CNI International News
လော့စ်အိန်ဂျလိစ်၊ ဇွန်လ ၁၁
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် (Los Angeles) မြို့တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှု များကို နှိမ်နင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အမျိုးသားအစောင့်တပ်ဖွဲ့ကို စေလွှတ် ခဲ့သဖြင့် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ် (Gavin Newsom) သည် နိုင်ငံရေး အကျပ် အတည်းနှင့် ကြုံတွေ့လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ထရမ့်က နယူဆမ်ကို ဖုန်းခေါ်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ၎င်းတို့ ၂ ဦးကြား ဆွေးနွေးမှုများသည် အလွန်လှိုက်လှဲဖော်ရွေခဲ့ကြောင်း နယူဆမ်က ပြောသည်။
သို့သော် ၂၄ နာရီအကြာတွင် ထရမ့်က ထောင်နှင့်ချီသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထား ခဲ့သဖြင့် နယူဆမ်က ထရမ့်၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့သည်။
အမျိုးသားအစောင့်တပ်ဖွဲ့ကို တွေ့ရစဉ်
အမေရိကန်၏ လူနေအထူထပ်ဆုံး ပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး နယူဆမ်သည် ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ရန် အလားအလာ ကောင်းနေသူဖြစ်သည်။
သို့သော် ထရမ့်၏ နိုင်ငံရေးရွှေ့ကွက်ကြောင့် လက်ရှိတွင် နယူဆမ်သည် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ ရသည်။
ထရမ့်၏ ပထမသက်တမ်းနှင့် ယခု ဒုတိယသက်တမ်းတွင် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် ရီပတ်ဘလစ်ကန် သမ္မတဖြစ်သည့် ထရမ့်နှင့် ဆက်ဆံရေးများ အဆင်ပြေရန် ရုန်းကန်ခဲ့ရသည်။
အတိတ်ကာလကလည်း နယူဆမ်နှင့် ထရမ့်ကြား ထိပ်တိုက်တွေ့မှုများရှိခဲ့ပြီး ထရမ့်က နယူဆမ်အား နယူးစ်ကမ်း (Newscum) ဟု ခေါ်ဆိုခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး နယူဆမ်ကို တွေ့ရစဉ်
Newscum ၏ အဓိပ္ပာယ်မှာ New သည် နယူဆမ်၏ ရှေ့စာလုံးကို ယူထားခြင်းဖြစ်ပြီး scum သည် ဆန်ကုန် မြေလေးဟု အဓိပ္ပာယ်ရသဖြင့် နယူဆန်ကုန်မြေလေးဟု အဓိပ္ပာယ်ဖော်နိုင်သည်။
ထရမ့် ရွေးကောက်ပွဲ နိုင်ခဲ့ပြီးနောက် နယူဆမ်ကလည်း ထရမ့်၏ လွှမ်းမိုးမှုကင်းသည့် ကယ်လီဖိုးနီးယားပြည်နယ် ("Trump-proof" California) ဖြစ်စေရမည်ဟု ကြေညာခဲ့သည်။
“ကျနော်က အမေရိကန်သမ္မတနဲ့ လေးစားမှုရှိရှိ၊ တာဝန်ခံမှုရှိရှိ အမြဲတမ်း ချဉ်းကပ်လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိပါ တယ်။ ဒါပေမယ့် သမ္မတတစ်ဦး အနေနဲ့မဟုတ်ဘဲ ကိုယ်ကျိုးအတွက်ပဲ လုပ်နေတာတွေ ရှိပါတယ်။ အဲဒါကြောင့် ကျနော်က ဒေါ်နယ်ထရမ့်အတွက် ဘယ်တော့မှ အလုပ်လုပ်ပေးမှာ မဟုတ်ပါဘူး” ဟု နယူဆမ်က ပြောကြားခဲ့ သည်။
Source: ရိုက်တာ