CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး နာပိုလီအသင်းထံ အလွတ်ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းက မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာနဲ့ နာပိုလီအသင်းနည်းပြ ကွန်တီတို့အကြား အဓိကကွာခြားမှု ၂ ခုကို ဖွင့်ဟ ခဲ့ပါတယ်။
ဒီဘရိုင်းက “သူတို့ရဲ့ မတူညီတဲ့ ကစားပုံစံကို ကျနော်ပြောချင်ပါတယ်။ ပပ်က ဘောလုံးကို ထိန်းချုပ်တာနဲ့ ပိုင်ဆိုင်မှု ရယူတာကို အနည်းငယ် ပိုပြီးအာရုံစိုက်ပါတယ်။ ကွန်တီကတော့ ပွဲအပေါ် တည်ဆောက်ပုံနဲ့ စိတ်ဓါတ် ပိုင်းကို ပိုပြီးအာရုံစိုက်ပါတယ်။ ပြီးတော့ ပပ်က ဇုန်ဧရိယာတွေမှာ ပိုပြီးအလုပ်လုပ်ပါတယ်။ မတူညီတဲ့အချက်တွေ ရှိပေမယ့် နည်းပြတိုင်းက သူတို့ရဲ့ကိုယ်ပိုင်မှုနဲ့ စရိုက်လက္ခဏာတွေရှိပါတယ်”လို့ Corriere dello Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
မန်စီးတီးအသင်းမှာ ဆယ်စုနှစ် တစ်ခုကြာ ကစားပြီး ထွက်ခွာခဲ့တဲ့ ဒီဘရိုင်းဟာ နာပိုလီအသင်းနဲ့အတူ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ကစားနေပြီ ဖြစ်ပါတယ်။
ဂျန့်ခ်၊ ချယ်လ်ဆီး၊ ဝါဒါဘရီမင်၊ ဝုလ်ဖ်ဘတ်အသင်းတွေမှာလည်း ကစားခဲ့တဲ့ ဒီဘရိုင်းဟာ ဂွာဒီယိုလာနဲ့ အချိန် အကြာကြီး လက်မတွဲခင်က မော်ရင်ဟို၊ ပယ်လီဂရီနီ၊ ဟတ်ကင်းစတဲ့ နာမည်ကြီး နည်းပြတွေအောက်မှာ ကစားခဲ့ တာပါ။
ဒီဘရိုင်းကို တွေ့ရစဉ်
အသက် ၃၄ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ နည်းပြဂွာဒီယိုလာ လက်အောက် ၈ ရာသီကြာ ကစား ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီဘရိုင်းဟာ စီးရီးအေပြိုင်ပွဲထံ ရောက်ရှိလာချိန်မှာ ဘုရင်လို့ တံဆိပ်ကပ် ဖော်ပြခံနေရပြီး ဒီအပေါ်မှာ သူဟာ ဘုရင်မဟုတ်ဘဲ ဘောလုံးသမားသာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။
စီးရီးအေ လက်ရှိ ချန်ပီယံနာပိုလီအသင်းဟာ ရာသီသစ် မတိုင်မီ ကစားနေတဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ရလဒ်တွေ ကောင်းမွန်မှု မရှိသေးဘဲ ၄ ပွဲ ကစားထားတာမှာ ၁ ပွဲသာ အနိုင်ရရှိထားပါတယ်။
နာပိုလီအသင်းဟာ နောက်ထပ် ခြေစမ်းပွဲတွေအဖြစ် ဂျီရိုနာ၊ ဆိုရန်တို၊ အိုလံပီယာကို့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပြီး သြဂုတ် ၂၃ ရက်မှာ ဆက်ဆူအိုလိုအသင်းနဲ့ စီးရီးအေ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal