- By CNI
- Category: အားကစား
- Hits: 835
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇
၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ယူကရိန်းသမ္မတ ဇာလန်းစကီးက ပရိသတ်ထံ မက်ဆေ့ချ်ပေးမှာကို ဖီဖာက ပိတ်ပင်လိုက်ပါတယ်။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ဘောလုံးကွင်းဟာ ဆန္ဒပြတဲ့သူတွေအတွက် နေရာ မဖြစ်စေရဘူးလို့ ပြောထားတာပါ။
ဇာလန်းစကီးဟာ ဗိုလ်လုပွဲ ကျင်းပမယ့် လူဆေးလ် အားကစားကွင်းအတွင်းရှိ ပရိသတ်တွေကို ဗွီဒီယိုလင့်ခ် ကနေ တဆင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သတင်းစကားကို မျှဝေချင်နေတာလို့ သိရပါတယ်။
ဒီလိုချဉ်းကပ်မှုဟာ ငြင်းဆန်ခံရပြီးနောက် ယူကရိန်းအစိုးရ အဖွဲ့ဝင်တစ်ဦးက “ ဖီဖာဟာ သူ့ရဲ့ ပလက်ဖောင်းကို ပိုပြီးကောင်းမွန်တဲ့ နေရာမှာ အသုံးပြုမယ်လို့ ထင်ခဲ့ကြောင်း”ပြောခဲ့တာပါ။
အင်္ဂလန်အသင်း ခေါင်းဆောင် ဟာရီကိန်းကိုတွေ့ရစဉ်(Sky Sports)
အင်ဖန်တီနိုဟာ အင်္ဂလန်၊ ဝေးလ်စ်နဲ့ ဥရောပ ၆ သင်းတို့ကို One Love စာသားပါဝင်တဲ့ လက်ပတ် ဝတ်ဆင်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဆန္ဒကို လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပြီးနောက် ဒီဆုံးဖြတ်ချက်စာတွေ မကြာခင်မှာ ထွက် ပေါ် လာခဲ့တာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင်တွေ အနေနဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး အဆိုပါ လက်ပတ်ကို ဝတ်ဆင်မယ်ဆိုရင် အဝါကတ် ပြသခံရမှာဖြစ်သလို ကြီးမားတဲ့ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြောခဲ့တာပါ။
ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ ကစားသမားတွေဟာ ပါးစပ်ကို သူတို့ရဲ့လက်နဲ့ အုပ်ထားပြီး ဆန္ဒပြမှု လောက်သာ ရှိခဲ့ပြီး ကွင်းအတွင်း ကြီးကြီးမားမား ဆန္ဒပြမှုတွေ မရှိခဲ့တာ ဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလားဟာ ပြိုင်ပွဲ မစတင်ခင်မှာ ကြီးကြီးမားမား ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခုအချိန်မှာ တော့ ပြိုင်ပွဲကြီးကို အဆုံးသတ် နိုင်တော့မှာပါ။ အင်ဖန်တီနိုဟာ ကာတာ ၂၀၂၂ ကို အကောင်းဆုံး ကမ္ဘာ့ဖလား အဖြစ် ချီးကျူးထားတာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မှာတော့ ကာတာကမ္ဘာ့ဖလား နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားနဲ့ လက်ရှိ ချန်ပီယံ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Source: The Sun

- By CNI
- Category: အားကစား
- Hits: 1074
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ပီအက်စ်ဂျီ အသင်းဖော်ဟောင်း ဒီရယ်လ်လိုက ဘတ်ပီအတွက်တော့ ရော်နယ်ဒိုဟာ ထိလို့မရတဲ့သူလို့ ပြောလိုက် ပါတယ်။
ဒီရယ်လ်လိုက “ ရော်နယ်ဒိုဟာ ဘတ်ပီအတွက်တော့ အရာအားလုံးပါပဲ။ ရော်နယ်ဒိုကို မက်ဆီနဲ့ ယှဉ်ပြီး ပြောမယ်ဆိုရင် သူက ခင်ဗျားနဲ့ အနည်းဆုံး ၁ နာရီလောက်ကြာအောင် စကားစစ်ထိုး နေပါလိမ့်မယ်။ သူ့ အတွက်တော့ ရော်နယ်ဒိုဟာ ထိလို့မရတဲ့သူပါ”လို့ Mail ကို ပြောခဲ့တာပါ။
