
- By CNI
- Category: အားကစား
- Hits: 974
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
နာမည်ကြီး ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ ညီဝမ်းကွဲဖြစ်သူ သြဂုတ်လ ၂၁ ရက် အစောပိုင်းက ဓားထိုးခံရလို့ သေဆုံးပြီးနောက် ဒီလိုဓားနဲ့ ထိုးတဲ့ ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဗြိတိန်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။
တိုင်ဆန်ဗျူရီက “ မနေ့ညက ညီဝမ်းကွဲဖြစ်သူ လည်ပင်းကို ဓားနဲ့ ထိုးသတ်ခံခဲ့ရပါတယ်။ ဓားတွေ ကိုင်ဆောင် ထားပြီး ရယ်စရာကောင်းတဲ့ အရူးတွေလို ဖြစ်လာပါပြီ။ ဒါကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ပါတယ်။ ဗြိတိန်အစိုးရ က ဓားနဲ့ထိုးတဲ့ ရာဇဝတ်မှုတွေအတွက် မြင့်မားတဲ့ စီရင်ချက်ချဖို့ လိုအပ်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးတင်ခဲ့ ပါတယ်။
တိုင်ဆန်ဗျူရီဟာ ဒီပို့စ်မှာ ဓားနဲ့ထိုးတဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ပေးဖို့နဲ့ သူရဲဘော ကြောင်သူတွေသာ လက်နက် ကိုင်ဆောင်ထားတယ်လို့ ရေးသားထားပါတယ်။
ဗြိတိန်မီဒီယာတွေက တိုင်ဆန်ဗျူရီရဲ့ ညီဝမ်းကွဲဖြစ်သူ အသက် ၃၁ နှစ်အရွယ်ရှိ ရီကိုဘာတန်ဟာ မန်ချက်စတာ မှာ တိုက်ခိုက်ခံရတဲ့ လူ ၂ ဦးထဲက ၁ ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရီကိုဘာတန်နဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ယောင်္ကျားလေးတို့ဟာ ဓားဒဏ်ရာတွေ ရရှိခဲ့ပြီး ကျန် ၁ ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတင် ထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တိုင်ဆန်ဗျူရီနဲ့ ညီဝမ်းကွဲ ရီကိုဘာတန်ကို တွေ့ရစဉ်
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးက “သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့ပါတယ်။ တခြားလူတွေက သူ့ အသက်ကို ကယ်တင်ပေးဖို့ ကြိုးစားခဲ့ပြီး ရှေးဦးသူနာပြု နည်းတွေပါ ပြုလုပ်ခဲ့ကြတာပါ။ ဒါပေမယ့် သွေးတွေ အများကြီး ထွက်နေခဲ့တာကြောင့် ဘယ်သူကမှ သူ့ကို မကယ်တင်နိုင်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
လူသတ်မှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့က စတင်ပြုလုပ်နေပြီး ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့က ရဲမှူး ဘန်အီဝါ့တ်က အသက် ၂၁ နှစ်နဲ့ ၂၀ အရွယ်ရှိ အမျိုးသား နှစ်ဦးကို ဖမ်းဆီး ချုပ်နှောင်ထားတယ် လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အင်္ဂလန်နဲ့ ဝေးလ်စ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက အနည်းဆုံးလူ ၁၁ ဦး ဓားနဲ့ အထိုးခံခဲ့ရတယ်လို့ သိရပါ တယ်။
Source: CNA/The Sun

- By CNI
- Category: အားကစား
- Hits: 795
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
