
- By CNI
- Category: အားကစား
- Hits: 1114
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
ဘုရင်မကြီး အဲလိဇဘက် II ကွယ်လွန်သွားခဲ့တာကြောင့် ဒီတစ်ပတ်ကစားဖို့ စီစဉ်ထားတဲ့ ပရီးမီးယား လိဂ် ပွဲစဉ်တွေကို ရွှေ့ဆိုင်းသွားဖို့ ရှိနေတယ်လို့ ဗြိတိန်ကလာတဲ့ အားကစားသတင်းတွေမှာ ဖော်ပြ ထားပါတယ်။
ဘုရင်မကြီးဟာ ဘယ်လ်မိုရယ်ရှိ သူ့ရဲ့ တော်ဝင်နေအိမ်မှာ ကြာသပတေးနေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်တာပါ။ဗြိတိန်မှာ သူတို့ရဲ့ သက်တမ်းအရှည်ကြာဆုံး ဘုရင်မကြီးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၁၀ ရက်ပြုလုပ်ဖို့ သတ်မှတ်ထားပြီး အခုတစ်ပတ်မှာ ကစားမယ့် အားကစားပြိုင်ပွဲတွေကို ရပ်နားထားဖို့ စီစဉ်ထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားတာ ဖြစ်ပါတယ်။
EFL ကတော့ သောကြာနေ့ညမှာ ကစားဖို့ရှိနေတဲ့ ဘန်လေနဲ့ နောဝစ်ချ်တို့ရဲ့ ချန်ပီယံရှစ်ပွဲစဉ်၊ ထရန်မီရီ နဲ့ စတော့ပေါ့တ်အသင်းတို့ ကစားမယ့် လိဂ်တူးပွဲစဉ်ကိုတော့ မကစားဖို့ ဆုံးဖြတ်ထားတာပါ။ တခြား အားကစားနည်းတွေကလည်း သူတို့ရဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေဟာ လက်ရှိအချိန်မှာ အစိုးရနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆုံးဖြတ်ချက်ချရခြင်း မရှိသေးပါဘူး။
ပရီးမီးယားလိဂ်နဲ့ ကလပ်အသင်းတွေကတော့ ဘုရင်မကြီး ကွယ်လွန်မှုကြောင့် ဝမ်းနည်းကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်စ်လိဂ်မှာ ပါဝင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်၊ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ကတော့ ဝမ်းနည်းကြောင်းပြသတဲ့အနေနဲ့ တစ်မိနစ်ကြာ ငြိမ်သက်ခဲ့သလို လက်ပတ်အနက်ရောင်တွေကိုလည်း ဝတ်ဆင်ခဲ့ကြတာပါ။
အင်္ဂလန်မှာရှိတဲ့ ဘောလုံးလိဂ်တွေကတော့ ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေပြီး သူတို့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ ရှိနေတာဖြစ်ပါတယ်။ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ် ၇ ကိုတော့ ဖူလ်ဟမ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်နဲ့စတင်မှာဖြစ်ပြီး မန်စီးတီးနဲ့ စပါးတို့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲကြီးပွဲကောင်းလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 929
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈
အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ဂိုးသမား ပစ်ဖို့ဒ်ဟာ ပေါင်ဒဏ်ရာကြောင့် အီတလီ၊ ဂျာမနီတို့နဲ့ ကစားမယ့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပွဲစဉ်ကို ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ပစ်ဖို့ဒ်ဟာ ကလပ်အသင်းအနေနဲ့ဆိုရင် အဲဗာတန်အသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က် လီဗာပူးလ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ အဲဗာတန်အသင်းနဲ့အတူ ပါ ဝင် ကစားခဲ့တဲ့ ပစ်ဖို့ဒ်ဟာ ပေါင်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
