသများ၌ တူးဖော်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
မြန်မာနိုင်ငံမှ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ်တွင် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့်တွေ့ဆုံခဲ့ပြီး မြေရှားသတ္တု တူးဖော်ရေးနှင့် လုံခြုံရေးကဏ္ဍများမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် သဘောတူညီမှု ရရှိခဲ့သည်။
တရုတ်-မြန်မာနယ်စပ် ကချင်ဒေသက မြေရှားသတ္တုများသည် တရုတ်လုပ်ကွက်များ ဖြစ်နေသည့်အတွက် အိန္ဒိယ အနေဖြင့် အစိုးရချင်းသဘောတူညီမှု (G to G) ဖြင့် မြေရှားတူးဖော်ရေး လုပ်မည်ဆိုပါက စစ်ကိုင်းတိုင်းဒေသထဲ တွင် လုပ်ဆောင်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
မြေရှားသတ္တုတူးဖော်နေသော လုပ်ငန်းခွင်ကို တွေ့ရစဉ်
၎င်းက “အထူးသဖြင့် ကျနော်တို့ ရှာဖွေတွေ့ရှိခြင်း မလုပ်ရသေးတာကတော့ မြန်မာနိုင်ငံရဲ့ အနောက်မြောက် ဘက် အခြမ်းပေါ့။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်နေတဲ့ အပေါ်ဘက်ပေါ့။ အထူးသဖြင့် ဒုတိယကမ္ဘာစစ် အတွင်းက အင်ဖာ-ကိုဟီးမားကို ဂျပန်တွေ သွားတိုက်တဲ့ လမ်းကြောင်းမှာရှိတဲ့ မြို့တွေ၊ ရွာတွေပေါ့။ ဥပမာ ပန်ဆောင်တို့၊ ဟိုဘက်ကဆိုရင် မော်လိုက်တို့၊ နောက်ပြီးတော့ ဟုမ္မလင်းတို့၊ အဲဒီနေရာတွေက အိန္ဒိယနဲ့ ချိတ်ဆက်ပြီးတော့ ကျနော်ထင်တယ်လေ၊ လက်ရှိမြေရှားနဲ့ ပတ်သက်လို့လည်း ကျနော်တို့ မသိသေးတာလည်း ဖြစ်နိုင်တာပေါ့။ ဒါက ရှိကောင်းရှိနေနိုင်တာပေါ့။ ဒီလိုနေရာမျိုး ဆိုရင်တော့ အိန္ဒိယဘက်က ကျနော်တို့ အလိုရှိမှာ သေချာပါတယ်။ ဒါကြောင့်မို့လို့လည်း လက်ရှိ ယာယီသမ္မတကြီး အနေနဲ့ ဒါကို ဆွေးနွေးခဲ့တယ်လို့ ကျနော်ယူဆ ပါတယ်။ အဲဒါက သယ်မယ်ဆိုရင် အင်ဖာ-ကိုဟီးမားပေါ့။ တမူးပေါ့နော်။ စစ်ကိုင်းတိုင်း၊ ကလေးအပေါ်က တမူး။ အဲဒီဘက် အပေါ်မြင့်လို့လည်း လမ်းကြောင်းတွေက ရှိနေပါတယ်။ တောက်လျှောက်ကို နှစ်နိုင်ငံမှာ Trade အနေနဲ့ အကြီးအကျယ်ကြီးသာ မသွားပေမယ့် ဒေသန္တရ ပြည်သူအချင်းချင်း ဟိုဘက်၊ ဒီဘက် ပူးပေါင်းဆက်ဆံနေတဲ့ အိန္ဒိယ၊ အာသံပြည်နယ်၊ နာဂလန်း၊ အောက်ဆိုရင် မီဇိုရမ်၊ အားလုံးက မြန်မာနိုင်ငံနဲ့ကတော့ နယ်စပ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ချိတ်ဆက်မှုကတော့ အများကြီးရှိပါတယ်။ လမ်းကြောင်းအရကလည်း မရှိဘူးလို့ ပြောလို့ မရပါဘူး။ ရှိနေမှာပါ”ဟု ပြောသည်။
