
- By CNI
- Category: အားကစား
- Hits: 951
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၀
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဟာနန်ဒက်စ်က အိုးထရက်ဖိုဒ့်ကို ပြန်လာဖြစ်ခဲ့ရင် အလကား ကစား ပေးသွားမယ်လို့ ပြောလိုက်ပါတယ်။
ဟာနန်ဒက်စ်က “ယူနိုက်တက်ကသာ ကျနော့်ကို ဒီကိုလာမလားဆိုရင် လာမယ်လို့ပြောပြီး အလကား ကစားပေး လိုက်မယ်လို့ ပြောမှာပါ။ကျနော်ဒီလိုမျိုးလုပ်မယ်ဆိုတာခင်ဗျားလည်း သိပါတယ်။ဒါပေမယ့် ကျနော့်ရဲ့ ကလပ်ကို လည်း လေးစားမှုရှိချင်ပါတယ်။အယ်လ်အေဂလက်ဇီနဲ့ ဆုဖလားရယူနိုင်ဖို့ စိတ်ထဲမှာ စွဲမြဲထားပြီး အနာဂတ်မှာ ဒီလိုတွေဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် ကျနော့်ရဲ့စိတ်ထဲမှာတော့ အယ်လ်အေဂလက်ဇီက ရာနှုန်းပြည့်ရှိပါတယ်” လို့ ပြောခဲ့တာပါ။
ဂန္တဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်မှာ နာမည်ကြီးလာခဲ့တဲ့ ဟာနန်ဒက်စ်ဟာ မန်ချက်စတာကလပ်မှာ ၅ ရာသီကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလား ၂ ကြိမ်ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဟာနန်ဒက်စ်ဟာ ဖာဂူဆန်ထွက်သွားခဲ့တဲ့ ၂၀၁၃ နောက်ပိုင်း ယူနိုက်တက်ကစားသမားဘဝ မရေမရာဖြစ်ခဲ့ပြီး ရီးရယ်လ်အသင်းထံ အငှားသွားကစားခဲ့ရသလို ၂၀၁၅ မှာ လေဗာကူဆင်အသင်းထံ အပြီးသတ်ရောင်းချခံခဲ့ရတာပါ။ မက္ကဆီကို တိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ၁၅၇ ပွဲကစားခဲ့ပြီး ၅၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဟာနန်ဒက်စ်ဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီအသင်းအတွက် ခြေစွမ်းပြသနေခဲ့ တာပါ။ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ပြီးနောက် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ လက်ရှိ အချိန်မှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ အသင်းကို ပြောထားခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် အသင်းဟာ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေမှုတွေပြုလုပ်နေတာပါ။ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုဟာ အသင်းက ထွက်ခွာချင်နေပြီး မာရှယ်က ဒဏ်ရာကြောင့် အနားယူနေခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ မကြာသေးခင်က ဘိုလောဂ့်နာတိုက်စစ်မှူး အာနော်တိုဗစ်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေ မယ့် ဘိုလောဂ့်နာအသင်းဟာ မရောင်းချချင်ခဲ့သလို ပရိသတ်တွေကလည်း မခေါ်ယူဖို့ တောင်းဆိုခဲ့တာကြောင့် အခြားတစ်ဦးကို ရှာဖွေနေတာပါ။
မန်ချက်စတာကလပ်ဟာ ကွင်းလယ်ပိုင်းအတွက်လည်း ဂျူဗင်တပ်စ်အသင်းက ရာဘီယော့ကို ခေါ်ယူဖို့ အီတလီကလပ်နဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိထားပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Mirror

- By CNI
- Category: အားကစား
- Hits: 1114
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၉
လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမား သီယာဂိုဟာ ဖူလ်ဟမ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သီယာဂိုဟာ အဆိုပါ ပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၅၀ မှာ ဒဏ်ရာကြောင့် ဆက်ကစားနိုင်ခြင်း မရှိတော့တဲ့အတွက် လူစားလဲ ခံခဲ့ရတာပါ။ The Athletic ကတော့ စပိန်ကစားသမားဟာ စက်တင်ဘာ လလယ်အထိ အနားယူရမယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲ့ဒါကြောင့် သီယာဂိုဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်တဲ့ ပဲလေ့စ်၊ ယူနိုက်တက်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ အဲဗာတန်နဲ့ ဝုလ်ဗ်စ်တို့ ပွဲစဉ်တွေကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းဟာ သီယာဂိုမတိုင်ခင် ချိန်ဘာလိန်နဲ့ ကာတစ် ဂျူံးစ် တို့ကိုလည်း ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။
တံကောက်ကြောဒဏ်ရာ ရခဲ့တဲ့ သီယာဂို (FotMob)
အဲ့ဒါကြောင့် ကလော့ပ်အတွက် ဒီသတင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။ ဒီအခြေအနေတွေကြောင့် လီဗာပူးလ် အသင်းအနေနဲ့ နောက်ထပ် ကွင်းလယ်ကစားသမား ဝယ်ယူမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကလော့ပ်က “ အပြောင်း အရွှေ့က အခုရော ရေရှည်မှာပါ အဓိပ္ပါယ်ရှိရပါမယ်။ ကျနော်တို့မှာ ကွင်းလယ်ကစားသမား ၈ ဦးရှိလို့ ကွင်းလယ်အတွက် လုံလောက်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် ထိတ်လန့်ခြင်း မရှိပါဘူး”လို့ ဖြေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ဘိုင်ယန်မြူးနစ်ကနေ ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ သီယာဂိုဟာ လီဗာပူးလ်အသင်းမှာ မကြာခဏ ဆိုသလို ဒဏ်ရာနဲ့ ကြုံတွေ့နေခဲ့ရတာပါ။ သူဟာ ဒဏ်ရာရတာတွေနဲ့ နာမကျန်းမှုတွေကြောင့် ၂၀၂၀-၂၁ ရာသီက လိဂ်ပွဲ ၂၄ ပွဲသာ ကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း ၂၅ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
သီယာဂိုဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ် အသင်းနဲ့အတူ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား ရယူနိုင်ခဲ့ပြီး အခုရာသီ အစမှာ ကွန်မြူနတီဒိုင်း တို့ကို ရယူနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ သရေရလဒ်ရခဲ့တဲ့ လီဗာပူးလ် အသင်းဟာ ပွဲစဉ် ၂ အဖြစ် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 850
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၈
အန်သိုနီဂျိုရွာရဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းက တိုင်ဆန်ဗျူရီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်သမားပဲလို့ ပြောလိုက် ပါတယ်။
အက်ဒီဟန်းက “ အခုအချိန်မှာ ခင်ဗျား ကျနော့်ကို ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်က ဘယ်သူလဲလို့မေးရင် တိုင်ဆန်ဗျူရီပဲလို့ ပြောရမှာပါ။ ဒါကို ပြောရတာ နာကျင်ပေမယ့် ဒါက အဖြစ်မှန်ပါ”လို့ Happy Hour Podcast ကို ပြောခဲ့တာပါ။
တိုင်ဆန်ဗျူရီဟာ ဧပြီလက နောက်ဆုံး ထိုးသတ်ခဲ့တဲ့ပွဲမှာ ဒီလီယန်ဝှိုက်ကို အနိုင်ရထားပြီး ကစားသမားဘဝက အနားယူပြီ လို့ ပြောထားခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန် ဟဲဗီးဝိတ် ချန်ပီယံနဲ့ ပတ်သက်ပြီး ကောလာဟာလ သတင်းတွေ ထွက်ပေါ်နေ ခဲ့ပါတယ်။