အဲဒီ ပွဲစဉ်မှာ ပစ်ဖို့ဒ်ဟာ လီဗာပူးလ်အသင်း ဂိုးသွင်းခွင့်ရမယ့် အခွင့်အရေး အများအပြားကို ကာကွယ်နိုင်ခဲ့ပြီး အဲဗာတန်အသင်းအတွက် သရေတစ်မှတ် ရယူပေးနိုင်ခဲ့ပါတယ်။ အဲဗာတန် အသင်းကတော့ ပစ်ဖို့ဒ်ဟာ နိုင်ငံ တကာ ပွဲစဉ်တွေ ပြီးတဲ့အထိ အသင်းအတွက် ပြန်လာနိုင်ဖွယ် မရှိသေးဘူးလို့ ပြောပါတယ်။
ပစ်ဖို့ဒ်ဟာဆိုရင် ဆန်းဒါးလန်း အသင်းကနေ ရောက်ရှိလာတဲ့ ၂၀၁၇ ကတည်းက အဲဗာတန်အသင်းအတွက် လက်စွမ်း ပြသနေတာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်မှာလည်း နံပတ်တစ် ဂိုးသမားအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ပွဲမှာ ဂိုးကန်သွင်းမှုများကို ကာကွယ်နေသော ပစ်ဖို့ဒ် (Sports)
ဒါကြောင့် ပစ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်လုပွဲအထိ တက်နိုင်အောင် အကောင်းဆုံး လက်စွမ်းပြသခဲ့တာပါ။
အင်္ဂလန်အသင်းဟာ စက်တင်ဘာလ ၂၃ ရက်မှာ အီတလီအသင်းနဲ့ မီလန်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၆ ရက်နေ့မှာ တော့ လန်ဒန်မှာ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပစ်ဖို့ဒ်ဟာ ဒဏ်ရာကြောင့် တနင်္ဂနွေနေ့ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်အပြင် နောက်တစ်ပတ်မှာ ကစား မယ့် ဝက်စ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာလည်း အဲဗာတန်အသင်းအတွက် ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပါဘူး။
အဲဗာတန် အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီး အောက်တိုဘာ ၁ ရက်မှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အဲဗာတန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲ ကစားအပြီးမှာ နိုင်ပွဲပျောက်ဆုံးနေပြီး ၄ ပွဲသရေ ၂ ပွဲရှုံး ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 919
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈
ရုရှားအမျိုးသားဘောလုံးအသင်းဟာ အီရန်၊ ကာဂျစ္စတန်တို့နဲ့ ခြေစမ်းပွဲကစားမယ်လို့ ကြေညာလိုက်ပြီး ဒီပွဲတွေကို တီဟီရန်မှာ ကျင်းပသွားဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။
ရုရှားဘောလုံးနဲ့ သက်ဆိုင်တဲ့အသင်းတွေဟာ ယူကရိန်းမှာ မော်စကိုစစ်ဆင်ရေး စတင်လုပ်ဆောင်ပြီး နောက် ယူအီးအက်ဖ်အေနဲ့ ဖီဖာက ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းခံထားရ တာပါ။ဒီလို ပိတ်ပင်မှုကြောင့် ရုရှားလက်ရွေးစင်အမျိုးသားဘောလုံးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။ဒါပေမယ့် သူတို့ဟာ ခြေစမ်းပွဲတော့ ယှဉ်ပြိုင်ခွင့် ရတာ ဖြစ်ပါတယ်။
ရုရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေတဲ့ အီရန်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာပါ။အီရန်အသင်းဟာ အိမ်ရှင်အဖြစ် နိုဝင်ဘာလ ၁၅ ရက်မှာ ရုရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ထားပေမယ့် ဘယ်နေရာမှာ ကျင်းပမလဲဆိုတာ တော့ အတည်ပြုရခြင်း မရှိသေးပါဘူး။ဒါပေမယ့် Match TV ရဲ့ ဖော်ပြမှုအရ တီဟီရန်မှာ ကျင်းပဖွယ်ရှိ တယ်လို့ သိရပါတယ်။
ကာဂျစ္စတန်နဲ့ ပွဲကိုတော့ စက်တင်ဘာလ ၂၄ ရက်မှာ ကျင်းပဖို့ သတ်မှတ်ထားတာဖြစ်ပြီး ဒီပွဲဟာ နှစ်သင်းကြား ပထမဆုံးတွေ့ဆုံမယ့် ပွဲလည်းဖြစ်ပါတယ်။
