CNI International News
ဘရပ်ဆဲလ်၊ မေလ ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump ) သည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးကို စိတ်မရှည် တော့သည့် အချိန်တွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်လုပ် လက်နက်များကို ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့ပေးဖွယ်ရှိကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဥရောပနိုင်ငံများတွင် ယူကရိန်းအား ထောက်ပံ့ပေးရန် လက်နက် အများအပြား သိုလှောင်ထားခြင်း မရှိဘဲ ၎င်းတို့ ၏ လက်နက်များသည်လည်း ယူကရိန်းကိုထောက်ပံ့ရန် လုံလောက်မှုမရှိပေ။
အမေရိကန်ကလည်း ယူကရိန်းကို အထောက်အပံ့များ ဆက်ပေးရန် မသေချာတော့ချိန်တွင် ဥရောပနိုင်ငံများ သည် အမေရိကန်ထံမှ လက်နက်များ ဝယ်ယူခြင်းဖြင့် ယူကရိန်း၏ လက်နက်ပြဿနာကို ဖြေရှင်းဖွယ်ရှိသည်။
အမေရိကန်က အဆိုပြုခဲ့သည့် ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ရုရှားသမ္မတ ပူတင်က (Vladimir Putin) က ငြင်းဆိုခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ရန် ဥရောပခေါင်းဆောင်များ၏ တောင်းဆိုချက်ကိုလည်း အိမ်ဖြူတော်က ငြင်းဆိုခဲ့သည်။
ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား နွေရာသီ ထိုးစစ်အတွက် ပြင်ဆင်နေသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကို ဆိုင်းငံ့ထားပုံပေါ်ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
သမ္မတ ဇာလန်းစကီး၊ သမ္မတဒေါ်နယ်ထရမ့်၊ သမ္မတမက်ခရွန်တို့ကို တွေ့ရစဉ်
ဥရောပနိုင်ငံများက ယူကရိန်းကို လက်နက်များ ထောက်ပံ့မည်ဆိုပါက ယူကရိန်းသည် ရုရှား၏ ထိုးစစ်ကို ခုခံနိုင်မည်ဖြစ်ပြီး ပူတင်ကိုလည်း အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားများပေးနိုင်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် ဥရောပခေါင်းဆောင်များက ယူကရိန်းကို ထောက်လှမ်းရေး သတင်းအချက်အလက်များ ဆက်လက် ထောက်ပံ့ပေးရန် ထရမ့်ကို စည်းရုံးနိုင်ခဲ့မည်ဆိုပါက ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) အတွက် ရုရှားပစ်မှတ်များကို တိကျစွာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ယူကရိန်းကို Patriot အမြောက်များ ပိုမိုထောက်ပံ့ရန် အမေရိကန်က နေတိုးမဟာမိတ်နိုင်ငံများကို တိုက်တွန်း နေသော်လည်း နေတိုးမဟာမိတ်နိုင်ငံများက Patriot စနစ်ကို ၎င်းတို့၏ နယ်နိမိတ်များအား ကာကွယ်ရန်သာ အသုံးပြုချင်နေကြသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားခဲ့သည်။
ဧပြီလ အတွင်းကလည်း ဇာလန်းစကီးက ယူကရိန်းအစိုးရသည် အမေရိကန်ထံမှ Patriot အမြောက် ၁၀ ခုကို ဝယ်ယူလိုကြောင်းနှင့် အမေရိကန်၏ အကြောင်းပြန်မှုကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။
Source: South China Morning Post