ဒီရယ်လ်လိုဟာ ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းမှာ ၃ ရာသီကြာ တွဲကစားခဲ့ပြီး နွေရာသီက လိုက်ပ်ဇစ်အသင်းထံ အငှားချခံခဲ့ရတာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ရော်နယ်ဒိုကို သူ့ရဲ့ အိုင်ဒေါလ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး သူ့ရဲ့ ကစားပုံကို ကြည့်ပြီး ကြီးပြင်း လာခဲ့တာပါ။ လက်ရှိ အချိန်မှာတော့ ဘတ်ပီဟာ ရော်နယ်ဒိုရဲ့ ပြိုင်ဘက်ဖြစ်တဲ့ မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းမှာ အတူတွဲဖက် ကစားနေကြတာ ဖြစ်ပါတယ်။
ဘတ်ပီနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်
မက်ဆီကတော့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်မယ့် နောက်ဆုံး မျှော်လင့်ချက် ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ပေါ်တူဂီကတော့ ကွာတားဖိုင်နယ်မှာ မော်ရိုကိုကို အရေးနိမ့်ခဲ့လို့ ရော်နယ်ဒိုရဲ့ အိပ်မက်တွေ အဆုံးသတ် သွားခဲ့ရပါတယ်။
ဘတ်ပီနဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်ပြီး သူတို့ ၂ ဦးဟာ ချန်ပီယံဆုအပြင် ဂိုးသွင်း ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆု စတာတွေကိုလည်း ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဘတ်ပီနဲ့ မက်ဆီဟာ ၅ ဂိုးစီ သွင်းယူထားပြီး ဂိုးသွင်း ရွှေဖိနပ်ဆုအတွက် အပြိုင်ဖြစ်နေတာပါ။
ပြင်သစ်အသင်းဟာ ဒီပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်ပြီး ချန်ပီယံဆုကို ၂ ကြိမ်ဆက် ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ်စီ ရရှိထားပြီး အခု တစ်ကြိမ်ရတဲ့ အသင်းဟာ ၃ ကြိမ်မြောက်အဖြစ် အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 801
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ပြင်သစ်ကြယ်ပွင့် ဒမ်ဘီလီက လက်ရှိမျိုးဆက်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့အသင်းထက် ပိုပြီးကောင်းတယ်လို့ ပြောလိုက်ပါတယ်။
ဒမ်ဘီလီက “ကျနော်တို့ တူညီနိုင်တာတွေလည်း ရှိပေမယ့် အခုအချိန်မှာတော့ ကောင်းမွန်တဲ့ပုံစံတခုရှိနေတာ မို့လို့ တကယ်ကို နှိုင်းယှဉ်လို့မရပါဘူး။၂၀၁၈ ကတော့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်တာကြောင့် တူညီတဲ့အရာမဟုတ်ပါဘူး။ဒီအသင်းက ၂၀၁၈ က အသင်းနဲ့ အနည်းငယ်ပိုပြီးဖွဲ့စည်းထားပါတယ်။ အာဂျင်တီးနား ကို အနိုင်ရဖို့ဆိုတာ လွယ်မှာမဟုတ်ပေမယ့် ကျနော်တို့အကောင်းဆုံးပြင်ဆင်ပြီး တိုက်ပွဲဝင်ဖို့အတွက် စိတ်ဓါတ် ပိုင်းကိုလည်း အဆင်သင့်ဖြစ်နေအောင်ပြင်ဆင်မှာပါ” လို့ ပြောခဲ့တာပါ။
