CNI International News
ဝါရှင်တန်၊ မေလ ၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ဝေါ့ဇ် (Mike Waltz) ကို ရာထူးမှဖယ်ရှားခဲ့ပြီး ၎င်းအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်ဟု တိုင်းမ်မဂ္ဂဇင်းမှ ဖော်ပြခဲ့သည်။
ယခုလုပ်ဆောင်ချက်သည် ထရမ့်၏ ဒုတိယသက်တမ်းအတွင်း ပထမဆုံးအကြိမ် အထင်ကရ ရာထူးနေရာ အပြောင်းအလဲ ပြုလုပ်မှုဖြစ်သည်။
ဝေါ့ဇ်သည် ယီမင်နိုင်ငံရှိ ဟူရ်သီစစ်သွေးကြွများကို တိုက်ခိုက်မည့် လျှို့ဝှက်ချက်များကို Signal လူမှုမီဒီယာတွင် ပြောကြားခဲ့သည့် Group Chat တစ်ခုပေါက်ကြားခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာ၌ ၎င်း၏ လက်ထောက်အရာရှိ အဲလက်စ်ဝေါင် (Alex Wong) နှင့်အတူ မေလ ၁ ရက်မှာ ရာထူးမှ ထွက်ခွာသွားခဲ့သည်။
အမေရိကန်အထူးတပ်ဖွဲ့ဝင် စစ်သားဟောင်းတစ်ဦးဖြစ်ပြီး ဖလော်ရီဒါ လွှတ်တော်အမတ်ဟောင်းဖြစ်သည့် ဝေါ့ဇ် သည် The Atlantic မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သူ ဂျက်ဖရေး ဂိုးလ်ဘတ်ချ် (Jeffrey Goldberg) ကို အစိုးရ ထိပ်သီးအရာရှိများသာ ပါဝင်သည့် Group Chat ထဲတွင် မှားယွင်းစွာ ထည့်သွင်းခဲ့သဖြင့် ယီမင်ရှိ ဟူရ်သီ သူပုန်များအား တိုက်ခိုက်သည့် အသေးစိတ် အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဉ်ကြောင့် ထရမ့်အစိုးရအဖွဲ့သည် လုံခြုံရေးကျိုးပေါက်မှုဖြင့် ဝေဖန်ရှုတ်ချခံခဲ့ရသည်။
ရာထူးမှဖယ်ရှားခံလိုက်ရတဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ဝေါ့ဇ်ကို တွေ့ရစဉ်
“ကျနော်ဟာ သမ္မတထရမ့်နဲ့ ကျနော်တို့ရဲ့ ကြီးကျယ်တဲ့နိုင်ငံအတွက် အလွန်ဂုဏ်ယူစွာ ဆက်လက် ထမ်းဆောင် သွားမှာ ဖြစ်ပါတယ်”ဟု ဝေါ့ဇ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
သမ္မတထရမ့်ကလည်း ဝေ့ါဇ်သည် စစ်မြေပြင်တွင် စစ်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်မှစပြီး လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်အထိ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများကို ရှေ့တန်းတင်ပြီး အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း Truth Social လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
ထရမ့်က ဝေါ့ဇ်ကို ထောက်ခံကြောင်း အများပြည်သူရှေ့တွင် ထပ်တလဲလဲ ပြောကြားခဲ့သည် ဆိုသော်လည်း နောက်ကွယ်၌ ဝေါ့ဇ်သည် Signal မက်ဆေ့ချ် အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့မှုကြောင့် သမ္မတ၏ယုံကြည်မှုကို ဆုံးရှုံးခဲ့သည်။
ဝေါ့ဇ်ကို အမျိုးသားလုံခြုံရေးရာထူးမှ ဖယ်ရှားပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်စေခြင်းကို ရာထူးတိုးပေးမှုအဖြစ် ရှုမြင်နိုင်သည်ဟု အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်က (JD Vance) သတင်းဌာနသို့ ပြောကြားခဲ့သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ယူသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
Source: တိုင်းမ်