တိုင်ဆန်ဗျူရီဟာ အန်သိုနီဂျိုရွာနဲ့ အူဆက်ခ်တို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ထိုးသတ်ပြီး အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံ အဖြစ် အဆုံးသတ်ဖို့ ပြောဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။
အက်ဒီဟန်းကိုတွေ့ရစဉ်(Sky Sport)
ဒါ့အပြင် တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရွာနဲ့ ဒီဇင်ဘာလထဲမှာ ထိုးသတ်ဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့တာ ပါ။ ရှုံးပွဲမရှိ ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရပ်တည်နေတဲ့ တိုင်ဆန်ဗျူရီဟာ သရုပ်ပြပွဲတွေ ထိုးသတ်ဖို့လည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာတော့ သြဂုတ်လထဲ ထိုးသတ်မယ့် အန်သိုနီဂျိုရွာနဲ့ အူဆက်ခ်တို့ ပွဲပြီးရင်တော့ အခြေအနေတွေဟာ ပြောင်းလဲသွားဖို့ ရှိနေတာပါ။ သူတို့နှစ်ဦးဟာ အခုလ ၂၀ ရက် ဆော်ဒီနိုင်ငံမှာ မကျေပွဲအဖြစ် ထိုးသတ်မှာ ဖြစ်ပါတယ်။
နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ပွဲမှာ အူဆက်ခ်က အနိုင်ရပြီး WBA, IBF, WBO နဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့် အန်သိုနီဂျိုရွာက ဒီပွဲမှာ အနိုင်ရပြီး ချန်ပီယံဆုတွေကို ပြန်လည် ရယူချင်နေတာ ဖြစ်ပါတယ်။
အက်ဒီဟန်းကတော့ သူ့ရဲ့ကစားသမားဖြစ်တဲ့ အန်သိုနီဂျိုရွာ အနေနဲ့ အူဆက်ခ်နဲ့ပွဲမှာ အနိုင်ရခဲ့ရင် ကမ္ဘာ့အကောင်းဆုံး ဟဲဗီးဝိတ်သမား ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 1133
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈
ဘရာဇီးလ်ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံ လီအန်ဒရိုလိုဟာ ဦးခေါင်းကို သေနတ်နဲ့ပစ်ခံခဲ့ရတာကြောင့် တနင်္ဂနွေနေ့က သေဆုံးသွားခဲ့တယ်လို့ ရှေ့နေဖြစ်သူက အတည်ပြုလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ လိုဟာ ဘရာဇီးလ်နိုင်ငံ ဆာအိုပေါ်လိုမြို့က ဖျော်ဖြေပွဲတစ်ခုမှာ အခြားအမျိုးသား တစ်ဦးနဲ့ စကားများရန်ဖြစ်ခဲ့ရာမှာ သေနတ်နဲ့နဖူးကို ပစ်ခတ်ခံခဲ့ရတယ်လို့သတင်းတွေက ဖော်ပြထားတာပါ။ သူ့ကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာ ဦးနှောက်သေသွားခဲ့တာဖြစ်ပါတယ်။
ရဲအရာရှိ ဗယ်လိုဇိုဟာ Clube Sirio ဖျော်ဖြေပွဲမှာ လီအန်ဒရိုလိုရဲ့ စားပွဲဝိုင်းပေါ်က ပုလင်းကို လာရောက်ယူခဲ့ပြီး နောက် ၎င်းတို့နှစ်ဦးသား ပြဿနာဖြစ်ပွားခဲ့တာကို မျက်မြင်တွေ့ရှိခဲ့ကြောင်း သေဆုံးမှုနဲ့ပတ်သက်ပြီး ရဲမှတ်တမ်း ကို ကိုးကားလျက် MMA Fighting က ဖော်ပြထားတာပါ။
သူတို့နှစ်ဦး ပြဿနာဖြစ်ပွားရာကနေ လူစုကွဲသွားခဲ့တာမှာ ရဲအရာရှိဗယ်လိုဇိုက သေနတ်ထုတ်ပြီး လီအန်ဒရိုလိုရဲ့ နဖူးကို ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ဆာအိုပေါ်လိုရှိ မီဒီယာတွေကတော့ ဒီလူသတ်မှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့တာပါ။လီအန်ဒရိုလိုဟာ ၂၀၁၂ က စတင်ကာ ကမ္ဘာ့ချန်ပီယံခါးပတ် ၈ ခုကို ရယူထားနိုင်ခဲ့ပြီး ဘရာဇီးလ်ဂျူဂျစ်ဆု အားကစားသမားတွေထဲမှာ အအောင်မြင်ဆုံးသူတစ်ဦး ဖြစ်ပါတယ်။
လီအန်ဒရိုလိုသေဆုံးခဲ့တဲ့ သတင်းဟာ MMA လောကသားတွေကို တုန်လှုပ်စေခဲ့ပြီး နာမည်ကျော်ကြယ်ပွင့်တွေနဲ့ ဝေဖန်သုံးသပ်သူတွေက ဆိုရှယ်မီဒီယာတွေကနေ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။