ပြင်သစ်အသင်းဟာ ဒီပြိုင်ပွဲမှာ အဓိကကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ ကန်တီနဲ့ ပေါ့ဘာတို့ မပါဝင်နိုင်ခဲ့ပေမယ့် လက်ရှိချန်ပီယံဆုကို ဆက်ထိန်းသိမ်းဖို့အတွက် ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒမ်ဘီလီဟာ ၂၀၁၈ က ချန်ပီယံဖြစ်ခဲ့တဲ့အသင်းမှာ ပါဝင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ မပါဝင်ခဲ့ရတာပါ။ ဘာစီလိုနာတိုက်စစ်မှူးဟာ လက်ရှိ အချိန်မှာ ပြင်သစ်အသင်းရဲ့ ပွဲထွက်ခွင့်တနေရာကို ရယူထားပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းမှာ တွဲကစားခဲ့ဖူးတဲ့ မက်ဆီနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာပါ။ဒမ်ဘီလီက မက်ဆီကို လေးစားပေမယ့် ကမ္ဘာ့ဖလားကိုတော့ ပြင်သစ်အတွက် အရယူသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒမ်ဘီလီက “မက်ဆီနဲ့ ကောင်းမွန်တဲ့အချိန်တွေရှိခဲ့ပြီး သူနဲ့တွဲကစားခွင့်ရဖို့ အိပ်မက်ဆိုတာ ကျနော်အမြဲတမ်း ပြောခဲ့ပါတယ်။သူနဲ့အတူ ၄ နှစ်ကြာအောင် တွဲခဲ့ရလို့ ပျော်ရွှင်ပါတယ်။သူနဲ့ပြိုင်ဘက်အဖြစ် ကစားရတာက ခက်ခဲပေမယ့် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ကမ္ဘာ့ဖလားကို လူတိုင်းလိုချင်ပြီး မက်ဆီကတော့ အခုထိ မရသေးပါဘူး။အခု ကျနော်တို့နိုင်ငံကို ကိုယ်စားပြုပြီး လာရောက်ခဲ့တာကြောင့် ပြင်သစ်ကပဲ အနိုင်ရဖို့ မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။
ပြင်သစ်ကစားသမားအများစုဟာ အအေးမိနေကြပြီး ဗာရန်းနဲ့ ကိုနာတီတို့ဟာ နောက်ဆုံးဖျားနာတဲ့သူတွေ ဖြစ်ကြကာ လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်နိုင်ခဲ့ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုထားတာ ဖြစ်ပါတယ်။
Source:Mirror

- By CNI
- Category: အားကစား
- Hits: 957
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အခု ကျင်းပနေတဲ့ ကာတာ ၂၀၂၂ ကို အကောင်းဆုံးကမ္ဘာ့ဖလားအဖြစ် ချီးကျူးလိုက် ပါတယ်။
အင်ဖန်တီနိုက “ဒီကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ စေတနာ့ဝန်ထမ်းတွေ အားလုံးက အကောင်းဆုံးကမ္ဘာ့ဖလားဖြစ်အောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဘယ်လိုအဖြစ်အပျက်မှမရှိဘဲ ပွဲတွေကို ကစားနိုင်ခဲ့ပါတယ်။ အလွန်ပျော်စရာကောင်းတဲ့ အားပေးမှုတွေဖြစ်ခဲ့ပါတယ်။ အာဖရိကအသင်းဟာ ပထမဆုံး အကြိမ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင်လူကြီး ဖရန်ပါတ့်က တာဝန်ယူခဲ့ပါတယ်။ ကြည့်ရှူသူအရေအတွက် ၅ ဘီလီယံအထိ ရောက်ခဲ့တာကလည်း မယုံနိုင်လောက်တဲ့ အောင်မြင်မှုပါပဲ” လို့ ပြောခဲ့တာပါ။
နိုဝင်ဘာလ ၂၀ ရက်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ဆိုရင် အဆုံးသတ် တော့မှာဖြစ်ပြီး တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲသာ ကစားဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပရိသတ်တက်ရောက် ကြည့်ရှုသူဦးရေဟာ ၃.၃ သန်းရှိခဲ့ပြီး လက်ရှိပြိုင်ပွဲမှာ ၂ ပွဲကစားဖို့ ကျန်သေးတဲ့အထိ တက်ရောက်ကြည့်ရှုသူ ဦးရေ ၃.၂၇ သန်းအထိ ရှိတယ်လို့ ဖီဖာကောင်စီအစည်းအဝေးက ထွက်ပေါ်လာတဲ့ အချက်အလက်အရ သိရတာပါ။
