CNI International News

နယူးဒေလီ၊ မေလ ၂၄

အိန္ဒိယအစိုးရနှင့် တူရကီနိုင်ငံ၏ လေကြောင်းဝန်ဆောင်မှုပေးသည့် Celebi  ကုမ္ပဏီကြား တရားရေးဆိုင်ရာ အမှုအခင်းများ ဖြစ်ပွားမှုသည် စာချုပ်များကို ဖျက်သိမ်းရန် အမျိုးသားလုံခြုံရေးအကြောင်းပြချက်ကို အသုံးပြု သည့် အခြေအနေအား မီးမောင်းထိုးပြသရာ ရောက်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန် တိုက်ခိုက်မှုများအတွင်း တူရကီက ပါကစ္စတန်ဘက်မှ ထောက်ခံမှုကြောင့် အိန္ဒိယတွင် တူရကီကုန်ပစ္စည်းများကို အသုံးမပြုဘဲ သပိတ်မှောက်နေချိန်၌  ထိုအမှုအခင်း များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်က Celebi  ကုမ္ပဏီကို ခွင့်ပြုပေးထားသည့် လျှို့ဝှက် အချက်အလက် များ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

မေလ ၂၂ ရက်က ဒေလီအထက်တရားရုံးတွင် ပြုလုပ်သည့် ကြားနာစစ်ဆေးမှု၌ အိန္ဒိယအစိုးရဘက်က ထိုကဲ့သို့ ရုပ်သိမ်းရခြင်းအတွက် ကျိုးကြောင်းခိုင်လုံသော အကြောင်းပြချက်ကို ပေးခဲ့ခြင်းမရှိပေ။

အိန္ဒိယအစိုးရဘက်က ရှေ့နေတစ်ဦးကမူ အမျိုးသားလုံခြုံရေးကိစ္စ အပါအဝင် မခန့်မှန်းနိုင်သည့် အခြေအနေ ကြောင့် ကြိုတင်အသိပေးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

 Celebi  ကုမ္ပဏီရဲ့ လေကြောင်းလိုင်းကိုတွေ့ရစဉ်

အိန္ဒိယနှင့် ပါကစ္စတန်တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်အတွင်း တူရကီသည် ပါကစ္စတန်ကို စစ်ဘက်သုံး ဒရုန်းများနှင့် စစ်မှုထမ်းများ ထောက်ပံ့ကူညီခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့နောက် မေလ ၁၅ ရက်တွင် အိန္ဒိယ၏ ပြည်သူ့လေကြောင်းလုံခြုံရေးဗျူရို (BCAS) က Celebi  ကုမ္ပဏီအား ခွင့်ပြုပေးထားသည့် လျှို့ဝှက် အချက်အလက်များ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

Celebi  ကုမ္ပဏီကတော့ အိန္ဒိယအစိုးရသည် ပွင့်လင်းမြင်သာမှုမရှိဘဲ လျှို့ဝှက် အချက်အလက်များ အသုံးပြုခွင့် ကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေလီနှင့်ဘုံဘေ အထက်တရားရုံးများတွင် အသနားခံစာတင်ခဲ့သည်။

အိန္ဒိယအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် အလုပ်အကိုင်ပေါင်း ၃၈၀၀ နီးပါး ထိခိုက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ကျဆင်းစေခဲ့ကြောင်း Celebi  ကုမ္ပဏီက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရကမူ အမျိုးသားလုံခြုံရေး အခြေအနေကို ထည့်သွင်းစဉ်းစားသည့် အနေဖြင့် ကြိုတင်အသိပေးခြင်း မပြုဘဲ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးတွင် တုံ့ပြန်ခဲ့သည်။

Source: Nikkei Asia