ရုရှားဟာ နိုဝင်ဘာလထဲမှာ တတိယမြောက် ခြေစမ်းပွဲကစားဖို့ ပစ်မှတ်ထားနေပြီး အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်ပေမယ့် ဘော့စနီးယားအသင်း ဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။ရုရှားအသင်းဟာ ခရိုအေးရှားအသင်းကို အရေးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ဘောလုံးပြိုင်ပွဲတွေ ယှဉ်ပြိုင် ကစားခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။
ရုရှားအသင်းဟာ ကာဂျစ္စတန်နဲ့ ခြေစမ်းပွဲအတွက် ကစားသမား ၃၅ ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ် နေတာပါ။ ရုရှားနည်းပြ ကာပင်က “အီရန်ဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရတဲ့အသင်းဖြစ်ပြီး အဆင့် သတ်မှတ်ချက်ကောင်းပါတယ်။ပွဲကျင်းပမယ့် ရက်စွဲကတော့ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ အီရန်ဟာ နိုဝင်ဘာ ၂၁ ရက်မှာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ကစားရမှာပါ။ ညှိနှိုင်းမှုတွေ တော့ ပြုလုပ်နေဆဲပဲ”လို့ ပြောခဲ့ပါတယ်။
ရုရှားဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃၅ နေရာမှာရှိနေပြီး၊ အီရန်က ကမ္ဘာ့အဆင့် ၂၂ နဲ့ ကာဂျစ္စတန်အသင်းက ကမ္ဘာ့အဆင့် ၉၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:အာရ်တီ

- By CNI
- Category: အားကစား
- Hits: 820
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈
လီဝန်ဒေါစကီးဟာ ဗစ်တိုးရီးယားပလာဇန်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး ဟတ်ထရစ် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်းက ဗစ်တိုးရီးယား ပလာဇန်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာမှာ လီဝန်ဒေါစကီးရဲ့ ဟတ်ထရစ်အပြင် ဘာစီလိုနာအတွက် ဂိုးတွေကို ကတ်ဆီနဲ့ ဖာရန်တောရက်စ်တို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဘိုင်ယန်မြူးနစ်ကနေ ရောက်ရှိလာတဲ့ လီဝန်ဒေါစကီးဟာ ဘာစီလိုနာ အတွက် ၅ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီ
လီဝန်ဒါစကီးဟာ ဘာစီလိုနာအတွက် ဟတ်ထရစ် ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မတူညီ တဲ့ အသင်း ၃ သင်းနဲ့ ဟတ်ထရစ် ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ ပါတယ်။
လီဝန်ဒေါစကီး အနေနဲ့ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်အသင်းတို့နဲ့လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟတ်ထရစ် ရယူနိုင်ခဲ့တာပါ။
ဗစ်တိုးရီးယား ပလာဇန်နည်းပြက “ လီဝန်ဒေါစကီးဟာ ဒီညမှာ သူ့အဆင့်အတန်းကို ပြသသွားခဲ့ပါ တယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဆိုတာ အမှန်ပါပဲ”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီကလည်း အသင်းအတွက် ဂိုးသွင်းစွမ်းရည်တွေ ပြသနေတဲ့ ဝါရင့်တိုက်စစ်မှူးကို ချီးကျူးသွားခဲ့ပါတယ်။
ဗစ်တိုးရီးယားပလာဇန်အသင်းနဲ့ ဘာစီလိုနာ ယှဉ်ပြိုင်နေစဉ်
