
- By CNI
- Category: အားကစား
- Hits: 799
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂
စပိန်ဆယ်ကျော်သက် တင်းနစ်သမား အယ်လ်ကာရတ်ဇ်ဟာ နော်ဝေတင်းနစ်သမား ကတ်စပါရုဒ်ကို အနိုင်ရပြီး အမေရိကန်အိုးပန်းမှာ ချန်ပီယံဖြစ်ခဲ့သလို အသက်အငယ်ဆုံး ကမ္ဘာ့နံပတ် ၁ ဖြစ်လာခဲ့ပါတယ်။
အယ်လ်ကာရတ်ဇ်ဟာ အမေရိကန်အိုးပန်း ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ၆-၄၊ ၂-၆၊ ၇-၆၊ ၆-၃ နဲ့ အနိုင်ရပြီး ပထမဆုံး ဂရမ်းဆလမ်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အသက် ၁၉ နှစ်အရွယ်ရှိ အယ်လ်ကာရတ်ဇ်ဟာ ၂၀၀၅ ခုနှစ်က ပြင်သစ်အိုးပန်းမှာ ဗိုလ်စွဲခဲ့တဲ့ ရာဖေးလ်နာဒယ်လ် နောက်ပိုင်း အသက်အငယ်ဆုံး ဂရမ်းဆလမ်း ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ အယ်လ်ကာရတ်ဇ်ဟာ အဓိကပြိုင်ပွဲ ၂ ခုရဲ့ ဗိုလ်လုပွဲမှာ အရေးနိမ့် ထားခဲ့ပေမယ့် ဒီပွဲအနိုင်ရခဲ့လို့ ကမ္ဘာ့နံပတ် ၁ နေရာကို ရယူနိုင်ခဲ့တာပါ။
အယ်လ်ကာရတ်ဇ်ဟာ မက်ဗီဒက်ဗ်နေရာ အစားဝင်ပြီး ကမ္ဘာ့နံပတ် ၁ နေရာကို ရယူခဲ့တာဖြစ်ပြီး ATP အဆင့် သတ်မှတ်ချက် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ဆယ်ကျော်သက် တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။
ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်နဲ့ ပြိုင်ဘက်ကိုတွေ့ရစဉ်
အယ်လ်ကာရတ်ဇ်ဟာ အမေရိကန်အိုးပန်းမှာ ဗိုလ်စွဲနိုင်ဖို့အတွက် ပွဲစဉ် ၇ ပွဲ စုစုပေါင်းကို ၂၃ နာရီ မိနစ် ၄၀ ကြာ ကစားခဲ့ရတယ်လို့ အချက်အလက်တွေအရ သိရတာပါ။
အယ်လ်ကာရတ်ဇ်က “ ကမ္ဘာ့နံပတ် ၁ ဖြစ်ဖို့နဲ့ ဂရမ်းဆလမ်းမှာ ချန်ပီယံဖြစ်ဖို့ အတွက်က ကျနော် ငယ်ငယ်လေး ကတည်းက အိမ်မက်မက်ခဲ့ရတဲ့ အရာပါ။ ဒီလိုဖြစ်လာဖို့ ကျနော့်မိသားစု၊ အသင်းနဲ့အတူ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ တာပါ။ ကျနော့်ဟာ အခုမှ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတာကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေဟာ မိသား စု၊ အသင်းနဲ့အတူတူ ရှိနေတာပါ။ ဒါက ကျနော့်အတွက်တော့ တကယ်ကို ထူးခြားတဲ့အရာတွေပါ” လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ကတ်စပါရုဒ်ကလည်း ထိပ်တန်းပြိုင်ပွဲမှာ အောင်ပွဲခံနိုင်တဲ့ ပထမဆုံး နော်ဝေလူမျိုး ဖြစ်လာဖို့ ကြိုးစားခဲ့ပေမယ့် အယ်လ်ကာရတ်ဇ်ကို အရေးနိမ့်သွားခဲ့တာပါ။ ကတ်စပါရုဒ်ဟာ ဒီပွဲ အရေးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၇ ကနေ ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကတ်စပါရုဒ်က “ ကျနော် ဘာအတွက်ကြောင့် ကစားနေလဲဆိုတာ ကျနော်တို့ သိပါတယ်။ နံပတ် ၂ ဆိုတာ အရမ်းကြီးဆိုးတာ မဟုတ်ပါဘူး။ကျနော့်အတွက် ပထမဆုံး ဂရမ်းဆလမ်းနဲ့ နံပတ် ၁ နေရာကို ရယူနိုင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 879
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂
တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းက ထုတ်ပယ်ခံရပြီးနောက် ဒီကလပ်မှာ သူ့အချိန်တွေ အဆုံးသတ်လိုက်ရလို့ ဝမ်းနည်းကြောင်း ပထမဆုံးအကြိမ် ထုတ်ပြောလိုက်ပါတယ်။