လီဝန်ဒေါစကီးဟာ ဆိုစီဒက်အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအတွက် ဂိုးသွင်းပြီး မိနစ်တိုင်း မှာ ဂိုးသွင်းနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ လီဝန်ဒေါစကီးဟာ ပွဲချိန် ၁ မိနစ် မပြည့်ခင်နဲ့ ၆၈ မိနစ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီဂိုးတွေကြောင့် ပိုလန်တိုက်စစ်မှူးဟာ ပွဲချိန် ၁ မိနစ်ကနေ မိနစ် ၉၀ အထိ ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ လီဝန်ဒေါစကီး မတိုင်ခင် မိနစ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေကတော့ ရော်နယ်ဒို၊ အီဘရာ ဟီမိုဗစ်နဲ့ ဆွာရတ်စ်တို့ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လီဝန်ဒေါစကီးဟာ မိနစ်တိုင်း ဂိုးသွင်းယူနိုင်တဲ့ စတုတ္တမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ ဒီပွဲမှာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးဂိုးနဲ့ ဒုတိယဂိုးကို ရယူနိုင်ခဲ့ပြီး အသက် ၃၄ နှစ်ပြည့် မွေးနေ့မှာ အခုလို စံချိန်မှတ်တမ်းကောင်းတွေကို ရယူနိုင်ခဲ့တာပါ။
လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (DS)
ဆိုစီဒက်နဲ့ ပွဲမှာ ဘာစီလိုနာအတွက် နောက်ထပ်ဂိုးတွေကို ဒမ်ဘီလီနဲ့ အန်ဆုဖာတီတို့က သွင်းယူခဲ့ ကြပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ လာလီဂါ အဖွင့်ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့လို့ ဝေဖန်ခြင်း ခံခဲ့ရပေမယ့် ဒုတိယပွဲမှာ တော့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးကတော့ ဘာစီလိုနာ ကစားသမားဘဝ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို ရည်စူးခဲ့ပါတယ်။
လီဝန်ဒေါစကီးက “ပထမဆုံးသွင်းဂိုးက ကျနော့်ရဲ့ ဖခင်အတွက်ပါ။ အသင်းတစ်သင်းလုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့ အတူ ကျနော်တို့ရဲ့ ဆန္ဒပြင်းပြမှုတွေကြောင့် အနိုင်ရလဒ် ရရှိခဲ့တာပါ။ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦးပိုပြီး နားလည်မှု ကောင်းလာပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက “ပြီးခဲ့တဲ့အပတ်က သရေကျခဲ့တာက ကြီးမားတဲ့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲကြောင့် ကျနော်တို့ကို ကြီးမားတဲ့ ခွန်အားတွေ ဖြစ်စေပါတယ်။ ဒါမှလည်း စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကြီးမားတဲ့ တွန်းအားပေးမယ့် ဆန္ဒတွေရှိလာမှာပါ”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုလာမယ့် ကြားရက်မှာ မန်စီးတီးအသင်းနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး လာလီဂါပွဲစဉ် အဖြစ် ဗယ်လာဒိုးလစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sport/Reddit

- By CNI
- Category: အားကစား
- Hits: 1274
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၂
ပီအက်စ်ဂျီအသင်းက လိုင်လီအသင်းကို အဝေးကွင်းမှာ ၇ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ် မှာ ဘတ်ပီဟာ ပွဲအစ ၈ စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဘတ်ပီဟာ စပေးဘောကနေ မက်ဆီတင်ပေးလိုက်တဲ့ ဘောလုံးကို ရှေ့တက်လာတဲ့ လိုင်လီဂိုးသမားကို ကျော်ဖြတ်ပြီး ဂိုးသွင်းနိုင်ခဲ့ကာ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ အမြန်ဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့တာပါ။
ဘတ်ပီဟာ လိုင်လီအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ဟတ်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် နောက်ထပ် သွင်းဂိုးတွေကို နေမာက ၂ ဂိုးနဲ့ မက်ဆီ၊ ဟာကီမီတို့က ၁ ဂိုးစီ သွင်းယူနိုင်ခဲ့တာပါ။
ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ သွင်းဂိုး ၂ ဂိုးအပြင် ဒီပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နည်းပြသစ် ဂယ်လ်တီယာ လက်ထက်မှာ ရာသီစတင်ကတည်းက ခြေစွမ်းပြသနေပြီး လီဂူးဝမ်း ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အနိုင်ရကာ သွင်းဂိုး ၁၇ ဂိုးအထိ ရယူထားနိုင်ခဲ့တာပါ။
ပီအက်စ်ဂျီအသင်း နည်းပြ ဂယ်လ်တီယာ (Four News)
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းအဝေးကွင်း ၆ ပွဲဆက်တိုက် ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံး အသင်း အဖြစ်လည်း မှတ်တမ်းတင်ခဲ့ပါတယ်။ လိုင်လီအသင်းကတော့ ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ၇ ဂိုး အထိပေးပြီး ကြီးမားတဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။
နည်းပြ ဂယ်လ်တီယာကတော့ ပီအက်စ်ဂျီအသင်းရဲ့ ရာသီအစ ကောင်းမွန်မှုအပေါ်မှာ အံ့အားသင့်ခဲ့ခြင်း မရှိပါဘူး။
ဂယ်လ်တီယာက “ ဒါတွေဟာ ဇူလိုင်လကတည်းက ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကြောင့်ပါ။ ရာသီအစ မှာ အလွန် ပြင်းပြင်းထန်ထန် ကစားခဲ့တဲ့ ကစားသမားတွေကို မြင်တွေ့ခဲ့တာကြောင့်လည်း ကျနော် အံ့အားသင့်ခြင်း မရှိပါဘူး။ ပြိုင်ပွဲတိုင်းမှာ လူတိုင်း ပါဝင်လုပ်ဆောင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ အဝတ်စားလဲခန်းမှာ ပျော်ရွှင်ပြီး စိတ်အားထက်သန်တဲ့ ကစားသမားတွေဖြစ်ဖို့ လိုတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ နေမာနဲ့ ဘတ်ပီတို့အကြား အနည်းငယ်တင်းမာမှု ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် လိုင်လီအသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ ၂ ဦးစလုံး အတွဲညီစွာနဲ့ ခြေစွမ်းပြသခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းပွဲစဉ် ၄ အဖြစ် မိုနာကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI News
- Category: အားကစား
- Hits: 1241
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁
ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်တွေအတွက် မကျေပွဲအဖြစ် ဆော်ဒီမှာ ထိုးသတ်ခဲ့တဲ့ အူဆက်ခ်နဲ့ အန်သိုနီဂျိုရွှာတို့ ပွဲမှာ အူဆက်ခ်က အနိုင်ရရှိသွားခဲ့ပါတယ်။
၁၂ ချီ ပြည့်မြောက်တဲ့အထိ အကြိတ်အနယ် ထိုးသတ်ခဲ့ကြတာဖြစ်ပြီး ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကို ခံယူတာ မှာ အူဆက်ခ်က အနိုင်ရရှိသွားခဲ့တာပါ။ ဒိုင်လူကြီး ၂ ဦးက အူဆက်ခ်ကို ၁၁၅ - ၁၁၃ ၊ ၁၁၆ - ၁၁၂ မှတ်တို့နဲ့ အနိုင် ပေးခဲ့တာ ဖြစ်ပါတယ်။
ဒိုင်လူကြီး ၁ ဦးက ဂျိုရွှာကို ၁၁၅ - ၁၁၃ မှတ်နဲ့ အနိုင်ပေးခဲ့ပေမယ့် နောက်ဆုံးမှာ ယူကရိန်းနိုင်ငံသား အူဆက်ခ်က အနိုင်ရရှိသွားခဲ့တာပါ။ အဲ့ဒါကြောင့် အူဆက်ခ်ဟာ WBA(Super) ၊ IBF၊ WBO နဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ် တွေကို ဆက်ထိန်းသိမ်း နိုင်ခဲ့ပါတယ်။
အူဆက်ခ်နဲ့ အန်သိုနီဂျိုရွှာ ထိုးသတ်နေစဉ်
