- By CNI
- Category: အားကစား
- Hits: 934
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် ဂိုး ဧရိယာနှစ်စလုံး တိုးတက်အောင် လုပ်ရမယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “ပရီးမီးယားလိဂ်ဖလား ရချင်ရင် ဂိုးဧရိယာတွေထဲမှာ တိုးတက်အောင် လုပ်ရပါမယ်၊ ဒီလိုမှ မလုပ် နိုင်ရင် ရမှာမဟုတ်ပါဘူး။ ဒါက ထိတ်လန့်စရာကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ပိုကြိုးစားရမယ်၊ ပိုကောင်းအောင်လုပ်ပြီး ပွဲတွေကို အနိုင်ယူရပါမယ်။
အသင်းအနေနဲ့ ဒီလိုမျိုးသာကစားနိုင်ရင် ပွဲတွေအများကြီး အနိုင်ယူနိုင်မှာပါ။ လိဂ်ရဲ့ အဆင့်အတန်းက မယုံနိုင်စရာဖြစ်နေပြီး ဘယ်အသင်းနဲ့ ရင်ဆိုင်ဆိုင် အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်း ဂိုးဧရိယာထဲ ဘောလုံးထိချက် စံချိန်တင် ၇၇ ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုအကြိမ် ၃၀ အထိ ရှိခဲ့ပေမယ့် သွင်းဂိုး မရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
အာတီတာကတော့ အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေး ရယူချင်တယ်ဆိုရင် ပြိုင်ဘက် ဂိုးရှေ့နဲ့ ကိုယ့်အသင်းရဲ့ ခံစစ်မှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ရမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၃ ပွဲဆက်တိုက် အရေးနိမ့်ထားတဲ့ ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။
ဒီရာသီ အာဆင်နယ်အသင်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်တုန်းက အာဆင်နယ်နဲ့ ဖူလ်ဟမ်အသင်းတို့ဟာ ၂ ဂိုးစီ သရကျခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 797
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူဟာ အသင်းရဲ့ ပူးတွဲပိုင်ရှင်အသစ် INEOS နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိမယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ အတူတူ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ဟာ ကျနော်နဲ့ အလုပ် လုပ်ချင်သလို ကျနော်ကလည်း သူတို့နဲ့ အလုပ်လုပ်ချင်ပါတယ်။ ကျနော်တို့ စကားပြောဆိုမှုတွေ ပြုလုပ်မယ်၊ အစည်းအဝေးတွေ ပြုလုပ်သွားဖို့ ရှိပါတယ်။ ကျနော်နဲ့ INEOS တို့ဟာ ဒါနဲ့ပတ်သက်ပြီး အလွန်အပြုသဘော ဆောင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းမှာ ပါဝင်လာမယ့် INEOS အကြီးအကဲ ဆာဂျင်ရက်ကလစ်ဖ် အပါအဝင် ဒီအဖွဲ့အစည်းရဲ့ အဓိကအရေးပါတဲ့ သူတွေနဲ့ စကားပြောဆိုမှု ပြုလုပ်ရခြင်း မရှိသေးပါဘူး။

INEOS ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း ကလပ်အသင်းက ခရစ္စမတ် အကြိုနေ့မှာ ကြေညာခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ ဒါရိုက်တာအသစ် ဆာဒေ့ဗ်ဟာ ယူနိုက်တက်အသင်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲကို ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အစုရှယ်ယာ ဝယ်ယူကြောင်း ကြေညာပြီးကတည်းက ဆာဂျင်ရက်ကလစ်ဖ်နဲ့ ဆာဒေ့ဗ်တို့ဟာ ရက်ကလစ်ဖ်နဲ့ တွေ့ဆုံရခြင်း မရှိခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလထဲမှာ ပွဲစဉ် ၂ ပွဲပဲကစားဖို့ ရှိတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ INEOS နဲ့ တွေ့ဆုံဖို့ အချိန်အများအပြားရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲကစားအပြီးမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။ ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၃၁ ရက်မနက်ပိုင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 884
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ရီးရယ်လ်အသင်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို ခေါ်ယူနိုင်ဖို့ လာမယ့်နွေရာသီမှာ ထပ်မံကြိုးပမ်း သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။
