CNI International News

ဂျာကာတာ၊ မေလ ၃

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံနှင့် အရှေ့အာရှအတွက် စီးပွားရေး သုတေသန အင်စတီကျု (ERIA) ၏ ရုံးခန်းတွင် “ကမ္ဘောဒီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အင်ဒိုနီးရှား၏ အခန်းကဏ္ဍ” အမည်ရှိ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို  ERIA School of Government (SOG) သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်ဟု ANTARA  သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။

ထိုဆွေးနွေးပွဲတွင် အကြောင်းအရာ အများအပြားကို ဆွေးနွေးမည်ဖြစ်ပြီး မေလ ၆ ရက်တွင်မူ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် (Samdech Akka Moha Sena Padei Techo Hun Sen) က ERIA ခေါင်းဆောင်မှုအခန်းကဏ္ဍကို ဟောပြောပို့ချမည်ဖြစ်သည်။

ထိုဆွေးနွေးပွဲသည် ၁၉၈၀ ပြည့်နှစ်ကုန်ပိုင်းနှင့် ၁၉၉၀ ပြည့်နှစ် အစောပိုင်း ကာလများအတွင်း  ကမ္ဘောဒီးယား နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လုပ်ဆောင်ရာတွင် အင်ဒိုနီးရှား၏ အရေးကြီးသည့် အခန်းကဏ္ဍအား မီးမောင်းထိုး ဖော်ပြခဲ့သည်။

အင်ဒိုနီးရှား၏ အစီအစဉ်များသည် ကမ္ဘောဒီးယား၏ ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းကို အဆင်ပြေ ချောမွေ့စေရုံသာမက အာဆီယံအား ဒေသတွင်း လုံခြုံမှုရှိစေသည့် မောင်းနှင်အား တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်စေခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးရေး ကိုယ်စားလှယ်များကိုတွေ့ရစဉ်

ERIA သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သည့် ပါမောက္ခ နိုဘူဟီရို အီဇာဝါ (Nobuhiro Aizawa) ၏ ဖွင့်ပွဲ မိန့်ခွန်းတွင်လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားလက်နက်ကိုင် တပ်ဖွဲ့တို့မှတဆင့် အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားသည့် စွမ်းဆောင်မှုများကို အလေးထား ပြောဆိုခဲ့သည်။

“သံတမန်ရေးရာနဲ့ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုကဏ္ဍဟာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အချိန်မှာတောင် ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတာကို ကမ္ဘောဒီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း အင်ဒိုနီးရှားရဲ့ လှုပ်ရှားဆောင်ရွက်မှုက ကြီးမားတဲ့ ဥပမာတစ်ခုလို ဖြစ်နေပါတယ်” ဟု အီဇာဝါက ပြောကြားခဲ့သည်။

ERIA ခေါင်းဆောင်မှု ဟောပြောပို့ချချက် အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်က စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှား၏ ဆဋ္ဌမမြောက် သမ္မတဖြစ်သည့် ဆူစီလို ဘမ်းဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က သဘာပတိအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Source: ANTARA