“ဒါဟာ ဒီနေ့အတွက် လီဝန်ဒေါစကီးရဲ့ ဟတ်ထရစ်ဂိုးပါ။ သူဟာ သူ့အတွက်ရော အသင်းအတွက်ကိုပါ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ လီဝန်ဟာ နေရာလွတ်ကိုလည်း ကောင်းကောင်း ဖတ်တက်ပါတယ်။ ကျနော်သူ့ကို ချစ်မြတ်နိုးပါတယ်။ သူ့ကို လက်မှတ်ထိုးနိုင်ခဲ့တာက အံ့မခန်းပါပဲ”လို့ ဇာဗီက သတင်း ထောက်တွေရဲ့ မေးမြန်းမှုကို ဖြေသွားခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာဆိုရင် လာမယ့်အပတ်မှာ ချန်ပီယံလိဂ်အုပ်စု ဒုတိယမြောက် ပွဲစဉ်အဖြစ် အသင်း ဟောင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြန်လည် တွေ့ဆုံရမှာပါ။ ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲပေါင်း ၃၇၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၄၄ ဂိုးသွင်းယူကာ ဂတ်မူလာရဲ့နောက် အသင်းရဲ့ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ စနေနေ့မှာ ကာဒစ်ဇ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1525
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈
လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က နာပိုလီအသင်းကို အရေးနိမ့်ပြီးနောက် အဝေးကွင်းကို လိုက်ပါ အားပေးတဲ့ ပရိသတ်တွေကိုတောင်းပန်ခဲ့ပြီး အသင်းပိုင်ရှင်တွေက သူ့ကို ထုတ်ပယ်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ကလောပ့်က “ဒီလိုအလွန်ဆိုးရွားတဲ့ညတစ်ညအတွက် ပရိသတ်တွေကို ကျနော်တောင်းပန်ချင်ပါတယ်။ နာပိုလီက အလွန်ကောင်းမွန်ခဲ့ပြီး ကျနော်တို့က အလွန်ဆိုးရွားခဲ့ပါတယ်။ကျနော်ထုတ်ပယ်ခံရမှာ မဟုတ်ပါဘူး။ဒါပေမယ့် ဘယ်သူကတော့ သိနိုင်မှာလဲ။ပိုင်ရှင်တွေက အမျိုးမျိုးရှိပါတယ်။ကျနော်တို့ ပိုင်ရှင်ကတော့ အေးအေးဆေးဆေးပါပဲ။သူတို့က ဒီအခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြနိုင်ဖို့ ကျနော့်ဆီက မျှော်လင့်ထားပါတယ်။အခြားတစ်ယောက်ယောက်ကို ဝင်ရောက်ဖြေရှင်းပေးဖို့ မလိုဘူးလို့ သူတို့ဘက် ကလည်း မြင်ထားပါတယ်။သူတို့အမြင်ပြောင်းလဲတဲ့နေ့မှာတော့ သူတို့က ကျနော့်ကို ပြောပြနိုင်ပါ တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အခုနှစ်ရာသီ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် နာပိုလီအသင်းအိမ်ကွင်းမှာ ကစားခဲ့ရာ ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ အခုနှစ်ရာသီမှာ ရလဒ်အနည်းငယ်ဆိုးရွားနေတာဖြစ်ပြီး အခုရှုံးပွဲကြောင့် အသင်းအပေါ်မှာ ဝေဖန်မှုကျရောက်လာခဲ့ တာပါ။လီဗာပူးလ်နည်းပြကလောပ့်က ပိုပြီးကောင်းမွန်တဲ့ ပြင်ဆင်မှုတစ်ခုကို ရှာဖွေဖို့ ကြိုးစားရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ကလောပ့်က “ကျနော်တို့ဟာ ကိုယ့်ကိုကိုယ်ပြန်ပြီးဆန်းစစ်ဖို့ လိုအပ်ပါတယ်။အခုက ခက်ခဲတဲ့ အခြေအနေမှာရှိနေပြီး ဒါကို လုံးဝသံသယမရှိပါဘူး။ခင်ဗျားအနေနဲ့ ကောင်းမွန်စွာ မကစားနိုင်ဘူး ဆိုရင်လည်း ခံစစ်ပိုင်းကိုတော့ အမြင်ဆုံးအဆင့် လုပ်နိုင်ရပါမယ်။ဘောလုံးပုံစံအသစ်ကို တီထွင်နေဖို့ မလိုပါဘူး။ကျနော်တို့ တိုးတက်ဖို့ပဲ လိုတာပါ။အရာရာတိုင်းမှာ အများကြီးပိုကောင်းလာဖို့အတွက် ရှာဖွေမှုပြုလုပ်ဖို့ ကြိုးစားရပါမယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံအဝေးကွင်းပွဲစဉ်တွေမှာ နိုင်ပွဲပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကလည်း အသင်းဟာ ဒီရလဒ်နဲ့ ထိုက်တန်တယ်လို့ ဝန်ခံ ခဲ့ပြီး ပထမပိုင်းမှာဆို သူတို့ဘက်က လူတစ်ယောက်အသာရပြီး ကစားနေတယ်လို့ ခံစားရကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:The Sun

- By CNI
- Category: အားကစား
- Hits: 827
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇
ကားလို့စ်ကွီးရော့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ၃ လလောက်ပဲ လိုတော့တဲ့အချိန်မှာ အီရန်အသင်း ကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ တရားဝင်သတင်းဌာနက ကားလို့စ်ကွီးရော့စ်ဟာ အခုသတင်းပတ်အကုန်မှာ တီဟီရန်ကို သွားရောက်ပြီး ဒရာဂန်ဆကာစစ်ရဲ့နေရာမှာ အစားထိုးကိုင်တွယ်ဖို့ စာချုပ်ချုပ်ဆိုသွားမယ်လို့ ဖော်ပြ ထားတာပါ။အဆိုပါခရိုအေးရှားလူမျိုးနည်းပြဟာ ဝီလ်မို့စ်ရဲ့နေရာမှာ အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူ ပြီးနောက် အီရန်အသင်းကို ၁၈ ပွဲကိုင်တွယ်ထားခဲ့ရာမှာ ၁၅ ပွဲအနိုင်ရပြီး ကာတာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ကားလို့စ်ကွီးရော့စ်ဟာ အီရန်အသင်းကို ၂၀၁၁ ကနေ ၂၀၁၉ အထိ ကာလကြာရှည်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သေးတာပါ။ပြီးခဲ့တဲ့ အင်္ဂါနေ့က မက်ဒီ တာ့ချ်ဟာ အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရပြီးကတည်းက ကားလို့စ်ကွီးရော့စ်ဟာ လက်ရွေးစင်အသင်းနည်းပြရာထူးကို ပြန်လည်ဝင်ရောက်ဖို့ ချိတ်ဆက်ခံခဲ့ရတာဖြစ်ပါတယ်။
၂၀၁၈ က ရုရှားမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းဟာ ကားလို့စ်ကွီးရော့စ် လက်ထက် မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး မော်ရိုကိုကို အနိုင်ရခဲ့ကာ ပေါ်တူဂီကို သရေကစား နိုင်ခဲ့တာပါ။ ဒါပေမယ့် စပိန်အသင်းကို အရေးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။အီရန်အသင်းဟာ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာပါ။
အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက် အင်္ဂလန်အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၅ ရက်မှာ ဝေးလ်စ် အသင်း၊ ၂၉ ရက်မှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အမေရိကန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကားလို့စ်ကွီးရော့စ်ဟာ အီဂျစ်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့လို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 857
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇
ရီးရယ်လ်အသင်းတိုက်စစ်ကစားသမား ဟာဇတ်ဟာ ဆဲလ်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ၂၀၂၀ နောက်ပိုင်း၂ နှစ်ကျော်အကြာမှ ပထမဆုံးချန်ပီယံလိဂ် သွင်းဂိုးကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ရီးရယ်လ်အသင်းက ဆဲလ်တစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ ရီးရယ်လ်အတွက်ဂိုး တွေကို ဗီနီစီးယက်စ်၊ မိုဒရစ်နဲ့ ဟာဇတ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဟာဇတ်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၃၀ မှာ ဘန်ဇီမာဒဏ်ရာ ရသွားခဲ့လို့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ရတာပါ။ဒါပေမယ့် ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ ဒီပွဲမှာ ခြေစွမ်းပြသခဲ့ပြီး ၁ ဂိုးသွင်းယူခဲ့သလို အသင်းဖော် မိုဒရစ်သွင်းယူခဲ့တဲ့ ဂိုးကိုလည်း ဖန်တီးပေးခဲ့တာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဟာဇတ် အလွန်ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။အန်ဆယ်လော့တီက “ ကျနော်သူ့ကို လူစားထည့်သွင်းလိုက်ချိန်မှာ ဟာဇတ်ရဲ့ အခိုက်အတန့်ပဲလို့ ကျနော်ထင်ခဲ့ပါတယ်။သူကလည်း ကျနော်မှန်တယ်ဆိုတာကို သက်သေပြသနိုင်ခဲ့ ပါတယ်။သူ အခုအလွန်ပျော်ရွှင်နေပါတယ်။