ဖီဖာဟာ ၂၀၁၈ ကနေ ၂၀၂၂ အထိ လည်ပတ်မှုမှာ ဒေါ်လာ ၇.၅ ဘီလီယံဝန်းကျင်ရရှိထားပြီး အင်ဖန်တီနိုကတော့ လာမယ့် ၂၀၂၆ မြောက်အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဝင်ငွေဒေါ်လာ ၁၁ ဘီလီယံကျော် အထိ ရောက်ရှိလာဖို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဖီဖာဟာ လာမယ့် ၂၀၂၅ မှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း ပထမဆုံးအကြိမ် ၃၂ သင်းနဲ့ ကျင်းပသွားမယ်လို့လည်း အတည်ပြုခဲ့တာပါ။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသင်းပေါင်း ၃၂ သင်းကနေ ၄၈ အသင်းအထိ တိုးချဲ့ပြီး ကျင်းပ သွားမှာဖြစ်ပါတယ်။ အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ပြင်သစ်အသင်း တို့က တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 839
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆
အာဂျင်တီးနား အသင်းရဲ့ဂိုးသမား အီမီမာတီးနတ်စ်က မက်ဆီဟာ အသက် ၅၀ အထိ ကစားနိုင်တာကြောင့် လက်ရွေးစင်အသင်းကနေ အနားမယူဖို့ တိုက်တွန်းလိုက်ပါတယ်။
အီမီမာတီးနတ်စ်က “ ကျနော့်အတွက်တော့ သူဟာ အသက် ၅၀ အထိ ကစားနိုင်ပါတယ်။ သူဟာ တကယ်ကို ထက်မြတ်ပြီး ကြည့်ရတာလည်း အလွန်ကောင်းပါတယ်။ သူဟာ ဘယ်လိုအရာကိုမဆို လွယ်ကူအောင် လုပ်နိုင်ပါ တယ်။ ဒါက လုပ်ရတာ အခက်ဆုံးပါပဲ။ သူဟာ ဘောလုံးကို ဘယ်လောက်ထိ ကောင်းမွန်စွာ နားလည်တယ် ဆိုတာပါပဲ။ သူဟာ အရွယ်သေးငယ်ပေမယ့် အလွန်သန်မာပါတယ်”လို့ FootballersLives.tv ကို ပြောခဲ့တာပါ။
အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ပြင်သစ်နဲ့ ဗိုလ်လုပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဉ် ဖြစ်တယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ကိုပါ အမေရိကဖလားကို ရယူနိုင်ခဲ့သလို၊ ကမ္ဘာ့ဖလားကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင် လက်ရွေးစင် ကစားသမားဘဝက အနားယူဖို့ အလားအလာ များနေတာပါ။
မက်ဆီနဲ့အသင်းဖော်များကိုတွေ့ရစဉ် (Goal)
ဒါပေမယ့် မာတီးနတ်စ်က အသင်းဖော် မက်ဆီဟာ အသက် ၅၀ အထိ ကစားနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါ တယ်။ အာဂျင်တီးနား အသင်းရဲ့နောက်ခံလူ ရိုမဲရိုးကလည်း မက်ဆီဟာ နိုင်ငံအသင်းနဲ့အတူ ဆက်လက်ရှိနေဖို့ မျှော်လင့်နေတာပါ။
ရိုမဲရိုးက “ ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမဟုတ်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ဒီလိုအရာတွေက အမြဲတမ်း ဖြစ်နေပေမယ့် ကျနော်တို့က သူ့ကို အနားမယူဖို့ တောင်းဆိုမှာပါ။ သူနဲ့အတူ တွဲဖက် ကစားရတာက ကျနော်တို့ ကို အလွန်ပျော်ရွှင် စေပါတယ်”လို့ ပြောပါတယ်။
မက်ဆီဟာ ၂၀၁၆ ခုနှစ်၊ ဇွန်လတုန်းက ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ ချီလီအသင်းကို အရေးနိမ့်ပြီးနောက် လက်ရွေးစင် ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ပြန်ပြင်ကာ ဆက်လက် ကစားခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1184
