CNI International News

ဘေဂျင်း၊ ဩဂုတ် ၇

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က စတင်ခဲ့သည့် ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များအတွက် ကြွေးမြီလျှော့ချရေး စီမံကိန်းသည် အတွင်းမွန်ဂိုလီးယား (Inner Mongolia) ဒေသတွင် ပထမဆုံးအကြိမ် ကြီးမားသည့် အောင်မြင်မှု ရရှိခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုဒေသသည် ကြွေးမြီအန္တရာယ် ရှိနေသည့် စာရင်းတွင် ပါဝင်ခဲ့သော ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ ၁၂ ဖွဲ့ ထဲ၌ ထည့်သွင်း သတ်မှတ်ခံခဲ့ရပြီး လက်ရှိတွင် ကြွေးမြီအန္တရာယ်မှ ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် ကြွေးမြီ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များကို ကြွေးမြီ လျှော့ချရေး လုပ်ငန်းစဉ်အတွက် ဆက်လက် လုပ်ဆောင်နေပြီး ကြွေးမြီအကျပ်အတည်းမှ ရုန်းထွက်နိုင်ရန် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်ကို ပိုမိုအရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း အတွင်းမွန်ဂိုလီးယားဒေသ၏ တရုတ်ပြည်သူ့လွှတ်တော်ဆိုင်ရာ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

မွန်ဂိုလီးယားသူတွေကိုတွေ့ရစဉ်

တရုတ်၏ ကျောက်မီးသွေး၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် နို့ထွက်ပစ္စည်းများ အဓိက ထုတ်လုပ်သည့် အတွင်း မွန်ဂိုလီးယားဒေသသည် အစောပိုင်းက ဘဏ္ဍာရေး အခက်အခဲများကြောင့် ထိုဒေသ၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သော ပေါင်တူ (Baotou) မြို့တွင် မြေအောက်ရထားလမ်း စီမံကိန်းကို ဖျက်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၏ ကြွေးမြီ အကျပ်အတည်းသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ စီးပွားပျက်ကပ်ပြီးနောက် ပိုမိုမြင့်တက်လာခဲ့ပြီး ချိန်ကိုက်ဗုံး တစ်လုံးအဖြစ် ရှုမြင်ခံခဲ့ရသည်။

ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၏ ချေးငွေများ မြင့်တက်လာမှုနှင့်အတူ ဇွန်လ ကုန်ပိုင်းတွင် ထုတ်ပြန်သည့် စာရင်းများအရ ကြွေးမြီသည် ယွမ် ၅၁ ဒသမ ၉၅ ထရီလျံ (ဒေါ်လာ ၇ ဒသမ၂၃ ထရီလျံ) အထိ ရှိခဲ့သည်။

ထိုအကျပ်အတည်းသည် မသေချာ မရေရာမှုများကို မြင့်တက်လာစေခဲ့ပြီး အထူးသဖြင့် မြေရောင်းချမှုများမှ ရရှိသည့် ဝင်ငွေသည် ကျဆင်းခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက တရုတ်နိုင်ငံတော်ကောင်စီသည် ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသ ၁၂ ခုကို ကြွေးမြီ အန္တရာယ်သင့် စာရင်းတွင် ထည့်သွင်းခဲ့ပြီး လက်ရှိအချိန်၌ အတွင်းမွန်ဂိုလီးယားဒေသသည် ထိုစာရင်းမှ ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်သည်။

Source: South China Morning Post