The Athletic က ဘတ်ပီအနေနဲ့ သူတို့နဲ့ လက်မှတ်ထိုးမှာလား၊ မထိုးဘူးလားဆိုတာ ဇန်နဝါရီလလယ်မှာ ဆုံးဖြတ်ဖို့ ရီးရယ်လ်က ပြောလိမ့်မယ်လို့ ဖော်ပြထားတာပါ။
ပီအက်စ်ဂျီအသင်းက တာဝန်ရှိသူ အချို့ကတော့ ရီးရယ်လ်အသင်းဟာ ဘတ်ပီရဲ့ လုပ်ခလစာ တောင်းဆိုမှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဘတ်ပီအနေနဲ့ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လက်ရှိအသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေရရှိနေတဲ့ လုပ်ခလစာရဲ့ ၂ ဆကိုရရှိဖို့ မျှော်လင့်နေတာပါ။
ဒါဆိုရင် ရီးရယ်လ်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် ရောက်ရင် ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကို ရောက်ရှိမှာဖြစ်တဲ့အတွက် ပြင်သစ်ကစားသမားဟာ အခြားအသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်း လို့ ရရှိမှာပါ။
ရီးရယ်လ်အသင်းဟာ ၂၀၂၂ ခုနှစ်က ဘတ်ပီကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကစားသမားဟာ စာချုပ်သစ်ချုပ်ပြီး ပီအက်စ်ဂျီအသင်းမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ ဘတ်ပီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပြီး အဆင်မပြေရင် ရာသီ အကုန်မှာ အလွတ်နဲ့ ဆုံးရှုံးရတော့မှာပါ။
ဒါပေမယ့် ပြင်သစ်ကလပ်အနေနဲ့ ဘတ်ပီကို အခုလာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချရင်တော့ ပြောင်းရွှေ့ကြေး အနည်းငယ်ရရှိမှာ ဖြစ်ပါတယ်။
ဘတ်ပီကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေကာ ပီအက်စ်ဂျီအသင်းရဲ့ အခုရာသီအတွက်သာ အာရုံ စိုက်နေတာပါ။
၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ၂၈၈ ပွဲ ပါဝင် ကစားထားပြီး ၂၃၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီ အသင်းဖော်တွေဟာ လက်ရှိအချိန်မှာ အားလပ်ရက်ကို ဖြတ်သန်းနေပြီး ဇန်နဝါရီ ၄ ရက်မှာ တူးလူးစ်အသင်းနဲ့ စူပါဖလားယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 658
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ရီးရယ်လ်အသင်းဟာ နည်းပြ အန်ဆယ်လော့တီကို အသင်းမှာ ၂၀၂၆ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ဆိုလိုက် ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။
အသက် ၆၄ နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြဟာ ၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ရောက်ရှိလာခဲ့ပြီး ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အီတလီလူမျိုး နည်းပြဟာ စာချုပ်ကုန်ဆုံးချိန်မှာ ဘရာဇီးလ် လက်ရွေးစင်အသင်းကို ကိုင်တွယ်မယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စာချုပ်သစ်ကြောင့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းမှာ နောက်ထပ် ၂ ရာသီဆက်ပြီး ရှိတော့မှာပါ။

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အထိ ပထမအကြိမ်ကိုင်တွယ်ခဲ့ပြီး ဒီအချိန် တုန်းက ချန်ပီယံလိဂ်၊ UEFA စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့ကို ရယူပေးနိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်က ဇီဒန်းနေရာ အစားထိုး ဝင်ရောက်ပြီး ဒုတိယအကြိမ်မြောက် ကိုင်တွယ်ချိန်မှာ အန်ဆယ်လော့တီ ဟာ ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ်၊ လာလီဂါ၊ ကိုပါဒယ်ရေး၊ စပိန်စူပါဖလား၊ UEFA စူပါဖလားနဲ့ ကလပ် ကမ္ဘာ့ဖလားတို့ကို ထပ်ပြီး ရယူပေးနိုင်ခဲ့တာပါ။