တူချယ်လ်က “ ဒါဟာ ကျနော့်ရေးခဲ့ဖူး သမျှထဲမှာ အခက်အခဲဆုံး ထုတ်ပြန်ချက်တွေထဲက တစ်ခုပါ။ ဒါကို နှစ်ပေါင်းများစွာ မလုပ်ရတော့ဘူးလို့ ကျနော်မျှော်လင့်ထားတဲ့ အရာပါ။ ချယ်လ်ဆီးမှာရှိတဲ့ ကျနော့်အချိန်တွေ အဆုံးသတ် လိုက်ရလို့လည်း ဝမ်းနည်းမိပါတယ်။ ဒီအသင်းက ကျနော့်အတွက် ပရော်ဖက်ရှင်နယ်လိုရော ပုဂ္ဂိုလ် ရေးအရပါ အိမ်လိုခံစားခဲ့ရတဲ့ နေရာပါ။ ကျနော်ဒီကို စရောက်ကတည်းက ကြိုဆိုခဲ့ကြတဲ့ ဝန်ထမ်းတွေ၊ ကစား သမားတွေနဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၅၀ ကျော် သုံးစွဲပြီး လူအင်အား ဖြည့်တင်း ပေးခဲ့ ပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေသလို ချန်ပီယံလိဂ်မှာလည်း ဒိုင်နမိုဇာဂရက်အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နည်းပြ တူချယ်လ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အသင်းဘက်က ဆုံးဖြတ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းက မထုတ်ခံရခင်က နည်းပြ တူချယ်လ်ကိုတွေ့ရစဉ်
တူချယ်လ်က “ အသင်းကို ချန်ပီယံလိဂ်နဲ့ ကလပ်ကမ္ဘာ့ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့လို့ ဂုဏ်ယူ ဝမ်းမြောက် မှုဟာ ကျနော်နဲ့အတူ အမြဲတမ်းရှိနေမှာပါ။ ဒီကလပ်ရဲ့ သမိုင်းကြောင်းမှာ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခွင့်ရလို့ ဂုဏ်ယူမိပြီး ၁၉ လကြာရှိခဲ့တဲ့ အမှတ်တရတွေဟာ ကျနော့်နှလုံးသားရဲ့ အထူးတစ်နေရာမှာ အမြဲတမ်း ရှိနေမှာ ပါ”လို့ ပြောပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှာ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၀၀ ကိုင်တွယ်ခဲ့တာမှာ ပွဲ ၆၀ အနိုင်၊ ၂၄ ပွဲသရေနဲ့ ၁၆ ပွဲ အရေးနိမ့်ခဲ့တာပါ။
သူ့လက်ထက်မှာ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ တူချယ်လ်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း ချယ်လ်ဆီးအသင်းကို အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သေးတာပါ။
ချယ်လ်ဆီးအသင်းဟာ တူချယ်လ်ရဲ့ နေရာမှာ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 851
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂
ပရီးမီးယားလိဂ်ဟာ လာမယ့်အပတ်မှာ ကစားမယ့် ပွဲစဉ်တွေအတွက် ကွင်းနေရာတွေ လဲလှယ်ပြီး ကျင်းပသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ကြာသပတေးနေ့က ဘုရင်မကြီး အဲလိဇဘတ် ၂ ကွယ်လွန်ခဲ့တာကြောင့် ပြီးခဲ့အပတ်က ကစားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနားကို ကျင်းပသွားဖို့ ရှိနေတာကြောင့် လန်ဒန်ကို လာရောက်မယ့် သူတွေများနေပါတယ်။ ဒါကြောင့် လာမယ့် အပတ်မှာ ကျင်းပမယ့် ပွဲတွေအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
ဒီနောက်မှာတော့ မြို့တော်မှာ စီစဉ်ထားတဲ့ ပွဲတွေအပေါ် စိုးရိမ်မှုတွေ ရှိလာပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အခြေအနေတွေကြောင့် စပါးနဲ့ လက်စတာ၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်၊ ဘရန်ဖို့ဒ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်တွေအပေါ်မှာ သံသယတွေ ရှိစေခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးပွဲ ပရိသတ်များ လက်မှတ်၀ယ်နေစဉ်