ဒီလိုပုံစံအတိုင်းပဲ သူဆက်ရှိဖို့ ကျနော်မျှော်လင့်ပါတယ်”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဟာဇတ်ဟာ ရီးရယ်လ်အသင်းကို ၂၀၁၉ က ချယ်လ်ဆီးကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကစားသမား ဟာ စပိန်ကလပ်ကို ရောက်ရှိလာကတည်းက ဒဏ်ရာတွေနဲ့ လုံးပန်းခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဒီလို အခြေအနေတွေကြောင့် ရီးရယ်လ်အသင်းအတွက် ပွဲစဉ်ပေါင်း ၆၉ ပွဲသာ ပါဝင်ကစားထားနိုင်ခဲ့ပြီး သွင်းဂိုးကလည်း အခုသွင်းဂိုး အပါမှ ၇ ဂိုးသာ ရရှိထားတာပါ။
ဟာဇတ်ဟာ ဒီရာသီမှာတော့ ကြံ့ခိုင်မှုအပြည့်နဲ့ အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ချယ်လ်ဆီးကစားသမားဟောင်းဟာ ဆဲလ်တစ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် သူ့ရဲ့ ကလပ်နဲ့ နိုင်ငံအသင်းကစားသမားဘ၀ သွင်းဂိုး ၂၀၀ ပြည့်မြောက်သွားခဲ့တာပါ။ရီးရယ်လ်အသင်းဟာ အခုအပတ် မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI News
- Category: အားကစား
- Hits: 866
CNI Sport BREAKING NEWS
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇
ချယ်လ်ဆီးအသင်းဟာ ဒိုင်နမိုဇာဂရက်အသင်းကို ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ အရေးနိမ့်ပြီးနောက် နည်းပြ တူချယ်လ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1380
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇
မန်စီးတီးအသင်းက ဆီဗီလာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီးနောက် ဟာလန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဒေါ့မွန်ကနေ ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေ ကြောင့် ချန်ပီယံလိဂ် ပထမဆုံးပွဲ ၂၀ မှာ ၂၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာတာပါ။ ဒါ့အပြင် နော်ဝေတိုက်စစ်မှူးဟာ ဆဲလ်ဘတ်၊ ဒေါ့မွန်နဲ့ မန်စီးတီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်တွေမှာ ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ၆ ပွဲကစားအပြီးမှာ ၁၀ ဂိုးသွင်းယူထားတာကြောင့် ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁၂ ဂိုးသွင်းယူထားနိုင်ခဲ့တာပါ။ဟာလန်းဟာ ဆီဗီလာနဲ့ပွဲမှာ မိနစ် ၇၀ အထိသာ ပါဝင် ကစားခွင့်ရခဲ့ပြီး နည်းပြ ဂွာဒီယိုလာက သူ့ကို လူစားလဲမှုပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ဂွာဒီယိုလာက ဟာလန်းအနေနဲ့ ဒီပုံစံအတိုင်းကိုပဲ ဆက်ပြီးသွားနေဖို့ လိုအပ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဂွာဒီယိုလာက “သူဟာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်ရှိတဲ့သူပါ။သူ့ရဲ့ ကိန်း ဂဏန်းတွေလည်း မယုံနိုင်လောက်အောင်ပါပဲ။အဲဒါကြောင့် စပါးနဲ့ ကစားမယ့်ပွဲစဉ်မှာလည်း သူဂိုးတွေ ဆက်သွင်းနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ကိန်းဂဏန်းဆိုတာ သူလုပ်ခဲ့တာကို ပြောနေတာပါ။အခု သွင်းဂိုး ၂ ဂိုးတင်မဟုတ်ပါဘူး။ဒီနေရာမှာ သူအမြဲတမ်းရှိနေမှာပါ။သူဟာ အမြဲတမ်းဂိုးပိုသွင်းတယ်ဆိုတဲ့ ခံစားချက်ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီဘရိုင်းကလည်း ဟာလန်းဆီကနေ နောက်ထပ်အများကြီးလာဖို့ ရှိသေးတယ်လို့ ယုံကြည်နေတာပါ။ “အခုအချိန်မှာ သူဟာ ဂိုးတွေသွင်းပြီး ကျနော်တို့ကို အနိုင်ရရှိအောင် ကူညီပေးနေပါတယ်။သူဟာ ကျနော်တို့နဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့ ပုံစံက တကယ်ကိုကောင်းပါတယ်။ဒါပေမယ့် ဂိုးသွင်းယူမှုတွေအပြင် တခြားအပိုင်းတွေလည်း ရှိပါသေးတယ်။ဒီအပိုင်းကိုတော့ လိုက်လျောညီထွေ ဖြစ်အောင်လုပ်ဖို့ ခက်ခဲနိုင်တယ်”လို့ ဒီဘရိုင်းက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သရေကျခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ပတ်မှာ တော့ စပါးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 1109
CNI Sport News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇
ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းရောင်းချလို့ရတဲ့ ငွေတွေကို ယူကရိန်းထံ မလွှဲရသေးဘူးလို့ ဗြိတိန်အလုပ်သမားလွတ်တော်အမတ် ခရစ္စဘရိုင်ယန့်က ပြောလိုက်ပါတယ်။
ခရစ္စဘရိုင်ယန့်က “ဗြိတိန်မှာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ သူတွေထဲကတစ်ဦးမှာ အေဘရာမိုဗစ်ချ် လည်း ပါဝင်ပါတယ်။သူ့ရဲ့ ချယ်လ်ဆီးကို မေလ ၃၀ ရက်မှာရောင်းချခဲ့ပါတယ်။ဒါပေမယ့် ပေါင်သန်း ပေါင်းများစွာဟာ သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ ရှိနေပါတယ်။ဘာကြောင့်လဲဆိုရင် ယူကရိန်းပြည်သူတွေ ထံပေးမယ့် ငွေတွေကို နိုင်ငံခြားရေးရုံးက ရန်ပုံငွေမထူထောင်သေးလို့ပါ” လို့ အောက်လွှတ်တော်မှာ အင်္ဂါနေ့က ပြောခဲ့တာပါ။
ဒါ့အပြင် နိုင်ငံခြားရေးရုံးက ဘာကြောင့်ဒီလောက်ကြာနေတာလဲ၊ဘယ်တော့ခွဲပေးမှာလဲဆိုပြီးတော့ ခရစ္စဘရိုင်ယန့်က ထပ်မံပြောခဲ့ပါတယ်။ခရစ္စဘရိုင်ယန့်ရဲ့ ပြောဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံခြားရေးရုံး ဝန်ကြီးဖြစ်သူက အစိုးရအနေနဲ့ တစ်ဦးချင်းကိစ္စရပ်တွေကို မှတ်ချက်မပေးခဲ့ပေမယ့် သူတို့ဟာ ကျူး ကျော်မှုဖြစ်ပြီးကတည်းက ရုရှားနဲ့ဆက်စပ်တဲ့ လူပေါင်း ၁,၁၀၀ ကို ဒဏ်ခတ်ပိတ်ဆို့ထားတယ်လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းပိုင်ရှင်ဟောင်းဖြစ်တဲ့ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်ဟာ ဒီအသင်းကို ရောင်းချလို့ ရတဲ့ ငွေတွေနဲ့ ရုရှားကျူးကျော်မှုကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ယူကရိန်းပြည်သူတွေကို လှူဒါန်းသွား မယ်လို့ ကတိပြုခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ တောဒ့်ဘိုလီအစုအဖွဲ့လက်ထဲကို ရောက်ရှိနေတာဖြစ်ပြီး သူ့ရဲ့ပထမဆုံးအပြောင်းအရွှေ့မှာ ငွေကြေးအများအပြားသုံးစွဲခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဖိုဖာနာ၊ကူကူရယ်လ်လာ၊ စတာလင်၊ ကူလီ ဘာလီ၊ အူဘာမီယန်း အစရှိတဲ့ ကစားသမားတွေအတွက် အသုံးစရိတ် ပေါင်သန်း ၂၅၀ ကျော် အသုံးပြု ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရာသီမှာ ရလဒ်ကောင်းရယူနိုင်ဖို့ ရုန်းကန် နေရပြီး ဒိုင်နမိုဇာဂရက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာလည်း ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့တာဖြစ်ပါတယ်။
Source:Goal