UFC တိုက်ခိုက်ရေး သမားဟောင်း ဖလော်ရီယန်က “ဘရာဇီးလ်ဂျူဂျစ်ဆုအသိုင်းအဝိုင်းအတွက် အလွန် ဝမ်းနည်း စရာကောင်းတဲ့နေ့ဖြစ်ပြီး လီအန်ဒရိုက ဂန္တဝင်ပါ”လို့ ရေးသားခဲ့ပါတယ်။UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဒေါ့ဆန်းတို့စ်က “ငြိမ်းချမ်းစွာအနားယူပါချန်ပီယံ”ရေ ဆိုပြီး ဆုတောင်းပေးနေတဲ့ အီမိုဂျီနဲ့ တွစ်တာမှာ တင်ခဲ့တာ ပါ။
လီအန်ဒရိုလိုဟာ ကမ္ဘာ့ချန်ပီယံဆု ၈ ကြိမ် အပါအဝင် ကမ္ဘာ့ဖလားချန်ပီယံဆု ၅ ကြိမ်၊ ပန်အမေရိကန်ချန်ပီယံဆု ၈ ကြိမ်နဲ့ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 1464
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈
ဘာစီလိုနာအသင်းတိုက်စစ်မှူးသစ် လီဝန်ဒေါစကီးဟာ မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ဂျိုအန်ဂမ်ပါဖလားပွဲမှာ စပိန်ကလပ်အတွက် ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်းဟာ ပူးမတ်စ်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ဘာစီလိုနာအသင်းဟာ ရာသီသစ်မစတင်ခင် နှစ်စဉ်နှစ်တိုင်း နူးကမ့်ပ်ကွင်းမှာ ဂျိုအန်ဂမ်ပါဖလားပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ပူးမတ်စ်အသင်းနဲ့ ကစားခဲ့တာပါ။
ဘာစီလိုနာအတွက် ဂိုးတွေကို ပီဒရီက ၂ ဂိုး၊ လီဝန်ဒေါစကီး၊ ဒမ်ဘီလီ၊ ဒီဂျောင်နဲ့ အူဘာမီယန်းတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။အခုအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကနေ ရောက်ရှိ လာခဲ့တဲ့ လီဝန်ဒေါစကီးအတွက်တော့ ဒီပွဲမှာ ဘာစီလိုနာဂျာစီနဲ့ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အမေရိကန်ခရီးစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နူးကမ့်ပ်ကွင်းကြီးထဲမှာ ကစားခဲ့ရတဲ့ ပွဲမှာတော့ သွင်းဂိုးရယူနိုင်ခဲ့တာပါ။
လီဝန်ဒေါစကီးဟာ ဒီပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့အပြင် အသင်းဖော် ပီဒရီသွင်းယူ ခဲ့တဲ့ ၂ ဂိုးစလုံးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လည်း အခုနှစ် ဂျိုအန်ဂမ်ပါဖလားပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ “နူးကမ့်ပ်မှာ ပထမဆုံးပွဲကစားရလို့ ပျော်ရွှင်သလို ဆုဖလား လည်း ရယူနိုင်ခဲ့တယ်” လို့ လီဝန်ဒေါစကီးက ဆိုရှယ်မီဒီယာတစ်ခုကို ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့တာကြောင့် ဒီရာသီမှာ အဓိက ကစားသမား အများအပြားကို အားဖြည့်ထားပြီး ဆုဖလားရယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ကတ်တလန်ကလပ်ဟာ ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပါအဝင် ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားတာပါ။
ဘာစီလိုနာအသင်းဟာ သြဂုတ်လ ၁၃ ရက်မှာ စပိန်လာလီဂါ ပွဲစဉ် ၁ အဖြစ် အိမ်ကွင်းမှာ ဗယ်လက်ကာနို အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လီဝန်ဒေါစကီးကတော့ ဒီပွဲမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source:Reuters

- By CNI
- Category: အားကစား
- Hits: 1041
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၈
မန်စီးတီးတိုက်စစ်မှူးသစ် ဟာလန်းက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးပဲ သွင်းယူနိုင်ခဲ့လို့ စိတ်ပျက်မိကြောင်း ပြောလိုက်ပါတယ်။