ပရီးမီးယားလိဂ် ကလပ်တွေဟာ လာမယ့်အပတ်မှာ ပွဲစဉ်တွေကို ကျင်းပနိုင်ဖို့ မျှော်လင့်နေကြပေမယ့် ပွဲကျင်းပ မယ့် နေရာနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲလွဲမှုတွေ ရှိနိုင်တယ်လို့ The Athletic သတင်းဌာနက ဖော်ပြ ထားပါတယ်။
ဆွေးနွေးမှုတွေမှာ လန်ဒန်ကလပ်တွေဖြစ်တဲ့ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အိမ်ကွင်းအစား လက်စတာ၊ လီဗာပူးလ် အသင်းတို့ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားဖို့ဆိုတဲ့ အချက် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လန်ဒန် ၂ သင်း ထိပ်တိုက်တွေ့ဆုံမယ့် ဘရန်ဖို့ဒ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကတော့ ဘယ်လိုဖြစ်မလာဆိုတာ စောင့်ကြည်ရမယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
“ပွဲတွေဆက်လုပ်မလားဆိုတာ ဘောလုံးတာဝန်ရှိသူတွေရဲ့ ကိစ္စပါ။ ပြိုင်ပွဲတွေ ရှိလာပြီဆိုရင်တော့ ရဲတပ်ဖွဲ့က သက်ဆိုင်ရာအဖွဲ့တွေနဲ့ လက်တွဲပြီး အစီအစဉ်တွေ ထားရှိသွားမယ်လို့” Metropolitan ရဲတပ်ဖွဲ့ က ပြောပါတယ်။
ဘုရင်မကြီးရဲ့ လန်ဒန်မြို့ အပြင်ဘက်ရှိ ပွဲတွေကိုတော့ ထိခိုက်နိုင်ဖွယ် မရှိဘူးလို့ သိရတာပါ။
အဲ့ဒါကြောင့် ဝုလ်ဗ်စ်နဲ့ လိဒ်စ်တို့ဟာ မန်စီးတီး၊ ယူနိုက်တက်တို့နဲ့ ကစားဖို့ မန်ချက်စတာကို သွားရောက်မယ့် ခရီးစဉ်အတွက် အနှောက်အယှက် နည်းပါးနိုင်တာလည်း ဖြစ်ပါတယ်။ EFL အောက်က ပွဲစဉ်တွေဖြစ်တဲ့ ချန်ပီယံ ရှစ်၊ လိဂ်ဝမ်းနဲ့ လိဂ်တူး ပွဲစဉ်တွေကိုတော့ ကျင်းပနိုင်ဖွယ် ရှိ/မရှိဆိုတာ အချိန်မီ ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1485
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
ဘရာဇီးလ်အသင်းဟာ စက်တင်ဘာလထဲမှာ ဂါနာ၊ တူနီးရှားတို့နဲ့ ခြေစမ်းပွဲကစားဖို့ ကစားသမား ၂၆ ဦးပါ လူစာရင်းကို ထုတ်ပြန်ခဲ့တာမှာတော့ အာဆင်နယ်အသင်း တိုက်စစ်မှူး ဂျီးဆပ်စ် ချန်လှပ်ခံခဲ့ရပါတယ်။
ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ မန်စီးတီးကနေ ပြောင်းရွှေ့လာပြီး အာဆင်နယ်အတွက် ခြေစွမ်း ပြသ နေပေမယ့် နည်းပြ တိုင်တီရဲ့ လူစာရင်းထဲမှာ မပါဝင်ခဲ့တာပါ။
ခြေစမ်းပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဘရာဇီးလ်အသင်း လူစာရင်းမှာ ဂျီးဆပ်စ်အပြင် အာဆင်နယ်အသင်းဖော်တွေ ဖြစ်တဲ့ မာတင်နယ်လီနဲ့ ဂါဘရီရယ်လ်တို့လည်း မပါဝင်ခဲ့ပါဘူး။ ယူနိုက်တက် ကစားသမားသစ် အန်တိုနီကတော့ ဘရာဇီးလ်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
တောင်အမေရိကအသင်းရဲ့ လူစာရင်းမှာ ဂျူဗင်တပ်စ် ကစားသမား ဘရီမာနဲ့ ရိုးမား ကစားသမား အိုင်ဘာနက်ဇ် တို့ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။ ဘရာဇီးလ်နည်းပြ တိုင်တီကတော့ ဒါဟာ ကမ္ဘာ့ဖလားအတွက် အပြီးသတ် လူစာရင်း မဟုတ်သေးတာကြောင့် နောက်ထပ် ကစားသမားတွေ ပါဝင်လာနိုင်တယ်လို့ လူစာရင်း ကြေညာအပြီးမှာ ပြောခဲ့ပါတယ်။
ဂျီးဆပ်စ် မပါလာတဲ့ ဘရာဇီးလ်အသင်း လူစာရင်း
ဘရာဇီးလ်အသင်း လူစာရင်းမှာ ဝါရင့်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်နဲ့ ကော်တင်ဟိုတို့လည်း မပါဝင်ခဲ့ပါဘူး။
ဥရောပ အခြေစိုက် ကစားသမားအများစုကို ရွေးချယ်ထားတဲ့ ဘရာဇီးလ်လူစာရင်းမှာ နိုင်ငံရဲ့ အမှတ်ပေးလိဂ်မှာ ကစားနေတဲ့ ပါလ်မီးရတ်စ်ဂိုးသမား ဝီဗာတန်၊ ဖလာမင်ဂိုအသင်းက ကွင်းလယ်လူ အဲဗာတန်ရီဘီယိုနဲ့ တိုက်စစ် မှူး ပီဒရိုတို့ ပါဝင်ခဲ့ပါတယ်။
ဘရာဇီးလ် အသင်းဟာ စက်တင်ဘာ ၂၃ ရက်မှာ ဂါနာ၊ ၂၇ ရက်မှာ တူနီးရှားတို့နဲ့ ပြင်သစ်မှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၄ ရက် ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 1075
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
မိုဒရစ်က ရီးရယ်လ်အသင်းဟာ အဓိက ကွင်းလယ်လူ ကတ်စမဲရိုးကို ယူနိုက်တက်အသင်းထံ ရောင်းချခဲ့ရပေမယ့် အသင်းထိခိုက်မှာမဟုတ်တဲ့အကြောင်းကို ပြောပြလိုက်ပါတယ်။
မိုဒရစ်က “ဒီနှစ်မှာ ကျနော်တို့ဟာ အလွန်ကောင်းမွန်စွာ စတင်ခဲ့ပြီး အားကောင်းတဲ့အသင်းလည်း ရှိခဲ့ပါတယ်။ ကွင်းလယ်မှာ အရေးပါတဲ့ ကတ်စမဲရိုးကို ဆုံးရှုံးခဲ့ရပေမယ့် သူ့နေရာမှာ အစားထိုးဖို့နဲ့ ကောင်းမွန်တဲ့ အလုပ်တွေ လုပ်ဆောင်ဖို့အတွက် အခြားကစားသမားတွေအများကြီး ရှိပါတယ်။ချူအာမန်နီကလည်း အသင်းနဲ့ ကောင်းမွန်စွာ လိုက်လျောညီထွေမှုရှိပါတယ်။ကာမာဗင်ဂါအတွက် ဒုတိယရာသီဖြစ်ပြီး တိုနီကရူးစ်ကလည်း ဒီမှာရှိတာကြာပါပြီ။ ဗယ်ဗာဒီဟာ ဘယ်လိုအခြေအနေမှာမဆို ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်။ ဆီဘယ်လော့စ်ကလည်း အသင်းကို အများကြီးအကူအညီပေးနေတယ်လို့” ရီးရယ်လ်ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။
ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းထံ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ကတ်စမဲရိုး၊ မိုဒရစ်နဲ့ တိုနီကရူးစ်တို့ ၃ ဦးဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးကွင်းလယ်အတွဲ အဖက်အဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။ကတ်စမဲရိုး ထွက်ခွာသွားလို့ ရီးရယ်လ်အသင်း ထိခိုက်နိုင်တယ်လို့ ပြောနေကြပေမယ့် မိုဒရစ်ကတော့ ဒါကို ငြင်းဆန်ခဲ့ပြီး သူတို့ကို ထိခိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ကတ်စမဲရိုး၊ မိုဒရစ်နဲ့ တိုနီကရူးစ်တို့ ၃ ဦးဟာ စပိန်ကလပ် ဆုဖလားအများအပြား ရရှိခဲ့ရာမှာ အဓိက စွမ်းဆောင် ပေးခဲ့ကြတာပါ။ရီးရယ်လ်အသင်းဟာ အခုနှစ်ရာသီအစကို ကောင်းမွန်စွာစတင်နေပြီး ပြိုင်ပွဲအားလုံး အနိုင်ရရှိ ထားပါတယ်။
အသစ်ခေါ်ယူထားတဲ့ ချူအာမန်နီကလည်း လာလီဂါ ၄ ပွဲစလုံး ပါဝင်ကစားခဲ့ပြီး ၁ ဂိုး ဖန်တီး ထားတာဖြစ်ပါတယ်။ရီးရယ်လ်အသင်းဟာ နောက်ဆုံးကစားထားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆဲလ်တစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားတာပါ။
ကတ်စမဲရိုးကတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ယူနိုက်တက်အသင်းအတွက် လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတော့ ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းအတွက် ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
Source:goal