ပြီးခဲ့သည့် လပိုင်းက အမေရိကန်ဘက်မှ မြန်မာ့မြေရှားများအား စိတ်ဝင်စားသည့်အကြောင်း ထွက်ပေါ်လာပြီး နောက် ဒုတိယကမ္ဘာစစ်အတွင်း စစ်ရေးအတွက် အသုံးပြုခဲ့သည့် စတီးဝဲလမ်းခေါ် လီဒိုလမ်းမကြီးကို ကုန်သွယ်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အိန္ဒိယဘက်မှ တာဝန်ယူ ပြုပြင်ပေးသွားရန်ရှိကြောင်း ဘီဘီစီ သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုလမ်းကြောင်းသည် အိန္ဒိယနိုင်ငံ၊ လီဒိုမြို့မှ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်ကို ဖြတ်ပြီး တရုတ်ပြည် ကူမင်းမြို့အထိ ဖောက်လုပ်ထားသည့် လီဒိုလမ်းမကြီးဖြစ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလတွင် ရပ်နားထားခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် အိန္ဒိယနှင့် နီးစပ်သော်လည်း ပန်ဝါဘက်မှ မြေရှားသတ္တု တူးဖော်ရေး လုပ်မည်ဆိုပါ ကလည်း အိန္ဒိယနှင့် နီးစပ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
မြေရှားသတ္တုနဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်
၎င်းက “ဘယ်ဒေသတွေ ဖြစ်နိုင်မလဲဆိုတော့ စစ်ကိုင်းတိုင်းထဲမှာလည်း ဒီကိစ္စတွေက ရှိနေတယ်လို့တော့ ကြားသိ ထားတာပေါ့။ စစ်ကိုင်းတိုင်းဆိုရင်တော့ အိန္ဒိယနဲ့ တော်တော်လေး နီးစပ်တယ်ပေါ့။ အခု ပန်ဝါတို့ ဘာတို့ဆိုတာ လည်း တကယ်တမ်း တရုတ်နဲ့နီးစပ်တယ်။ လမ်းကြောင်းသာ ကောင်းသွားရင် အိန္ဒိယဘက်ကိုလည်း တစ်ရက် အတွင်းနဲ့ ပေါက်တဲ့ နေရာတွေပါ။ ဟိုတုန်းက စတီးဝဲလ်လမ်းမကြီး (လီဒို)ကိုအသုံးပြုပြီး သွားကြမယ်ဆိုရင်လည်း အိန္ဒိယဘက်က လမ်းကောင်းကောင်း ဖောက်ထားတယ်။ မြန်မာဘက်ကပဲ ကျန်တော့တာလေ။ အဲဒီလမ်းဟောင်း ကြီးကလည်း ပြန်ပြင်မှာ။ ဒါက မြေရှားသယ်ယူရေး ကိစ္စတွေလည်း မဖြစ်လာဘူးလို့ ပြောလို့မရဘူး။ အဲဒီ စတီးဝဲလ်လမ်းမကြီး (လီဒို)ကိုလည်း။ ဒါကြောင့် အိန္ဒိယက လုပ်မယ်ဆိုရင် ဘယ်နေရာ လုပ်မယ်ဆိုတာ အတိ အကျ မပြောနိုင်ပေမယ့်လည်း မြန်မာပြည်မှာတော့ မြေရှားထွက်တဲ့နေရာ တော်တော်များများ ရှိတယ်။ အခုလော လောဆယ် ပန်ဝါကနေပြီးမှ လုပ်မယ်ဆိုရင်လည်း သူ့အိန္ဒိယနဲ့ နီးစပ်တယ်ဆိုတဲ့ အကြောင်းလေးကို ကျနော် ဆွေးနွေးလိုတာပါ” ဟု ပြောသည်။
လက်ရှိတွင် မြေရှားလုပ်ကွက်ပေါင်း ၃၀၀ နီးပါး ရှိနေသည့် ပန်ဝါဒေသ အပါအဝင် ကချင်ပြည်နယ်ထဲမှ မြေရှား သတ္တုထွက်ရှိရာ ဒေသများကို KIA မှ သိမ်းပိုက်ထားသည်။
KIA မသိမ်းပိုက်ခင်က မြန်မာဘက်ကနေ တရုတ်ကိုတင်ပို့သည့် မြေရှားသတ္တုသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တွင် တန်ချိန် ၄,၂၀၀ ရှိခဲ့ကြောင်း၊ ချီဖွေနှင့်ပန်ဝါ၌ KIA နှင့် တိုက်ပွဲ ဖြစ်နေစဉ်ကာလ အောက်တိုဘာမှ ဒီဇင်ဘာ အထိ သုံးလအတွင်း တန်ချိန် ၃,၃၀ဝ ကျော် တင်ပို့နိုင်ကြောင်း တရုတ်အကောက်ခွန်ဌာန၏ စာရင်းများအရ သိရသည်။
လက်ရှိတွင် တရုတ်ဘက်မှ မြေရှားသတ္တု တူးဖော်တင်ပို့သည့် လုပ်ငန်းများနှင့် ဝင်ငွေများသည် KIA ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်အတွင်းက မြေရှားသတ္တုတူးဖော်နေသော ဒေသများကိုတော့ “ဝ”ပြည်သွေးစည်းညီညွတ် ရေးတပ်မတော်(UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)တို့ ထိန်းချုပ်ထားသည်။