ဟာလန်းက “ ကျနော် ဟတ်ထရစ် ရခဲ့သင့်တာပါ။ လူစားလဲ မခံရချိန် ဂန်ဒိုဂန် ရတဲ့ အခွင့်အရေးမျိုးမှာ သူ့နေရာ မှာ ကျနော်ရှိ နေခဲ့သင့်တာပါ။ အနည်းငယ်တော့ စိတ်ပျက်မိပေမယ့် ဒါက ပြီးသွားပါပြီ။ လေ့ကျင့်မှုတွေနဲ့ လေ့ကျင့်ရေးတွေမှာ နေ့တိုင်း လုပ်ဆောင်နေတဲ့ ချိတ်ဆက်မှုတွေကြောင့် ပိုပြီးတော့ ကောင်းလာမှာပါ။ ဒီထက် ပိုကောင်းလာဖို့ပဲရှိလို့ စိတ်မပူပါဘူး။ ကျနော် ဂိုးတွေရဖို့ ဆက်သွားရမှာပါ”လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောသွား ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၂ ဂိုးစလုံးကို ဟာလန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
နော်ဝေ လက်ရွှေးစင် တိုက်စစ်မှူးလည်းဖြစ်တဲ့ ဟာလန်းဟာဆိုရင် ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်က လွဲချော်မှုတွေကနေ ဒီပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာနဲ့ ဟာလန်းကိုတွေ့ရစဉ် (The Sun)
ဟာလန်းဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူထားတာကြောင့် ဟတ်ထရစ် ရယူဖို့ ကြိုးစားနေခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာက ပွဲချိန် ၇၈ မိနစ်မှာ အယ်လ်ဗားရတ်စ်နဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာကတော့ “ဟာလန်းဟာ ကျနော်တို့ ကစားချင်တဲ့ပုံစံနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နေ ပါတယ်။ သူ့ကို ဂိုးတွေ သွင်းနိုင်ဖို့အတွက် ကျနော်တို့ဘက်က အခွင့်အရေးတွေ ပိုပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့ အပတ်က လီဗာပူးလ်နဲ့ ပွဲအပြီးမှာဆိုရင် ဟာလန်းက ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေဖြစ်မှာ မဟုတ် ဘူးဆိုပြီး လှောင်ပြောင် ခဲ့ကြပါတယ်။ အခုဆိုရင်သူက နောက်ထပ် အွန်နရီ ဒါမှမဟုတ် ရော်နယ်ဒိုဆိုပြီး ဖြစ်လာ တော့မှာပါ။ အချိန်ယူရဦးမယ်။ ဒါက သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲပါ”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ သြဂုတ်လ ၁၃ ရက်မှာ ပရီးမီးယားလိဂ် ဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဘုန်းမောက် အသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: 90min

- By CNI
- Category: အားကစား
- Hits: 909
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၆
ဆီရီယာလီယွန်တိုက်စစ်မှူး ဘူယာတူရေးဟာ ဆွီဒင်ထိပ်သီးကလပ် မယ်လ်မိုနဲ့ ပူးပေါင်းဖို့အတွက် သူ့ရဲ့ မင်္ဂလာ ပွဲကို အစ်ကိုဖြစ်သူနဲ့ လွှဲခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာပွဲအခမ်းအနားမှာ အစ်ကိုဖြစ်သူက သူ့ရဲ့နေရာအစားဝင်ရောက်ပြီး သတို့သမီးဖြစ်သူနဲ့အတူ ရပ်ခဲ့ရတယ်လို့ ဘူယာတူရေးက ဆွီဒင်သတင်းစာ Aftonbladet ကို ပြောခဲ့တာပါ။ “ကျနော်တို့ ဇူလိုင် ၂၁ ရက် ဆီရီယာလီယွန်မှာ လက်ထပ်ခဲ့ပါတယ်။ဒါပေမယ့် မယ်လ်မိုက ကျနော့်ကို စောစီးစွာလာရောက်ပူးပေါင်းဖို့ ပြောခဲ့လို့ အဲ့ဒီနေရာမှာ မရှိခဲ့ပါဘူး။ကျနော်တို့ ဓါတ်ပုံကို ကြိုပြီးရိုက်ထားတယ်။အဲဒါကြောင့် အဲ့ဒီမှာ ကျနော်ရှိနေသလို ဖြစ်ပေမယ့် မရှိခဲ့ပါဘူး။မင်္ဂလာဆောင်မှာ အစ်ကိုက ကျနော့်နေရာကိုယ်စားပြုပေးရမှာ”လို့ ပြောခဲ့ပါတယ်။
