CNI International News
အိုက်ဇော၊ ဇွန်လ ၁၁
မီဇီုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူ လာဒူဟိုမာ (Pu Lalduhoma) သည် အိုက်ဇော(Aizawl) မြို့တော်တွင် ဇွန်လ ၉ ရက်က မီဇိုရမ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို သဘာပတိအဖြစ် ဦးဆောင် ပြုလုပ်ခဲ့သည်ဟု India Today သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မီဇိုရမ်ပြည်နယ်၏ နယ်စပ်ဒေသများနှင့် ပြည်နယ်လုံခြုံရေးကို ကာကွယ်ရန် မတူကွဲပြားသည့် အစိုရဌာနများနှင့် အေဂျင်စီများကြား ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်စေရန် ထိုကော်မတီကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
ထိုအစည်းအဝေးတွင် အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများရှိ လုံခြုံရေး အခြေအနေ များကို အဓိကထား ဆွေးနွေးခဲ့သည်။
မဏိပူရပြည်နယ်၏ နယ်စပ်များအတွင်း အိမ်နီးချင်းနိုင်ငံမှ လက်နက်ကိုင်အဖွဲ့များ ဝင်ရောက် လှုပ်ရှားနေသည့် ကိစ္စများနှင့် ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးမှုသည် အကြီးမားဆုံး ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာ လုံခြုံရေးအစည်းအဝေး ကျင်းပနေစဉ်
ထို့နောက် ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများဆိုင်ရာအက်ဥပဒေ (POCSO Act) အောက်တွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သောအမှု ၃၃၈ မှုရှိခဲ့သည်။
ယခုနှစ်အစမှ မေလကုန်အထိ မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် အမှုပေါင်း ၁၁၄ ခု ရှိခဲ့ပြီး တရားမဝင် မူးယစ် ဆေးဝါး အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ထိုမူးယစ်ဆေးဝါးများအနက် ကာလတန်ဖိုး ရူပီး ၈၄ ကုဋေရှိသည့် မက်သာဖက်တမင်း ဆေးပြား ၆၄၈ ကီလိုဂရမ်၊ ကာလတန်ဖိုး ရူပီး ၁၅ ဒသမ ၅ ကုဋေရှိသော ခရစ္စတယ်မက်သ် ၅ ကီလိုဂရမ်ကျော် ပါဝင်ခဲ့သည်။
မူးယစ်ဆေးဝါးမှုနှင့်အတူ ကလေးသူငယ်များနှင့် လိမ်အကြမ်းဖက်မှုမှ ကာကွယ်ပေးထားသည့် POCSO Act အောက်တွင် လူမှောင်ခိုကူးမှုများ မြင့်တက်ခဲ့သည်ဟု ဆိုသည်။
၂၀၂၄ ခုနှစ်က လူမှောင်ခိုကူးမှု ၄၇ မှုရှိခဲ့ပြီး လူ ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုနှစ် အစပိုင်းမှ မေလကုန်ပိုင်း အထိ လူမှောင်ခိုကူးမှု ၃၄ မှုရှိခဲ့၍ လူ ၅၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
Source: India Today