ဒါ့အပြင် တိုင်ဆန်ဗျူရီ အနားယူသွားတာကြောင့် လစ်လပ်ခဲ့တဲ့ The Ring ဟဲဗီးဝိတ်ချန်ပီယံလည်း ဖြစ်လာခဲ့ တာပါ။ အူဆက်ခ်ကတော့ ဒီနိုင်ပွဲကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း ၂၀ ထိုးသတ်ခဲ့တာမှာ ရာနှုန်းပြည့် အနိုင်ရတဲ့ စံချိန်မှတ်တမ်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အန်သိုနီဂျိုရွှာကတော့ နောက်ဆုံး ၂ ပွဲဆက်တိုက် အူဆက်ခ်ကို အရေးနိမ့်ခဲ့ကာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ၃ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ အူဆက်ခ်ဟာ ဒီနိုင်ပွဲကို သူ့နိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံအတွက် ရည်ရွယ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
Source: BBC Sport

- By CNI
- Category: အားကစား
- Hits: 824
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၂၀
ဘရာဇီးလ်ဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟိုက အာဆင်နယ်အသင်းဟာ ထိပ်ဆုံး ၄ သင်းနဲ့ ရာသီအဆုံးသတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ရော်နယ်ဒင်ဟိုက “အာဆင်နယ်အသင်းဟာ သူတို့ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ လုပ်ဆောင်မှုနဲ့အတူ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းထဲ ပြန်လည်ဝင်ရောက်သွားမှာပါ။သူတို့ဟာ ဒီထက်ပိုပြီးအောင်မြင်ရင် ဆုဖလား အတွက် စိန်ခေါ်မှုတောင် ဖြစ်နိုင်ပါတယ်။မန်စီးတီးကတော့ အလွန်ကောင်းမွန်ပြီး ရေပန်းအစားဆုံး ဖြစ်ပါ တယ်။ဒါပေမယ့် ဘောလုံးမှာတော့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်”လို့ The Mirror ကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ရာသီသစ်မစတင်ခင် ရာသီကြိုမှာကတည်းက အကောင်းဆုံးခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက်အနိုင်ရထားပါတယ်။
ကစားသမားသစ်တွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ ဇင်ချန်ကိုတို့ကလည်း အသင်းသစ်မှာ လျင်မြန်စွာအသားကျခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။တိုက်စစ်မှူး ဂျီးဆပ်စ်ဆိုရင် လက်စတာအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒင်ဟိုက ဂျီးဆပ်စ်နဲ့ပတ်သက်ပြီး “မန်စီးတီးကို သူပြောင်းရွှေ့လာခဲ့တုန်းက ကမ္ဘာ့အကောင်းဆုံး တွေထဲက တစ်ယောက်ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။အခွင့်အရေးရလာတဲ့အချိန်မှာ သူလုပ်နိုင်တာကို ပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အရည်အသွေးနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာမျိုး မန်စီးတီးက သူ့ကို မပြခဲ့ဖူးပါဘူး။အာဆင်နယ်မှာတော့ သူဟာ နည်းပြနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိခဲ့ပြီး သူကလည်း ဒါကို ပြန်ပေးဆပ်နေပါပြီ။ဒီရာသီမှာ သူ့ဆီကနေ ကျနော် ကြီးမားတဲ့အရာတွေကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်" လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်က ထိပ်ဆုံး ၄ သင်းထဲဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲတွေကြုံတွေ့ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 1071
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တီဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