မင်္ဂလာပွဲကို ဇူလိုင် ၂၁ ရက်မှာပြုလုပ်ဖို့ သတ်မှတ်ထားပေမယ့် ဆွီဒင်ကလပ်က ဘူယာတူရေးကို အမြန်ဆုံး ပူးပေါင်းစေချင်နေတာကြောင့် မင်္ဂလာပွဲအခမ်းအနားကို လွှဲခဲ့ရတာပါ။ဇူလိုင် ၂၂ ရက်မှာတော့ မယ်လ်မိုက သူ့ကို ခေါ်ယူနိုင်တဲ့အပြောင်းအရွှေ့ကို ကြေညာခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် အစ်ကိုဖြစ်သူက မင်္ဂလာအခမ်းအနားမှာ ဘူယာတူရေးရဲ့ နေရာကို အစားဝင်ခဲ့ရတာပါ။တူရေးဟာ တရုတ်လိဂ်မှာ ၂ ရာသီကြာ ကစားပြီးနောက် မယ်လ်မို အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
တူရေးဟာ လူဇင်ဘတ်ကလပ်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် တတိယအဆင့် ခြေစစ်ပွဲရဲ့ ပွဲစဉ်ပြီးဆုံးဖို့ ၉ မိနစ်အလို မှာ မယ်လ်မိုအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တာပါ။ ဆီရီယာလီယွန်ကစားသမားဟာ ဆွီဒင် လိဂ်အတွေ့အကြုံရှိပြီး မယ်လ်မိုအသင်းမတိုင်ခင် ဒီနိုင်ငံက ကလပ်အသင်းတွေဖြစ်တဲ့ ဒါကာ့၊ အက်စ်ကေးလ် စတူနာ၊ ဂျူဂါဒန်အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။သူဟာ ဂျူဂါဒန်အသင်းမှာ အငှားကစားခဲ့တဲ့ ၂၀၁၉ မှာ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
ဘူယာတူရေးဟာ အဆိုပါရာသီ လိဂ်ပွဲ ၂၉ ပွဲမှာ ၁၅ ဂိုးသွင်းယူခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်ခဲ့ ပါတယ်။တူရေးဟာ လက်ထပ်ပြီးကတည်းက ဇနီးဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ရခြင်း မရှိသေးပေမယ့် ဟန်းနီးမွန်း အတူထွက်မယ်လို့ ကတိပေးထားခဲ့တာပါ။ “ပထမဆုံးက ကျနော်တို့လိဂ်ပြိုင်ပွဲကို အနိုင်ယူရပါမယ်။ပြီးရင် ဟန်းနီး မွန်းထွက်မယ်”လို့ တူရေးက ပြောခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 1130
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၆
ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နာမည်ကြွေးကြော်ခဲ့တဲ့ ပရိသတ်တွေကြောင့် ဖီနာဘာချီအသင်းကို ယူအီးအက်ဖ်အေက ပြစ်ဒဏ်ချမှတ်လိုက်ပါ တယ်။
တူရကီကလပ်ဟာ ယူရို ၅၀,၀၀၀(ငါးသောင်း) ဒဏ်ရိုက်ခံခဲ့ရပြီး နောက်လာမယ့် ဥရောပပွဲစဉ်မှာ အနည်းဆုံး ပရိသတ် ၅၀၀၀(ထိုင်ခုံ ၅၀၀၀) သာ ခွင့်ပြုမယ့် တစ်ပိုင်းတစ်စကွင်းပိတ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ဒါပေမယ့် ဒီပြစ်ဒဏ်ကို ၂ နှစ်ကြာ ဆိုင်းငံ့ထားပါတယ်။ ယူအီးအက်ဖ်အေက “အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခြင်း၊ရန်စဖွယ် လှုံဆော်တဲ့ စကားတွေကြောင့်” အရေးယူခဲ့တာဖြစ်တယ်လို့ ပြောခဲ့တာပါ။ဒိုင်နမိုကိဗ်အသင်းဟာ ဒီပွဲမှာ ဖီနာ ဘာချီအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး- ၁ ဂိုးနဲ့ အချိန်ပိုမှာ အနိုင်ရပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ ဒိုင်နမိုကိဗ်ဘက်ကို ဂိုးပေးလိုက်ရပြီးနောက် ထောင်နဲ့ချီတဲ့ ဖီနာဘာချီအသင်း ပရိသတ်တွေဟာ ရုရှားသမ္မတရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြတာပါ။ဒိုင်နမိုကိဗ်ကွင်းလယ်ကစားသမား ဘူရယ်လ်စကီးက ဂိုးသွင်းယူပြီးချိန်မှာ လင်းယုန်လက်ဟန်ပုံစံနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပြီး ဒါကို တူရကီကလပ်ပရိသတ်တွေက ပြိုင်ဘက် ဘက်ဆီးတပ်စ်ကို ရည်ညွှန်းတယ်လို့ ယူဆကြကာ ကြွေးကြော်သံတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ဖီနာဘာချီအသင်းကတော့ ပရိသတ်တွေရဲ့လုပ်ရပ်ဟာ ကလပ် ဒါမှမဟုတ် သူတို့အသင်းအဖွဲ့ရဲ့ ရပ်တည်ချက်ကို လုံးဝကိုယ်စားမပြုဘူးလို့ ပြောခဲ့ပါတယ်။
