CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃

ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ ခိုင်မာစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး တပ်မတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများ၊ ပညာတော် သင် ကျောင်းသား/သူများဖြင့် မြန်မာသံရုံး၌ တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့ နိုင်ငံအနေဖြင့် လွတ်လပ်ရေး ရရှိပြီးအချိန်မှစတင်၍ နိုင်ငံရေးစနစ်အမျိုးမျိုး၊ စီးပွားရေးစနစ် အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ရကြောင်း၊ တပ်မတော် အနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို ကျင်းပ၍ နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ‌ဆောင်ရွက်ပေးခဲ့ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှုရှိစေရေး တပ်မတော်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီ ပထမအစိုးရသက်တမ်းတွင် ဒီမိုကရေစီစနစ် ခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် ပြည်တွင်းငြိမ်းချမ်း ရေးသည် မဖြစ်မနေ လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုက‌ရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး တပ်မတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်”ဟု ပြောသည်။

မိမိတို့အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲ အား ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုများကို အခြေခံ၍ အပိုင်းလိုက် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု မရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစနစ်(MEVM)ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် ပညာတတ်များဖြစ်ရန်လည်း လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပချိန်တွင် နိုင်ငံအတွက်၊ ဒေသအတွက် အကျိုးပြုနိုင်မည့်သူကို ကိုယ်စားလှယ်အဖြစ် ရွေး ချယ်နိုင်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲအား အပိုင်း(၁) အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်ပြီး ကျန်မဲဆန္ဒနယ်များကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ဆက်လက် ကျင်းပမည် ဖြစ်သည်။

ထို့နောက် ‌ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံ‌ရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော်က ကာကွယ်ရေး တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။