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ပြင်သစ်လက်ရွေးစင် အသင်းရဲ့ကစားသမား ကိုးမန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသင်းရဲ့ တတိယမြောက် ဖျားနာတဲ့သူ ဖြစ်လာခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့အတွက် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘဲ ဖြစ်နေပါတယ်။
ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
ဒီလေ့ကျင့်ရေး အစီအစဉ်မှာ ကိုးမန်း မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မော်ရိုကိုနဲ့ ပွဲမတိုင်ခင်မှာလည်း ရာဘီယော့နဲ့ အူပါမီကာနိုတို့ဟာ ဖျားနာနေတာကြောင့် လေ့ကျင့်ရေး အစီအစဉ် မှာ မပါဝင်နိုင်ခဲ့တာပါ။ သူတို့ ၂ ဦးဟာ ကာတာနိုင်ငံရဲ့ လေအေးပေးစက်တွေကြောင့် ဖျားနာခဲ့တာဖြစ်ပြီး မော်ရိုကို နဲ့ပွဲမှာ အရန်စာရင်းမှာ ပါခဲ့ပေမယ့် အသုံးမပြုခဲ့ပါဘူး။
L’Equipe က ကိုးမန်းဟာ တုပ်ကွေးလက္ခဏာတွေ ခံစားရပြီးနောက် ဖျားနာသွားပြီလို့ အတည်ပြုပါတယ်။
ပြင်သစ်အသင်း ကစားသမားများကိုတွေ့ရစဉ် (News In France)
ဘိုင်ယန်မြူးနစ် ကစားသမားဟာ ဒီအခြေအနေကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်၊ အသင်းဖော်တွေနဲ့ နေ့လည်စာ စားသောက်မှုမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရာဘီယော့နဲ့ အူပါမီကာနိုတို့ကတော့ ဖျားနာမှုကနေ ပြန်လည် ကောင်းမွန်လာတာကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည် ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဂရစ်ဇ်မန်း၊ ဂီရော့ဒ်နဲ့ ဘတ်ပီတို့ဟာ မော်ရိုကိုနဲ့ပွဲမှာ အသေးစား ဒဏ်ရာရခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဒဏ်ရာပြဿနာ မရှိဘဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဒက်ချမ့်ပ်စ်က “ ကိုးမန်းက ဒီမနက်မှာ အဖျားရှိလာခဲ့ပါတယ်။ ဒိုဟာမှာ အပူချိန်အနည်းငယ် ကျသွားခဲ့ပေမယ့် လေအေးပေးစက်ကတော့ အချိန်တိုင်းကို ရှိနေတာပါ။ ကျနော်တို့မှာ တုပ်ကွေးလို လက္ခဏာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ဒါကို မပြန့်ပွားနိုင်အောင် သတိထားပြီး ကြိုးစားနေရပါတယ်။ ကစားသမားတွေဟာ ကွင်းထဲမှာ ပြင်းပြင်းထန်ထန် အားထုတ်ရလို့ သူတို့ရဲ့ ခုခံအားစနစ်တွေ ဆိုးရွားနေတယ်ဆိုတာကို သိပါတယ်”လို့ ပြောခဲ့ပါ တယ်။
ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ၂ ကြိမ်ဆက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Mirror

- By CNI
- Category: အားကစား
- Hits: 1114
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စိတ်ပျက်ဖွယ်ရလဒ်နဲ့ ထွက်ခွာရပြီးနောက် နည်းပြဖာနန်ဒိုဆန်းတို့စ် ဟာ ရာထူးကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲမှာ မော်ရိုကိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းကို ၈ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ယူရို ၂၀၁၆ နဲ့ ၂၀၁၉ နေရှင်းလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရယူနိုင်အောင် ကိုင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဖာနန်ဒိုဆန်းတို့စ်ဟာ ရှုံးထွက်ပွဲစဉ်တွေမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့အတူ အသင်းဟာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် သူ လည်း နည်းပြရာထူးကနေ ထွက်ခွာခဲ့ရတာပါ။