“အားကစားနဲ့ နိုင်ငံရေးကို အမြဲတမ်းသီးခြားခွဲထားသင့်တယ်ဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ပြည်သူတွေကို ထပ်ပြီး သတိပေးပါတယ်”လို့ ဖီနာဘာချီအသင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒိုင်နမိုကိဗ်အသင်းနည်းပြ လူဆက်စ်ကူက အားကစားအနေနဲ့ ပရိသတ်တွေရဲ့အပြုအမူကို လက်မခံနိုင်ဘူးလို့ အဆိုပါပွဲအပြီးမှာ သတင်း ထောက်တွေကို ပြောခဲ့တာပါ။ “ဒီလိုကြွေးကြော်မယ်လို့ ကျနော်မမျှော်လင့်ထားပါဘူး။ သနားစရာကောင်းပါ တယ်” လို့ ပြောခဲ့ပြီး ပရိသတ်တွေရဲ့လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲကို တက်ရောက် ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ယူကရိန်းသံအမတ်ကြီး ဘောဒ့်နာကတော့ ဒီအဖြစ်အပျက်ကြောင့် သူစိတ်မကောင်းဖြစ်ရတယ်လို့ ပြောခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 1380
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၆
ပဲလေစ့်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာ အာဆင်နယ်အသင်းကို ကြည့်ရတာ ဆာလောင်နေပုံ ရတယ်လို့ နည်းပြ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက “ကောင်လေးတွေဟာ ရာသီကြိုစတင်ကတည်းက ပထမရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဒီခံစားချက်ကို ခံစားခဲ့ရပါတယ်။သူတို့ဟာ တကယ်ကိုအနိုင်ရချင်တဲ့စိတ်နဲ့အတူ အဆင်သင့်ဖြစ်နေသလို၊ ဆာလောင်မွတ်သိတ်နေကြပါပြီ။ကျနော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ဒီကိုရောက်ရှိလာခဲ့တာပါ။ကျနော်တို့ဟာ ပွဲကိုကြီးစိုးနိုင်ခဲ့တယ်၊ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့တယ်။ကျနော်တို့ဟာ အစပိုင်းကတည်းက တက်ကြွပြီး ထက်မြက်ခဲ့ကြပါတယ်။ဖိအားတွေအောက်မှာ ကစားရတဲ့အခါမှာလည်း ဒါကို ခံနိုင်ရည်ရှိအောင် ရင်ဆိုင်ခဲ့ကြ တယ်”လို့ Match of the Day ကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ပဲလေစ့်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို မာတင်နယ်လီနဲ့ ပဲလေစ့်နောက်ခံလူ ဂီဟီက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ အာဆင်နယ်အတွက် ပထမဂိုးသွင်း ယူပေးခဲ့တဲ့ မာတင်နယ်လီရဲ့ ဂိုးဟာ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးဂိုးအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့တာပါ။လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အနိုင် ၃ မှတ်နဲ့အတူ ပေးဂိုးမပေးခဲ့ရတာကြောင့် ပြီးပြည့်စုံတဲ့ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အာတီတာက “အရေးကြီးဆုံးက ပထမပွဲစဉ်အနိုင်ရဖို့ဖြစ်ပြီး ဒါမှလည်း ယုံကြည်မှုနဲ့ အရှိန်အဟုန်ကို တည်ဆောက်မှာပါ။ပြီးမှ ကျနော်တို့တိုးတက်ဖို့ လိုအပ်နေတဲ့အရာတွေအကြောင်းကို ပြောနိုင်ပါတယ်။ ရိုးရိုး သားသား ပြောရမယ်ဆိုရင် ဒီနေ့မှာ တော်တော်လေးနည်းပါးပါတယ်”လို့ ပြောခဲ့တာပါ။ဒီပွဲမှာ ကစားသမားသစ် တွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ ဇင်ချန်ကိုတို့ ပါဝင်ကစားခဲ့သလို မာဆေးလ်ကနေ ပြန်ရောက်လာတဲ့ နောက်ခံလူ ဆလီ ဘာလည်း ပါဝင်ကစားသွားခဲ့တာဖြစ်ပါတယ်။
