CNI News 

၂၀၂၅ ခုနှစ်၊ မေလ ၂၃

စာပေပညာရေး သင်ရိုးညွှန်းတန်းများတွင် သမိုင်းအလွဲများ သင်ပေးနေခြင်းကြောင့် လူမျိုးစုပြဿနာများကို မရှင်းနိုင်ခြင်းဖြစ်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာ မူလတန်းနှင့်အလယ်တန်းမှသည် အထက်တန်းကျောင်းအထိ သမိုင်းသင်ရိုးများ၌ သမိုင်းအလွဲများကို သင်ကြားနေမိခြင်းနှင့် နိုင်ငံကို ဗမာလူမျိုး သူရဲကောင်းများကသာ ကာကွယ်စောင့်ရှောက်နေ သည်ဟု သင်ကြားနေခြင်းက အမျိုးသားညီညွတ်ရေးကို ထိခိုက်စေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။ 

မြန်မာနိုင်ငံ၏ ပညာရေးစနစ်က လူငယ်များကို နိုင်ငံချစ်စိတ်ထက် ပုဂ္ဂိုလ်ရေးကို ပိုချစ်မိသွားရန် သင်ကြားပေး မိသလိုဖြစ်နေကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟိုတုန်းက စစ်တိုက်ကျတယ်ဆိုတာ ဘုန်းလက်ရုံးကြောင့်မို့ သူတို့ပြိုင်ပြီးမှ စစ်တိုက်ကြတာပါ။ ရှမ်းက နိုင်ရင် ရှမ်းကအုပ်ချူပ်တယ်၊ ဗမာနိုင်ရင် ဗမာကအုပ်ချုပ်တယ်၊ မွန်ကနိုင်ရင် မွန်ကအုပ်ချုပ်တယ်။ ရခိုင်နိုင်တဲ့ အခါကျတော့ ရခိုင်အုပ်ချုပ်လာတာပေါ့လေ။ အဲဒါမျိုး သမိုင်းကြောင်းတွေကို ဖျောက်ဖျက်ပြီးမှသူက ဗမာ သူရဲကောင်း သုံးယောက်ကိုပဲ အဓိကဦးတည်ပြီးမှ သင်လာတဲ့ အခါကျတော့ ကျန်တဲ့တိုင်းရင်းသားတွေက ဒီနိုင်ငံ တည်ဆောက်‌ရေးမှာ ငါတို့မပါဘူးဆိုတဲ့ အသိမျိုးတွေ ဖြစ်သွားတာပေါ့။ ဒါအခု ကျနော်တို့ ရှမ်းနီနောက်ဆုံးဘုရင် သိုဟန်ဘွား ဆိုရင်တော့ မိစ္ဆာဒိဠိv ဆိုရင်တော့ ဒါမိစ္ဆာဒိဠိ ဆိုပြီးတော့မှ သမိုင်းမှာ ရေးထားတယ်၊ ကျနော်တို့ လူမျိုးတစ်စုလုံးကို မရှောင်နိုင်အောင် သမိုင်းမှတ်တမ်းထဲမှာ ထည့်ထားတဲ့အခါကျတော့ ဒါတော်တော်စိုးတဲ့ သမိုင်းတွေလို့ ကျနော့်အနေနဲ့ ပြောချင်တာ ပေါ့။ အဲလိုမျိုးတွေ သင်ရိုးညွှန်းတန်းတွေ ပြောင်းလာတဲ့အခါကျတော့ ဗမာဟာ လူမျိုးကြီး ဖြစ်လာပြီးမှ တိုင်းရင်း သားတွေ အထင်သေးလာတယ်။ ပြဿနာ အဲကစတာပဲလို့ ကျနော့် အနေနဲ့ ပြောချင်တာပေါ့”ဟု ပြော သည်။