ဖာနန်ဒိုဆန်းတို့စ်ဟာ တောင်ကိုရီးယားနဲ့ပွဲမှာ လူစားလဲချိန် ရော်နယ်ဒိုရဲ့တုံ့ပြန်တဲ့ အပြုအမူကို မနှစ်သက်တဲ့ အတွက် ဆွစ်ဇာလန်နဲ့ မော်ရိုကိုပွဲတွေမှာ အရန်ကစားသမားအဖြစ်သာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ ပွဲမှာ ရော်နယ်ဒိုနေရာအစားဝင်ခဲ့တဲ့ ဂွန်ကာလိုရာမို့စ်က ဟတ်ထရစ်သွင်းပြီး ပေါ်တူဂီအသင်းက ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် မော်ရိုကိုအသင်းကတော့ အရေးနိမ့်ခဲ့တာပါ။ပွဲအပြီးမှာ ရော်နယ်ဒိုကို ပွဲထွက်အသုံးမပြုတဲ့အပေါ် နောင်တမရဘူးလို့ ဖာနန်ဒိုဆန်းတို့စ်က ပြောခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က “၈ နှစ်တာ ကာလအတွင်း ထူးခြားတဲ့အရာတွေကို စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဖာနန်ဒို ဆန်းတို့စ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို အလွန်ကျေးဇူးတင်ပါတယ်။ဘုတ်အဖွဲ့အနေနဲ့ နည်းပြသစ်ခန့်အပ်မယ့် လုပ်ငန်းစဉ်တွေကို အခု စတင်တော့မှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ နည်းပြသစ်အဖြစ် ပေါ်တူဂီလူမျိုးလည်းဖြစ်တဲ့ မော်ရင်ဟိုကို ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ ရိုးမားအသင်းကို ကိုင်တွယ်နေပေမယ့် ပေါ်တူဂီအသင်း နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1125
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်တာကြောင့် ဒဏ်ရာကြံခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလာခဲ့တယ်လို့ သိရပါတယ်။
မက်ဆီဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ခြေစွမ်းပြသနေပြီး ခရိုအေးရှားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။ဒါပေမယ့် မက်ဆီ ဟာ ပွဲပြီးဆုံးကာနီးအချိန်တွေမှာ တံကောက်ကြောဒဏ်ရာရရှိနေပုံကို ပြသခဲ့တာကြောင့် စိုးရိမ်စရာတွေ မြင့်တက် လာခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနားသတင်းအေဂျင်စီ Clarin က မက်ဆီဟာ ဒဏ်ရာပြဿနာမရှိဘဲ ပြင်သစ်နဲ့ ကစားရမယ့် ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ်လို့ ဖော်ပြထားတာပါ။
ဒါပေမယ့် တနင်္ဂနွေနေ့ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အာဂျင်တီးနားအသင်းမှာ မက်ဆီ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။သတင်းအချို့မှာတော့ မက်ဆီဟာ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကို လုပ်ဆောင် နေတဲ့အတွက် အသင်းသားတွေနဲ့ မပူးပေါင်းနိုင်ခဲ့တာလို့ ဖော်ပြခဲ့ကြတာပါ။မက်ဆီဟာ သောကြာနေ့မှာ ပြုလုပ် မယ့် လေ့ကျင့်ခန်းအစီအစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ပီအက်စ်ဂျီတိုက်စစ်မှူးဟာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်ခဲ့တာမှာ အဓိကခြေစွမ်းပြသခဲ့တာဖြစ်ပြီး ၅ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးထားတာပါ။