ကန်တီဟာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲ ခံခဲ့ရတာဖြစ်ပြီး နည်းပြ တူချယ်လ် က ရက်အနည်းငယ်အတွင်းမှာ ပြန်ကစားနိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့တာပါ။
တူချယ်လ်က “ကျနော်တို့ အခုပြောမယ့်အရာက သတင်းကောင်းတစ်ခု မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး စိတ်ပျက် မိသလို ဝမ်းလည်းနည်းမိပါတယ်။ ဘာကြောင့်လဲဆိုရင် ကန်တီက အသင်းအတွက် အရေးပါတဲ့သူ ဖြစ်တာကြောင့် ပါ”လို့ ပြောခဲ့ပါတယ်။
တိုက်စစ်မှူး ဘရိုဂျာနဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ်တို့ကလည်း ဒဏ်ရာတွေကြောင့် လိဒ်စ်နဲ့ ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာမီလန်အသင်း ကွင်းလယ် ကစား သမား ကာဆာဒီကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၂.၆ သန်းနဲ့ ၆ နှစ် စာချုပ်ချုပ်ခဲ့ပါတယ်။
လန်ဒန်ကလပ်ဟာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲယား၊ လက်စတာနောက်ခံလူ ဖိုဖာနာနဲ့ ဘာစီလိုနာ တိုက်စစ် မှူး အူဘာမီယန်းတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
နည်းပြ တူချယ်လ်ကို တွေ့ရစဉ် (FotMob)
ချယ်လ်ဆီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဝါနာ၊ နောက်ခံ လူတွေဖြစ်တဲ့ ရူဒီဂါ၊ ခရစ်တန်ဆန်နဲ့ အလွန်ဆို တို့ကို အသင်းပြောင်းရွှေ့ခွင့် ပေးခဲ့ပါတယ်။
အားဖြည့်မှုအဖြစ် မန်စီးတီးအသင်းက စတာလင်၊ နာပိုလီအသင်းက ကူလီဘာလီနဲ့ ဘရိုက်တန်အသင်းက ကူကူရယ်လ်လာတို့ကို ခေါ်ယူထားခဲ့တာပါ။ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဟာ စက်တင်ဘာလ ၁ ရက်မှာ ပိတ်မှာ ဖြစ်ပါတယ်။
တူချယ်လ်က “အပြောင်းအရွှေ့ ဖွင့်ထားတဲ့ အချိန်ထိ ဖြစ်နိုင်ခြေတွေ အမြဲတမ်းရှိပါတယ်။ အာရုံစူးစိုက်မှုက ကျနော်တို့ဆီမှာ အပြည့်ရှိပါတယ်။ ကျနော်တို့ဟာ ကစားသမား ၁၈ ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး တစ်ပတ် ၁ ပွဲ ကစားရတာ ပြဿနာမဟုတ်ပါဘူး။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နိုင်ဖို့ အတွက်ဆိုရင် အရည်အသွေးရှိတဲ့ ကစားသမား တွေ အများကြီး လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ပြန်လည်ရရှိနိုင်ဖို့ အတွက် အပြောင်းအရွှေ့ မပိတ်ခင် ကစားသမားသစ်တွေ အားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1075
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်း ခေါင်းဆောင် မက်ဂွဲယားကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စား နေတယ်လို့ နောက်ဆုံးရသတင်းတွေမှာ ဖော်ပြထားပါတယ်။
မက်ဂွဲယားဟာ ဒီတစ်ပတ်ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီကတည်းက ခြေစွမ်းပိုင်း ကျဆင်းနေတာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ မက်ဂွဲယားကို နည်းပြ တန်ဟတ်က ထောက်ခံပြီး အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။