- By CNI
- Category: အားကစား
- Hits: 1390
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်က ဂိုးပေါက်ပျောက်ဆုံးနေမှုအပေါ်မှာ စိုးရိမ်မှုမရှိဘဲ ဒီထက်ပိုကောင်းအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောလိုက်ပါတယ်။
ဆွန်ဟောင်မင်က “တိုးတက်မှုတစ်ခုခုရှိလာမယ်လို့ ကျနော်မြင်မိပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော့်မှာ တိုးတက်ဖို့အတွက် နေရာတွေအများကြီးကျန်ရှိနေသေးလို့ပါ။အသင်းတစ်သင်းအနေနဲ့ရော တစ်ဦးချင်းအနေနဲ့ပါ ကောင်းမွန်အောင်လုပ်ရမှာပါ။အရေးကြီးဆုံးက ကျနော်တို့ဟာ အသင်းလိုက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ပါ။ အသင်းလိုအပ်တဲ့အရာတွေကို ကျနော်လုပ်ဆောင်သွားမယ်”လို့ ပြောခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၃ ဂိုးသွင်းယူပြီး ဆာလတ်နဲ့ အတူ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့တာ ဖြစ်ပါတယ်။တောင်ကိုရီးယား ကစားသမားဟာ ဒီရာသီမှာ တော့ ဂိုးပေါက်ပျောက်ဆုံးနေပြီး ၇ ပွဲကစားအပြီးမှာ သွင်းဂိုး မရရှိသေးပါဘူး။
ဆွန်ဟောင်မင်က “ရိုးရိုးသားသားပြောရရင် ပွဲမှာ အခွင့်အရေးမရတော့ဘူးဆိုရင် စိုးရိမ်နိုင်ပေမယ့် အခုထိ အခွင့်အရေးတွေက ရတုန်းပါ။တချိုပွဲတွေမှာ ကံမကောင်းခဲ့သလို၊ တချို့ပွဲတွေမှာတော့ အဆုံးသတ်ပိုင်း ဆိုးရွားခဲ့ပါတယ်။တချို့ပွဲတွေမှာဆို အခွင့်အရေးကြီးကြီးမားရပေမယ့် ဂိုးမဝင်တာကြောင့် စိတ်ပျက်တာတွေ လည်း ရှိခဲ့ပါတယ်။ဒါပေမယ့် ကျနော်မစိုးရိမ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် အသင်း၊ဝန်ထမ်းတွေနဲ့ ပရိသတ်တွေက ကျနော့်ကိုကူညီနေတာကြောင့်ပါ။တစ်ဂိုးသွင်းလိုက်ပြီဆိုရင် ယုံကြည်မှုတွေပြန်ပြီးတော့ ရမှာပါ။အဲဒါကနေ ရှေ့ဆက်ဂိုးတွေသွင်းနိုင်တော့မှာပါ”လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ကစားဖို့ ရှိခဲ့ပေမယ့် ဘုရင်မကြီး အယ်လိဇဘတ် II ကွယ်လွန်ခဲ့တာကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရတာပါ။လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ် ၆ ပွဲကစားအပြီးမှာ ၄ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။စပါးအသင်းဟာ ကြားရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မာဆေးလ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
စပါးအသင်းဟာ အခုလာမယ့်အပတ်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Daily Mail

- By CNI
- Category: အားကစား
- Hits: 1115
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
ဘော့စနီးယားနဲ့ ဟာဆီဂိုဗီနာအသင်းတို့ဟာ ရုရှားအသင်းနဲ့ ခြေစမ်းပွဲကစားမှာကို ကွင်းလယ်ကစားသမား ယာနစ်နဲ့ ဆာရာဂျေဗိုမြို့တော်ဝန်တို့ဆီကနေ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဘော့စနီးယားအသင်း အဓိကကွင်းလယ်လူ ယာနစ်က “ဒီဆုံးဖြတ်ချက်က လုံးဝမကောင်းပါဘူး။ကျနော် စကားမပြောချင်ဘူး။နိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကျနော့်ဘက်က ထင်နေတာကို သူတို့သိပါတယ်”လို့ ပြောခဲ့တာကို ဘော့စနီးယားမီဒီယာက ဖော်ပြခဲ့တာပါ။
ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်ကစားသမားဟောင်း ယာနစ်ဟာ ဘော့စနီးယားလက်ရွေးစင်အတွက် ၂၀၀၈ မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၁၀၇ ပွဲပါဝင်ကစားထားကာ ၁၈ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ယာနစ်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ထွက်ပြီး ယူအေအီးကလပ် ရှာဂျက်အသင်းထံ ပြောင်းရွှေ့ခဲ့ တာပါ။ဘော့စနီးယားမြို့တော် ဆာရာဂျေဗိုမြို့တော်ဝန်ဖြစ်တဲ့ ခါရစ်ကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ တုံ့ပြန်ခဲ့ပါတယ်။
“တိုက်ခိုက်လိုသူတွေရဲ့ အရှည်ကြာဆုံးဝိုင်းရံမှုအောက်မှာ ရှိခဲ့ဖူးတဲ့ ဆာရာဂျေဗိုမြို့ရဲ့ မြို့တော်ဝန်အနေနဲ့ ရုရှားနဲ့ ကစားမယ့် ခြေစမ်းပွဲကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ဒီဆုံးဖြတ်ချက်ကို ပြန်မပြောင်းဘူးဆိုရင် အောင်မြင်မှု တွေရနေတဲ့ ဘောလုံးအသင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းသွားမယ်”လို့ ခါရစ်က တွစ်တာမှာ ရေးသား ခဲ့တာပါ။ဆာရာဂျေဗိုဟာ ဘော့စနီးယားစစ်ပွဲအတွင်း ၁၉၉၂ ကနေ ၁၉၉၅ အထိ ၄၃ လကြာ ဝိုင်းရံခံခဲ့ရတယ်လို့ သိရပါတယ်။
ရုရှားနဲ့ ဘော့စနီးယားတို့ရဲ့ ခြေစမ်းပွဲကို ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် တစ်ရက်အလို နိုဝင်ဘာလ ၁၉ ရက် စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ သတ်မှတ်ထားတာပါ။ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ ကြောင့် နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။အဲဒါကြောင့် ကမ္ဘာ့ဖလားပလေးအောဖ့် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ ဘော့စနီးယားအသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲမအောင်မြင်ခဲ့ပါဘူး။
ရုရှားဟာ ဘော့စနီးယားနဲ့ ခြေစမ်းပွဲမတိုင်ခင် ကာဂျစ္စတန်၊ အီရန်တို့နဲ့ ခြေစမ်းပွဲကစားဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။
Source:Reuters

- By CNI
- Category: အားကစား
- Hits: 1115
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
နည်းပြ တူချယ်လ် ထုတ်ပယ်ခံရပြီးနောက် လူကာကူဟာ ချယ်လ်ဆီးအသင်းထံ အခုနှစ် ရာသီအကုန်မှာ ပြန်သွား နိုင်တယ်လို့ အင်တာမီလန်အသင်း ဒါရိုက်တာ မာရော့တာက ပြောလိုက်ပါတယ်။
မာရော့တာက “ နည်းပြ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုက လူကာကူရဲ့ အနာဂတ်အတွက် ဘယ်လို ဖြစ်မလဲဆိုတာ ကျနော်တို့ မသိပါဘူး။ ကျနော်တို့ကတော့ လူကာကူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရယူ ချင်ပါတယ်။ ရာသီအကုန်မှာတော့ ကျနော်တို့ဟာ ချယ်လ်ဆီး အသင်းနဲ့အတူ ထိုင်ပြီး သူ့အကြောင်းကို ပြောချင် ပါတယ်။ နည်းပြ အပြောင်းအလဲကြောင့် သူဟာ ချယ်လ်ဆီးကို ပြန်သွားနိုင်လားဆိုတာ ကျနော်မသိပါဘူး။ ဒါဟာ ခန့်မှန်းရခက်ပါတယ်”လို့ Sky Sports Italia ကို ပြောပါတယ်။
လူကာကူဟာ ပေါင် ၉၇.၅ သန်းနဲ့ ချယ်လ်ဆီး အသင်းထံ ပြောင်းရွှေ့သွားပြီး တစ်ရာသီ အကြာမှာပဲ အင်တာမီလန်ဆီ အငှားနဲ့ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လူကာကူဟာ ဒီရာသီမှာ အင်တာမီလန် အသင်းအတွက် ၃ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးထားတာပါ။