ဒါ့အပြင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်ရယူထားပြီး လာမယ့် ပြင်သစ်နဲ့ ဗိုလ်လုပွဲဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ်ဖြစ်တယ်လို့လည်း မက်ဆီက အတည်ပြုထားတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဒီမာရီယာနဲ့ ဂိုမတ်ဇ်တို့ရဲ့ ကြံခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး အနည်းငယ်စိုးရိမ်ရတာကြောင့် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ကစားသမားဘ၀က အနားယူသွားပြီဖြစ်တဲ့ အဂွေရိုလည်း ဝင်ရောက်ကူညီပေးနေတာပါ။အဂွေရိုဟာ ကိုပါအမေရိကဖလားရတုန်းက အာဂျင်တီးနားအသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကြောင့် ကစားသမားဘ၀က အနားယူသွားခဲ့တာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 764
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ပြင်သစ်လက်ရွေးစင် အသင်းနည်းပြ ဒက်ချမ့်ပ်စ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တိုက်စစ်မှူး ဘန်ဇီမာကို ပြန်လည် ခေါ်ယူမှာလားဆိုတာနဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
ဘန်ဇီမာအနေနဲ့ ကာတာကို ပြန်လာပြီး ဗိုလ်လုပွဲ ကစားမှာလားလို့ မေးမြန်း ခံရချိန်မှာ ဒက်ချမ့်ပ်စ်က “ ကျနော် နောက်ထပ် မေးခွန်းတစ်ခုကို ဆက်ပြီး ပြောချင်ပါတယ်”လို့ ပြောသွားခဲ့တာပါ။
ဘန်ဇီမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ချိန်မှာ ဒဏ်ရာ ရခဲ့တာ ကြောင့် လူစာရင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဒက်ချမ့်ပ်စ်ဟာ ဘန်ဇီမာ နေရာမှာ အစားထိုးမယ့် ကစားသမား မခေါ်ယူခဲ့တာကြောင့် ရီးရယ်လ်အသင်းရဲ့ ကစားသမားဟာ ပြင်သစ်အသင်းမှာ ပါဝင်ခွင့် ရှိနေတာပါ။
ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ကိုတွေ့ရစဉ်(MX24 TV)
ပြင်သစ် ပရိသတ် တချို့ကလည်း ဘန်ဇီမာကို ဗိုလ်လုပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေကြ ပါတယ်။
ဘန်ဇီမာဟာ ဒဏ်ရာကနေ ပြန်လည် သက်သာနေပြီး မကြာသေးခင်ကမှ ရီးရယ်လ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေတာပါ။
ဒါပေမယ့် ဒက်ချမ့်ပ်စ်ကတော့ ဘန်ဇီမာကို အသုံးပြုမှာလားဆိုတာကို အဖြေမပေးသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် အသင်းဟာ လက်ရှိအချိန်မှာ ဂီရော့ဒ်ကို အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုနေတာဖြစ်ပြီး သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ဂိုးသွင်းယူထားကာ သူ့ရဲ့အထက်မှာ မက်ဆီနဲ့ ဘတ်ပီတို့က ၅ ဂိုးစီနဲ့ ရှိနေတာပါ။
ဂီရော့ဒ်ဟာ လက်ရှိအချိန်မှာ ပြင်သစ်အတွက် ၅၃ ဂိုး သွင်းယူထားပြီး နိုင်ငံအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။