ဒီ ၂ ပွဲစလုံး ယူနိုက်တက်အသင်း အရေးနိမ့်ခဲ့တာကြောင့် နည်းပြ တန်ဟတ်ဟာ မက်ဂွဲယားကို ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ဖို့ စဉ်းစားခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ ကြီးမားတဲ့ ပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းက မက်ဂွဲယားကို ခေါ်ယူဖို့ ချဉ်းကပ် လာတယ်ဆိုပြီး အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒေးလီးမေးလ်က ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်နောက်ခံလူကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းခဲ့တယ်လို့ ဖော်ပြထား တာပါ။ လန်ဒန်ကလပ်ဟာ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ ပူလီဆစ်ကို မက်ဂွဲယားရဲ့ အပြောင်းအရွှေ့ မှာ အစိတ်အပိုင်း အနေနဲ့ အသုံးပြုဖို့ မျှော်လင့်နေပါတယ်။
ချယ်လ်ဆီးနည်းပြ တူချယ်လ်နဲ့ မက်ဂွဲယား (TEAMtalk)
ချယ်လ်ဆီးအသင်းဟာ အစောပိုင်းက ယူနိုက်တက်အသင်းထံ ပူလီဆစ်ကို အငှားနဲ့ စေလွှတ်ဖို့ ဆန္ဒမရှိပါဘူး။
ဒါပေမယ့် မက်ဂွဲယားကို ခေါ်ယူဖို့ ဆွေးနွေးမယ်ဆိုရင် ဖြစ်နိုင်ဖွယ်ရှိတဲ့ လဲလှယ်မှုကိုပါ ချယ်လ်ဆီးအသင်းက ထည့်သွင်း စဉ်းစားနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူတို့ရဲ့ ဦးစားပေး ပစ်မှတ်က လက်စတာနောက်ခံလူ ဖိုဖာနာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဖိုဖာနာအတွက် လက်စတာအသင်းကို ကမ်းလှမ်းထားတဲ့ ၂ ကြိမ် စလုံး ပယ်ချခြင်း ခံထားရသလို နည်းပြ ရော်ဂျာကလည်း သူတို့ ကစားသမားကို ရောင်းမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ဟာ ပြီးခဲ့တဲ့ ရာသီအကုန်က အသင်း ကနေ ထွက်ခွာသွားတာကြောင့် သူတို့နေရာအတွက် အားဖြည့်ဖို့ စီစဉ်နေပါတယ်။ လက်ရှိ အချိန်မှာ ဗဟိုနောက်ခံ လူအဖြစ် ကူလီဘာလီ တစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး ဘယ်နောက်ခံအဖြစ် ကူကူရယ်လ်လာကို ခေါ်ယူထား တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲ ကစားပြီး အချိန်မှာ ၄ မှတ် ရရှိထားပြီး ပွဲစဉ် ၃ အဖြစ် တနင်္ဂနွေနေ့မှာ လိဒ်စ်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sportbible

- By CNI
- Category: အားကစား
- Hits: 881
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၂၀
ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ကြယ်ပွင့်ကစားသမားဟောင်း ရိုင်ယန်ဂစ်ဟာ ကောင်းမွန် တဲ့ စိတ်နေစိတ်ထားရှိတယ်လို့ ဗြိတိန်တရားရုံးမှာ သြဂုတ်လ ၁၉ ရက်က ပြောခဲ့ပါတယ်။
ရိုင်ယန်ဂစ်ဟာ ရည်းစားဟောင်းဖြစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုတို့အတွက် တရားရင်ဆိုင်နေရတာပါ။ ဖာဂူဆန်က သူ့ရဲ့ ကစားသမားဟောင်းဟာ ကလပ်မှာရှိတဲ့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ဒေါသထွက်ခြင်းနဲ့ အကြမ်းဖက်လုပ်ရပ်မျိုးလုပ်ခဲ့တာမရှိဘူးလို့ တရားခွင်မှာ သက်သေပြချက်ပေးခဲ့တာ ဖြစ်ပါတယ်။ရိုင်ယန်ဂစ်ဟာ ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့ အကောင်းဆုံးဥပမာ ဖြစ်တယ်လို့လည်း ဖာဂူဆန်က မန်ချက်စတာတရားရုံးကို ပြောခဲ့တာပါ။
ယူနိုက်တက်ကစားသမားဟောင်းဟာ လက်တွဲဖော်ဟောင်း ကိတ်ဂရီဗီလီနဲ့ သူရဲ့ညီမတို့ကို လွန်ခဲ့တဲ့ ၂ နှစ်နီး ပါးက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ငြင်းဆန်ထားတာဖြစ်ပါတယ်။အသက် ၈၀ အရွယ်ရှိ ဂန္ထဝင်နည်းပြကြီးက ဂစ်ဟာ ငယ်ရွယ်တဲ့အချိန်မှာကတည်းက ယူနိုက်တက်ကို ရောက်ရှိလာတဲ့သူ ဖြစ်တာကြောင့် သူ့အကြောင်းကိုသိတယ်လို့လည်း တရားရုံးကို ပြောခဲ့တာပါ။ရိုင်ယန်ဂစ်ဟာ ၁၉၆၀ ပြည့်လွန် နှစ်က နာမည်ကြီးဖြစ်တဲ့ ကလပ်ဂန္ထဝင် ဂျော့ချ်ဘတ်စ်နဲ့ နှိုင်းယှဉ်ပြီး ဆိုးသွမ်းတယ်လို့ဝေဖန်ခံခဲ့ရတာကြောင့် ဖာဂူဆန်က မီဒီယာအာရုံစူးစိုက်မှုကနေ ကာကွယ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