ဆလီဘာကတော့ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရသလို ချီးကျူးမှုတွေလည်း အများကြီး ရယူနိုင်ခဲ့တာပါ။ပဲလေစ့်အသင်းနည်းပြ ဗီအဲရာက “ဖန်တီးလို့ရတဲ့ အခွင့်အရေးအနည်းငယ်ကနေ ဂိုးတွေ သွင်းယူ နိုင်ရပါမယ်။ကောင်းမွန်စွာကစားနိုင်တဲ့ အချိန်တွေရှိခဲ့ပေမယ့် အခွင့်အရေးတွေတော့ အရယူရပါမယ်။အထူးသဖြင့် အာဆင်နယ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာပေါ့”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲစဉ် ၂ မှာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပဲလေစ့်အသင်းကတော့ လီဗာပူးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 1666
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅
အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါ ဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေပေမယ့် MMA လောကကနေ ထွက်ခွာဖို့ အစီအစဉ် ရှိတယ်လို့ အရိပ်အမြွက် ဖော်ပြလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ချန်ပီယံဟောင်းဟာ ဒက်စတင်ပိုရီရာ ကို အရေးနိမ့်တဲ့ပွဲမှာ ခြေထောက်ကျိုးပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ကတည်းက ပြိုင်ပွဲထိုးသတ်ခြင်း မရှိတော့တာပါ။ မက်ဂရီဂေါ ဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာဖို့ အတွက် အားကစားခန်းမမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး ပြိုင်ပွဲထိုးသတ်ဖို့ ပြန်လာခဲ့မယ်လို့ အရင်က ပြောခဲ့ပါတယ်။
ဒါပေမယ့် မက်ဂရီဂေါ ဟာ “MMA မင်းကိုငါ ဘယ်တော့မှ မမေ့ပါဘူး။ လွယ်ကူတဲ့ အလုပ်ဆိုပြီး” တွစ်တာမှာ ရေးသားခဲ့ တာပါ။
ဒါနဲ့ ပတ်သက်ပြီး တုံ့ပြန်မှု အမျိုးမျိုးရှိခဲ့ကြတာ ဖြစ်ပါတယ်။ မက်ဂရီဂေါဟာ UFC ပြိုင်ပွဲကနေ အနားယူနိုင်ပေမယ့် မေဝယ်သာနဲ့ လက်ဝှေ့ မကျေပွဲအတွက် လက်အိတ်ကို ထပ်မံ ဝတ်ဆင်နိုင်တယ်လို့ သုံးသပ်နေကြတာပါ။
မက်ဂရီဂေါ ကိုတွေ့ရစဉ် (Bleacher Report)
သူတို့ နှစ်ဦးဟာ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ထိုးသတ်ပွဲအတွက် သဘောတူညီမှု ရယူနိုင်ဖို့ အလွန်နီးစပ်နေပြီး မေဝယ်သာ ကလည်း သူ့ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ဆက်ပြီး ထိန်းသိမ်းချင်နေတာ ဖြစ်ပါတယ်။ မက်ဂရီဂေါဟာ အရင်ကလည်း ကစားသမားဘဝက အနားယူပြီလို့ ဆုံးဖြတ်ပြီး ပြိုင်ပွဲတွေ ပြန်လည် ထိုးသတ်ခဲ့ပါတယ်။
မက်ဂရီဂေါဟာ ၂၀၁၆ ဧပြီလက ဒီပြိုင်ပွဲကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပေမယ့် ၂၀၁၈ မှာ ခါဘစ်နဲ့ ပြန်လည် ထိုးသတ် ခဲ့ပြီး အရေးနိမ့်ခဲ့တာကြောင့် အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ မှာ ပြန်လည် ထိုးသတ်ကာ ထပ်မံ အနား ယူခဲ့ပေမယ့် ၂၀၂၁ မှာ ဒတ်စတင်ပိုရီရာနဲ့ ၂ ပွဲထိုးသတ်ခဲ့ပြီး အရေးနိမ့်ခဲ့ပါတယ်။
မက်ဂရီဂေါဟာ MMA ပွဲပေါင်း ၂၈ ပွဲထိုးသတ်ခဲ့ပြီး ၂၂ ပွဲအနိုင်ရကာ ၆ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အိုင်ယာလန် ဖိုက်တာဟာ ဖယ်သာဝိတ်၊ လိုက်ဝိတ်နဲ့ ဝယ်လ်တာဝိတ်တန်းတွေမှာ ထိုးသတ်ခဲ့ပြီး ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: The Sun