အန်ဆယ်လော့တီဟာ ဥရောပဖလားကို ၄ ကြိမ် ရယူနိုင်တဲ့ တစ်ဦးတည်းသော နည်းပြဖြစ်သလို ဥရောပထိပ်တန်း ၅ ခုစလုံးမှာ အမှတ်ပေးလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကိုပါဒယ်ရေးဖလား ၁ လုံးသာ ရယူနိုင်ခဲ့ပြီး စပိန်လာလီဂါမှာ ဘာစီလိုနာ အသင်းရဲ့နောက် ဒုတိယနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီမှာတော့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 909
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉
မန်စီးတီးအသင်း ကြယ်ပွင့်ကစားသမား ဖိုဒန်က အသင်းရဲ့ အရေးပါတဲ့ ကစားသမားကြီးတွေ ပြန်လာတော့ မယ်လို့ ပြောလိုက်ပြီး သူတို့ရဲ့ ပရီးမီးယားလိဂ်ဆုဖလား ပြိုင်ဘက်အသင်းတွေကို သတိပေးလိုက်ပါတယ်။
ဖိုဒန်က “ကျနော်တို့မှာ ဟာလန်း၊ ဒီဘရိုင်းနဲ့ ဒိုကူတို့လို အရေးပါတဲ့ ကစားသမားတွေ ပြန်လာနိုင်တော့မှာပါ။ သူတို့ပြန်ပါလာရင် အသင်းဟာ ပိုတောင့်တင်းပြီး သန်မာသွားမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ သူတို့ ပြန်လာ တာကို ကျနော်စောင့်မျှော်နေပါတယ်”လို့ Amazon Prime နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဆုဖလားကို ၅ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ လီဗာပူးလ်၊ အာဆင်နယ်နဲ့ အက်စတွန်ဗီလာ အသင်းတို့ရဲ့နောက် အဆင့် ၄ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာပါ။
ဒါပေမယ့် မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို အနိုင်ရခဲ့ပြီး နောက် ပရီးမီးယားလိဂ် ဆုဖလားအတွက် မျှော်လင့်ချက်တွေ ပိုပြီးအားကောင်းလာနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဟာလန်း၊ ဒီဘရိုင်းနဲ့ ဒိုကူတို့ကိုတွေ့ရစဉ်
လက်ရှိအချိန်မှာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဒဏ်ရာ ရရှိပြီးနောက် အသင်းနဲ့ ဝေးကွာနေခဲ့ပြီး ဟာလန်းနဲ့ ဒိုကူတို့ကလည်း ဒဏ်ရာကြောင့် အနားယူနေရတာ ပါ။
ဒီဘရိုင်းကတော့ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီး FA ဖလားပွဲစဉ်မှာ စတင်အသုံးပြုဖို့ နည်းပြ ဂွာဒီယိုလာက ပစ်မှတ်ထားနေပါတယ်။
ဟာလန်းနဲ့ ဒိုကူတို့ကတော့ ဇန်နဝါရီလထဲမှာ အသင်းအတွက် ပါဝင်နိုင်ဖို့ ရှိနေပါတယ်။
အဲ့ဒါကြောင့် ဖိုဒန်က ဒီကစားသမား ၃ ဦး ပါဝင်လာနိုင်ခဲ့ရင် အခုထက်ပိုပြီးကောင်းတဲ့ မန်စီးတီးအသင်းကို မြင်တွေ့ရမှာဖြစ်လို့ သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေကို သတိပေးခဲ့တာပါ။
မန်စီးတီးအသင်းဟာ ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒီနေ့မှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 882
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ယူနိုက်တက်ဂိုးသမား အိုနာနာဟာ ဝီဂန်အသင်းနဲ့ FA ဖလားပြိုင်ပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးချင်တာ ကြောင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် နောက်ကျမှ ပူးပေါင်းခွင့်ပြုဖို့ ကင်မရွန်းအသင်းထံ တောင်းဆို ထားပါတယ်။
အိုနာနာဟာ ဇန်နဝါရီလထဲမှာ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ကင်မရွန်းအသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။
ကင်မရွန်းအသင်းဟာ ဒီပြိုင်ပွဲ မယှဉ်ပြိုင်ခင် ဆော်ဒီနိုင်ငံမှာ ဇမ်ဘီယာအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ဒီခြေစမ်းပွဲအပြီးမှ ပြိုင်ပွဲကျင်းပမယ့် အိုင်ဗရီကို့စ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အိုနာနာဟာ ဇန်နဝါရီ ၈ ရက်မှာ ယှဉ်ပြိုင်မယ့် ဝီဂန်အသင်းနဲ့ FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားချင်နေပါတယ်။
အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၄၃ သန်းနဲ့ အင်တာမီလန်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ယူနိုက်တက်အသင်းမှာ တည်ငြိမ်တဲ့ လက်စွမ်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ လိုက်လျောညီထွေဖြစ်ဖို့ လုပ်ဆောင်နေတာကြောင့် အသင်းနဲ့ ဝေးကွာမယ့် အချိန်ကို ကန့်သတ်နေတာပါ။