“ခင်ဗျားအနေနဲ့ နောက်ထပ် ဂျော့ချ်ဘတ်စ်လို့ တစ်စုံတစ်ယောက်က ပြောလာရင်တော့ ဒါဟာ ကြီးမားတဲ့ ပြဿနာပါပဲ။ဒါပေမယ့် ရိုင်ယန်ဂစ်က အလွန်ကောင်းမွန်ပြီး ပြဿနာမရှိပါဘူး။သူဟာ ကစားသမားဘ၀ ဆက်သွားဖို့ ခက်ခဲတဲ့အနေအထားမှာရှိပြီး စွမ်းအင်တွေအရ လိုအပ်တဲ့အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်” လို့ ဖာဂူဆန်က ပြောခဲ့တာပါ။
ရိုင်ယန်ဂစ်ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြီးခဲ့တဲ့ဇွန်လက ဝေးလ်စ်လက်ရွေးစင်အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းပြင်ဆင်နေချိန်မှာ သူ့ကြောင့် ထိခိုက်မှုမရှိအောင် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဝေးလ်စ်နည်းပြဟောင်း ရိုင်ယန်ဂစ်ဟာ အာမခံနဲ့နေနေရပေမယ့် သူ့နာမည်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ဖို့မျှော်လင့်နေတာ ဖြစ်ပါတယ်။ရိုင်ယန်ဂစ်ဟာ ကစားသမား ဘဝတစ်လျှောက်လုံး ယူနိုက်တက်အသင်းမှာသာ ကစားခဲ့ပြီး အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာပါ။
သူဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်အပါအဝင် ဆုဖလားအများအပြား ရယူခဲ့ပြီး ၂၀၁၃-၁၄ ရာသီကုန်ခါနီးမှာ ယာယီနည်းပြအဖြစ် မိုယက်စ်နေရာအစားဝင်ကာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပါတယ်။အဲဒီနောက်မှာ ဗန်ဟားလ်ရဲ့ လက်ထောက်နည်းပြအဖြစ် ယူနိုက်တက်အသင်းမှာ ၂ နှစ်ကြာ ရှိခဲ့ပြီး ၂၀၁၈ ဇန်နဝါရီမှာ ဝေးလ်စ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 1016
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉
ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၂.၄၅ သန်း ရောင်းချခဲ့ရကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က သြဂုတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လ ၅ ရက်ကနေ ၁၆ ရက်အထိ နောက်ဆုံးချထားမှုအပိုင်းမှာ ဒီထဲက ၁ သန်းခွဲကျော်ရောင်းချခဲ့ရတာပါ။
“ကာတာ၊ဆော်ဒီအာရေဗျ၊ အမေရိကန်၊ မက္ကဆီကို၊ ယူအေအီး၊ အင်္ဂလန်၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဝေးလ်စ်နဲ့ သြစတြေးလျတို့မှာရှိတဲ့ ပရိသတ်တွေဟာ လတ်မှတ်အများဆုံးရရှိနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်ကနေ တန်းစီ နေတာလို့” ဖီဖာက ထုတ်ပြန်ခဲ့ပါတယ်။
ကင်မရွန်းနဲ့ ဘရာဇီးလ်၊ ဘရာဇီးလ်နဲ့ ဆားဘီးယား၊ ပေါ်တူဂီနဲ့ ဥရုဂွေး၊ ကော်စတာရီကာနဲ့ ဂျာမနီ၊ သြစတြေးလျနဲ့ ဒိန်းမတ်တို့ရဲ့ ပွဲတွေဟာ ခွဲဝေပေးထားတဲ့ လက်မှတ်အရေအတွက် အများဆုံးအုပ်စုပွဲစဉ်တွေဖြစ်တယ်လို့ ဖီဖာက ပြောခဲ့တာဖြစ်ပါတယ်။နောက်ထပ်ရောင်းချမှုအဆင့်ကိုတော့ စက်တင်ဘာလနှောင်းပိုင်းမှာ ကြေညာသွားမယ် လို့လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထပ်မံပြောခဲ့တာပါ။ကမ္ဘာ့ဖလားပြိုင်ပွဲကို အရင်က နိုဝင်ဘာလ ၂၁ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် အိမ်ရှင်အသင်းနဲ့ ပြိုင်ပွဲကို စတင်ချင်တာကြောင့် တစ်ရက်စောပြီး