ပြင်သစ်အသင်းဟာ လက်ရှိ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် တနင်္ဂနွေနေ့မှာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပြီး ဒီပွဲမှာလည်း ဂီရော့ဒ်ကိုပဲ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 992
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅
ယူနိုက်တက်အသင်းဟာ ငွေကြေးချမ်းသာ ကြွယ်ဝတဲ့ မန်စီးတီး ၊ နယူးကာဆယ်တို့နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်တဲ့အတွက် ကလပ်ကို ရောင်းချလိုက်တာက ကောင်းတဲ့အရာဖြစ်လိမ့်မယ်လို့ နည်းပြဖြစ်သူ အဲရစ်တန်ဟတ် က ပြောခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က “ရင်းနှီးမြှပ်နှံမှုတွေ ပိုများလာတာက ကောင်းတဲ့အရာတွေ ဖြစ်လာပါလိမ့်မယ်။ကျနော်တို့ လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင်တွေနဲ့ ယဉ်ကျေးမှုတွေအကြောင်းကို ရစ်ချတ်အာနိုးလ်နဲ့ ပြောခဲ့ပါတယ်။ သူကတော့ မပြောင်းလဲဘူးလို့ အတည်ပြုခဲ့တာပါ။ဒီပရောဂျက်တွေအတွက် ပိုက်ဆံတွေပိုပြီးရလာတဲ့အချိန်မှာ ပိုပြီးတော့တောင် ကောင်းလာနိုင်ပါတယ်” လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက အသင်းကို ရောင်းချဖို့ စဉ်းစားနေတယ် လို့ ကြေညာခဲ့တာပါ။ ဂလေဇာမိသားစုဟာ ယူနိုက်တက်အသင်းကို ၂၀၀၅ ခုနှစ်က ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူ ခဲ့တာပါ။ယူနိုက်တက်အသင်းဟာ ၅ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်ပြီးနောက် ပရိသတ်တွေဟာ အသင်းကို ရောင်းချပြီး ထွက်ခွာသွားဖို့ ဂလေဇာမိသားစုကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံမှုတွေ လိုအပ် နေပြီး ဒီငွေတွေကို ပညာရှိရှိနဲ့ သုံးစွဲနိုင်ဖို့ အရေးကြီးတယ်လို့ အဲရစ်တန်ဟတ်က ယုံကြည်နေတာပါ။
အဲရစ်တန်ဟတ်က “လွန်ခဲ့တဲ့ ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ်အတွင်းက ပရီးမီးယားလိဂ်ကို နှိုင်းယှဉ်ကြည့်တဲ့အချိန်မှာ အခြေအနေတွေက အပြောင်းအလဲရှိပြီး ပြိုင်ဆိုင်မှုတွေကလည်း ပိုပြီးပြင်းထန်လာပါတယ်။နယူးကာဆယ်က လာနေပြီဖြစ်ပြီး ဝက်စ်ဟမ်းက စာရင်းဇယားထဲမှာ မပါဝင်ပေမယ့် သူတို့မှာကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရှိပါတယ်။စပါးကလည်း သေချာနေသလို လီဗာပူးလ်၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့အကြောင်းက ပြောဖို့တောင်မလိုပါဘူး။ငွေကြေးတခုတည်းမဟုတ်ပါဘူး။ဗျူဟာတွေလည်း ပါဝင်ပါတယ်။ဒါပေမယ့် ခင်ဗျားမှာ မှန်ကန်တဲ့ကစားသမားတွေနဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေမရှိရင်တော့ ခင်ဗျားတို့ လိုချင်တဲ့ပန်းတိုင်က ရောက်မှာမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အန်တိုနီ၊ ကတ်စမဲရိုး၊ လီဆန်ဒရိုမာတီးနတ်စ်နဲ့ မာလာစီယာတို့ကို ယူရိုသန်း ၂၄၀ ကျော်သုံးစွဲပြီး အသင်းကို အားဖြည့်ခဲ့တာဖြစ်ပါတယ်။
Source:Reuters