လူကာကူဟာဆိုရင် ပြီးခဲ့တဲ့ရာသီက နည်းပြ တူချယ်လ် လက်အောက် ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
တူချယ်လ်နဲ့ လူကာကူကိုတွေ့ရစဉ်
လူကာကူက သူဟာ တူချယ်လ်ရဲ့ နည်းစနစ်တွေနဲ့ အံ့မဝင်တာကြောင့် ချယ်လ်ဆီးအသင်းမှာ မပျော်ရွှင်တော့ဘဲ အင်တာမီလန် အသင်းထံ ပြန်ချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ချခဲ့တာပါ။
အဲ့ဒါကြောင့် လူကာကူဟာ ချယ်လ်ဆီး အသင်းဖော်တွေနဲ့ နည်းပြ တူချယ်လ်ကို ပြန်တောင်းပန်ခဲ့ရပြီး အသင်းရဲ့ ပြစ်ဒဏ် ချခြင်းကိုလည်း ခံခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ လူကာကူအပြင် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ တီမိုဝါနာကိုလည်း လိုက်ပ်ဇစ်အသင်းထံ ရောင်းချခဲ့တာပါ။
လန်ဒန်ကလပ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ဘာစီလိုနာ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူခဲ့ပါတယ်။
ဒါပေမယ့် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ တူချယ်လ်ကို ထုတ်ပယ်ခဲ့ပြီး ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာ အနေနဲ့ လူကာကူကို ပြန်လည် ခေါ်ယူချင် တယ်ဆိုရင် ကစားသမားဟာ ရာသီအကုန်မှာ အသင်းထံ ပြန်လာရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1000
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
နောက်ဆုံးပြုလုပ်ခဲ့တဲ့ အပြောင်းအရွှေ့မှာ ဘောလုံးအေးဂျင့်တွေဟာ ဝင်ငွေ ပေါင်သန်း ၄၃၀.၈ သန်း ရရှိခဲ့တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြောပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ နိုင်ငံတကာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးနောက် အစီရင်ခံ စာကို လျှပ်တစ်ပြက် ထုတ်ပြန်ခဲ့တာပါ။
ဘောလုံးအေးဂျင့်တွေဟာ အမျိုးသားကစားသမား အပြောင်းအရွှေ့ စုစုပေါင်း တန်ဖိုး ပေါင် ၄.၃၆ ဘီလီယံရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးကို စုပေါင်းဘဏ်စာရင်း သွင်းထားတယ်လို့ ဖော်ပြခဲ့ ပါတယ်။
အခုနှစ် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး ကစားသမား အပြောင်းအရွှေ့တွေဟာ စံချိန်တင် များပြားခဲ့တာ ပါ။ အခုနှစ်အတွက် စုစုပေါင်း အမျိုးသား အပြောင်းအရွှေ့ ဈေးကွက်တန်ဖိုးဟာ ပေါင် ၄.၃၆ ဘီလီယံရှိပြီး မနှစ်က ထက် ၂၉.၇ ရာခိုင်နှုန်း တိုးလာခဲ့တာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ကစားသမားများ (GETTY IMAGES)
အင်္ဂလိပ်ဘောလုံးကပဲ နွေရာသီ အပြောင်းအရွှေ့မှာ အပြောင်းအရွှေ့ လုပ်ငန်းအများစုကို လုပ်ကိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဟာ စံချိန်တင် အသုံးစရိတ် ပေါင် ၁.၉ ဘီလီယံ သုံးစွဲခဲ့တာပါ။ ယူနိုက်တက် အသင်းဟာ အန်တိုနီ ကို ပေါင် ၈၁.၃ သန်းနဲ့ အေဂျတ်စ်ကနေ ခေါ်ယူခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဈေးအကြီးဆုံး အပြောင်း အရွှေ့ ဖြစ်ခဲ့ပါတယ်။