နိုဝင်ဘာလ ၂၀ ရက်မှာ ကျင်းပ သွားမှာပါ။အဲဒါကြောင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအပြီးမှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါတို့ဟာ ဒီပြိုင်ပွဲရဲ့ အဖွင့် ပွဲစဉ်အဖြစ် စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံး ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တာကြောင့် နွေအပူဒဏ်ကို ရှောင်ရှားနိုင်ရန် ပုံမှန်ကျင်းပနေကျ ဇွန်လမှာ မကျင်းပတော့ဘဲ နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိချန်ပီယံကတော့ ပြင်သစ်အသင်း ဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 805
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ကြာသပတေးနေ့က ကလပ်ရဲ့ လေ့ကျင့်ရေးကွင်း အပြင် ဘက်မှာ သူ့ရဲ့နာရီ အခိုးခံလိုက်ရတယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီနာရီဟာ ပေါင် ၆၀,၀၀၀ နီးပါး တန်ကြေးရှိပြီး လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းနဲ့ ညနေပိုင်း လေ့ကျင့်ခန်း မဆင်းခင် ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်တာမှာ လုယူခံခဲ့ရတာပါ။
လီဝန်ဒေါစကီးဟာ သူ့ရဲ့ ကားတံခါးကို ဖွင့်ပြီး လက်မှတ်ထိုးပေးနေတဲ့ အချိန်မှာ သူခိုးဖြစ်သူက နာရီကို လုယူသွား ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပိုလန်တိုက်စစ်မှူးဟာ သူခိုးနောက်ကို ပြေးပြီးလိုက်ကာ နာရီပြန်ရဖို့ ကြိုးစားခဲ့ တယ်လို့ နိုင်ငံတကာ အားကစား သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့က သံသယရှိတဲ့သူကို အမြန်ဆုံး ဖမ်းဆီးနိုင်ခဲ့ပြီး လီဝန်ဒေါစကီးဟာ သူ့နာရီကို ချက်ချင်းပြန် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ လီဝန်ဒေါစကီးဟာ ဆိုစီဒက်အသင်းနဲ့ ကစားမယ့် လာလီဂါပွဲစဉ်အတွက် ဘာစီလိုနာ အသင်းနဲ့ လေ့ကျင့်မှု ပြုုလုပ်ခဲ့တာပါ။
လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (Sports)
အသက် ၃၃ နှစ် အရွယ်ရှိ လီဝန်ဒေါစကီးဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ၈ ရာသီကြာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းကို စွန့်ခွာကာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဗယ်လက်ကာနိုနဲ့ ကစားခဲ့တဲ့ ရာသီသစ် လာလီဂါ အဖွင့်ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပါဝင် ကစားခဲ့ပြီး ဒီပွဲကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ပိုလန်တိုက်စစ်မှူးက ဒီပွဲဟာ အရင်ကလပ်မှာ ကစားခဲ့တဲ့ ကစားနည်းနဲ့ ကွဲပြားကြောင်း ဖွင့်ဟခဲ့ပါတယ်။
လီဝန်ဒေါစကီးက “သူတို့ရဲ့ ဂိုးဧရိယာထဲမှာ ကစားသမား ၆ ဦးက ကျနော့် တစ်ယောက်ထဲကိုပဲ လိုက်ပြီး ကပ် ကစား နေတာကို တော်တော်လေး အံ့အားသင့်မိပါတယ်။ ဘွန်ဒစ်လီဂါမှာ ဒီလိုပုံစံ မရှိပါဘူး။ ဒါက ဘောလုံးကို ဆန့်ကျင်တဲ့ နည်းပါ။ ဒီလိဂ်မှာ ဒီလိုမျိုးကစားတာ ဒီတစ်သင်းတည်းပဲ ဖြစ်ဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။
လီဝန်ဒေါစကီးဟာ ဆိုစီဒက်နဲ့ ပွဲမှာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး ဂိုးသွင်းယူနိုင်ဖို့နဲ့ အသင်းနိုင်ပွဲရဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Daily Mail