လက်နက်ကိုင်၊ အစိုးရ၊ စစ်တပ် ခေါင်းဆောင်များကို တွေ့ရစဉ်

ဗမာသည် လူမျိုးကြီးဝါဒဆိုသည့် စိတ်မျိုး တစ်ခါမှမဖြစ်ဖူးကြောင်း၊ တိုင်ရင်းသားများကို အုပ်ချုပ်မည့် အခွင့် အရေး ပေးလိုက်လျှင် ခွဲထွက်မလားဆိုသည့် စိုးရိမ်စိတ်များရှိနေကြောင်း၊ မည်သည့် လူမျိုးကြီးမှ မရှိကြောင်း၊ တကယ် လူမျိုးရေး ခွဲခြားနေသည်မှာ တိုင်းရင်းသားများက ပြန်ခွဲခြားနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က ခွဲတာမဟုတ်ဘူး ကိုးကန့်နေရာမှာ ဟုတ်လား၊ ကိုးကန့်သွားလို့ရှိရင် ဗမာတွေက သူတို့ မှတ်ပုံတင် ဘယ်မှာလဲ၊ ဒီဘက်မှတ်ပုံတင် မကိုင်ရဘူးတို့ ဒါမျိုး ဟိုပြောဒီပြော ပြောနေတာတွေပေါ့ဗျာ။ ဗမာ မဝင်ရတို့ ဘာတို့ ဒါမျိုးတွေ ဒါတွေက အမှန်တကယ် လူမျိုးခွဲခြားနေတာ သူတို့က ခွဲနေတာလေ အဲလူတွေ အကုန်လုံးက ဟိုဟာတွေကြီးဘဲ ကျနော်တို့က ပြောရလို့ရှိရင် အာဏာရှင်တွေကြီးဘဲ ဒီမိုကရေစီလည်း မဟုတ် ဘူး၊ ဖက်ဒရယ်ဆိုတာလည်း သူတို့အာဏာရဖို့ပဲ ပြောနေတာ။ အဲတော့ ဒီမိုကရေစီအခြေခံမရှိဘူး အဲဒီလူတွေက။ အမှန်တိုင်းပြောလို့ရှိရင် ဒီဘက် အစိုးရဘက်ကနေပြီးတော့ အုပ်ချုပ်ရေးပေါ့ နိုင်ငံရေး၊ စစ်ရေးမှာ အားနည်း ချက်တွေ ရှိနေတာကို သူတို့က အခွင့်ကောင်းယူပြီးမှ သူတို့က ဒီစကားတွေ ပြောနေခြင်းသာဖြစ်တယ်။ ကျနော်တို့ ဘက်က ဒီဘက်က ချို့ယွင်းချက်တွေရှိတယ်၊ တကယ့်တကယ်ကျအာဏာရှင်တွေကြီးပဲ ဒီဘက်မှာ ဘာမှမရှိဘူး။ တကယ်ဖြစ်နေတာ သူတို့ဖြစ်နေတာ ဒီမိုကရေစီနဲ့ ပတ်သက်လို့လည်း ဒီမိုကရေစီကို မယုံကြည်တာ သူတို့ပဲ။ သူတို့မှာ ဒီမိုကရေစီ မတူညီမှုတောင် သည်းညည်းမခံတဲ့ကိစ္စ ဘယ်လိုလုပ် ဒီမိုကရေစီဖြစ်မှာလည်း ဒါအဖြေပါဘဲ”ဟု ပြောသည်။

တိုင်းရင်းသားပေါင်းစုံ အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရန် ပြင်ဆင်ထားစဉ်

မြန်မာနိုင်ငံတွင် ဗမာလူမျိုးကို တိုင်းရင်းသားဟု ဗမာမဟုတ်သော လူမျိုးများက သတ်မှတ်နိုင်မှု အားနည်းနေ သလို ဗမာလူမျိုးများကလည်း ဗမာမဟုတ်သော လူမျိုးများအား တိုင်းရင်းသားများဟုဆိုကာ သုံးနှုန်း၍ တဆင့်နိမ့် လူမျိုးများအဖြစ် နားလည်မှု ကောက်ယူလျက်ရှိနေကြသည်။

မြန်မာနိုင်ငံကို လူမျိုးပေါင်းစုံ စုစည်း၍ ထူထောင်ခဲ့ခြင်းဖြစ်၍ ပညာရေး သင်ရိုးညွှန်းတန်း သမိုင်းများတွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဗိုလ်ချုပ်အောင်ဆန်း စသည့် အကြောင်းများသာ အများဆုံး သင်ကြားလျက်ရှိပြီး တခြားသော နိုင်ငံအကျိုးထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းသားလူမျိုးများ၏ သမိုင်းများကို သင်ကြားမှု အလွန်အားနည်းလျက်ရှိနေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ပညာရေးသင်ရိုးညွှန်းတန်းအား ယဉ်ကျေးမှုပေါင်းစုံမူဝါဒကို ချမှတ်၍ အနာဂတ် မျိုးဆက်များကို သင်ကြားရန် ဆွေးနွေးလျက်ရှိနေသည်။