အင်္ဂလိပ်ဘောလုံးလောကရဲ့ အပြောင်းအရွှေ့ နောက်ဆုံးနေ့က စက်တင်ဘာလ ပထမဆုံးရက်ဖြစ်ပြီး တူရကီ နိုင်ငံလို ဥရောပနိုင်ငံတွေရဲ့ အပြောင်းအရွှေ့ကတော့ ဒီနေ့မှာ အဆုံးသတ်မှာပါ။
အမျိုးသမီးဘောလုံး လောက ကလည်း နိုင်ငံတကာ အပြောင်းအရွှေ့ ၆၈၄ ခု စံချိန်တင်ပြုလုပ်ခဲ့ပြီး မနှစ်ကထက် ကိန်းဂဏန်း ၁၄.၄ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အမျိုးသား ပြိုင်ပွဲတွေမှာလည်း ၉၇၁၇ ခု အပြောင်းအရွှေ့ ပြုလုပ် တာနဲ့အတူ ၁၆.၂ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ရာသီဝက်ကာလ ကစားသမားတွေကို စာရင်းသွင်း မှတ်ပုံတင်တာမှာ အေးဂျင့်တွေအတွက် ဝန်ဆောင်မှုကြေးနဲ့ ပြောင်းရွှေ့ကြေး အချိုးဟာ ၂၀၁၂ မှာ ၆.၁ ရာခိုင်နှုန်းကနေ ၂၀၂၂ မှာ ၉.၉ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ သတင်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1338
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
ယူနိုက်တက်အသင်းပရိသတ်တွေဟာ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဆိုစီဒက် အသင်းဘက်ကို ပင်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ဒေါသပေါက်ကွဲခဲ့ ကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေး နိမ့်ခဲ့တာပါ။ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဒေးဗစ်ဆေးလ်ဗားရဲ့ ကန်သွင်းချက်ကို ယူနိုက်တက်နောက်ခံလူ မာတီးနတ်စ်က ဂိုးဧရိယာအတွင်း တားဆီးခဲ့ရာမှာ လက်နဲ့ ထိတယ်ဆိုပြီး ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ဒိုင်လူကြီးဟာ မာတီးနတ်စ်ကို အဝါကတ်ပါပြသခဲ့ပြီး VAR ကလည်း ဒီဆုံးဖြတ်ချက်ကိုအတည်ပြုပေးခဲ့တာပါ။
ဒေးဗစ်ဆေးလ်ဗားရဲ့ ကန်သွင်းချက်ကို တားဆီးခဲ့ရာမှာ ဘောလုံးဟာ မာတီးနတ်စ်ရဲ့ ခြေထောက်ကို ထိပြီးမှ တံတောင်ဆစ်ကို ထိခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ပရိသတ်တွေကတော့ ပင်နယ်တီပေးတဲ့ ဆုံးဖြတ်ချက်ကို ဘာကြောင့် မပယ်ဖျက်တာလဲဆိုပြီး ဒိုင်လူကြီးကို သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ မေးခွန်းထုတ်ခဲ့ကြတာပါ။ ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ယူရိုပါလိဂ်အုပ်စုတွင်း အမှတ်ပေး ဇယား တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ပင်နယ်တီဆိုပြီး သတ်မှတ်ပါစေ၊ မာတီးနတ်စ်ရဲ့ ခြေ ထောက်က စည်းကမ်းချက်စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း ရှင်းရှင်းလင်းလင်းပါပဲ”လို့ ရေးသားခဲ့တာ ပါ။နောက်ထပ် ပရိသတ်တွေကလည်း “မာတီးနတ်စ်မှာ လက်မောင်းရှိနေလို့ ပင်နယ်တီပေးလိုက်ရတာ” “ဒါဟာ ပင်နယ်တီဆိုရင် လူတိုင်းအတွက် ပြီးဆုံးသွားပါပြီ၊ ရူးသွပ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါ” လို့ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၄ ပွဲဆက်တိုက်အနိုင်ရပြီး ရလဒ်ကောင်းတွေ ရရှိနေပေမယ့် ယူရိုပါလိဂ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။မန်ချက်စတာကလပ်ဟာ လာမယ့်အပတ်မှာ ယူရိုပါလိဂ် အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် မော်လ်ဒိုဗာကလပ် ရှရစ်ဖ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Daily Mail