အိုနာနာနဲ့ ဘာယင်ဒါကို တွေ့ရစဉ်
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး ကင်မရွန်း အသင်းသာ နောက်ဆုံးအဆင့်အထိ တက်နိုင်ခဲ့ရင် အိုနာနာဟာ ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်းကတော့ အိုနာနာ အာဖရိကနိုင်ငံများဖလား သွားရောက်ယှဉ်ပြိုင်ချိန်မှာ ပြီးခဲ့တဲ့ နွေရာသီက ခေါ်ယူထားတဲ့ တူရကီဂိုးသမား ဘာယင်ဒါကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့ စီစဉ်ထားတာပါ။
ဘာယင်ဒါဟာ အခုအချိန်ထိ ယူနိုက်တက်အသင်းအတွက် ၁ မိနစ်မှ ပါဝင်ကစားရခြင်း မရှိသေးပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ တူရကီဂိုးသမားအနေနဲ့ ပွဲကစားဖို့ ရရှိလာမယ့် အခွင့်အရေးကို အရယူဖို့ ပြောထားပါ တယ်။
ကင်မရွန်းအသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အုပ်စု C မှာ ဆီနီဂေါ၊ ဂီနီ၊ ဂမ်ဘီယာအသင်းတို့နဲ့ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၅ ရက်မှာ ဂီနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 769
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်မှုပြုလုပ်ခဲ့ပြီး ဒီရှုံးနိမ့်မှုကနေ ကြီးမားတဲ့နိုးထမှုဖြစ်ဖို့ လိုတယ်လို့ ပြောလိုက် ပါတယ်။
ဆွန်ဟောင်မင်က “ဒီပွဲက ကျနော်တို့ရဲ့ ရာသီကို ချဉ်းကပ်တဲ့ပုံစံ မဟုတ်ပါဘူး။ ဒီစွမ်းဆောင်ရည်က ကျနော်တို့ ကစားချင်တဲ့ အဆင့်အတန်းနဲ့ နီးစပ်မှုမရှိပါဘူး။ ကျနော်တို့ရဲ့ အမှားတွေကိုသိပေမယ့် ဒီအချိန်က တစ်ဦးနဲ့ တစ်ဦး လက်ညိုးထိုးပြနေရမယ့် အချိန်တော့မဟုတ်ပါဘူး။ ဒီရှုံးပွဲက ကျနော်တို့အတွက် ကြီးမားတဲ့ နိုးထမှုဖြစ်ဖို့ လိုပါ တယ်။ ကျနော်တို့ဟာ ဒီပွဲကနေ ကြီးမားတဲ့ သင်ခန်းစာရယူရမယ်”လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ ဒီပွဲမှာ ဘရိုက်တန်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းနဲ့ ဘရိုင်တန်အသင်းကို တွေ့ရစဉ်
ဘရိုက်တန်အသင်းဟာ ပွဲချိန်မိနစ် ၈၀ အထိ စပါးအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ချေပဂိုး ၂ ဂိုး ပြန်ပေးခဲ့ရတာပါ။
နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲရပြီး အကောင်းဆုံးပုံစံ ပြန်ရနေတဲ့ စပါးအသင်းအတွက်တော့ ဘရိုက်တန်အသင်း ကို အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၄ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကတော့ ကစားသမားတွေဟာ ပင်ပန်းနေပေမယ့် ပွဲပြီးဆုံးတဲ့အချိန်အထိ အကောင်းဆုံး ကြိုးစားသွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ကျနော်တို့မှာ ဒဏ်ရာရနေတဲ့ ကစားသမား ၁၀ ဦးအထိ ရှိပါတယ်။ ကစားသမားတွေဟာ ပင်ပန်းနေပြီး ဒါကို ကျနော် နားလည်နိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေဟာ အရာအားလုံးကို ပေးခဲ့ပြီး ပွဲပြီးဖို့ နီးကပ်တဲ့အချိန်အထိ အစွမ်းကုန်ကြိုးစားခဲ့တယ်”လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ်အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် ဘုန်းမောက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 583
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉
ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ VAR အငြင်းပွားမှုတွေကြုံတွေ့ခဲ့ရပေမယ့် ဒါကို အပြစ်တင်လို့မရဘဲ အသင်းအနေနဲ့ ဂိုးတွေသွင်းပြီးအနိုင်ရဖို့ အခွင့်အရေးတွေအများကြီးရှိခဲ့တယ်လို့ နည်းပြ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက “ဒီလိုသွင်းဂိုးကို ခွင့်ပြုတာ မမြင်တွေ့ဖူးပေမယ့် သူတို့ကတော့ ဒါကို အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။ ကျနော်တို့မှာရှိတဲ့နည်းပညာနဲ့ ဘောလုံးက စည်းအပြင်မှာလား၊အထဲမှာလားဆိုတာ ရှင်းရှင်း လင်းလင်းမပြောနိုင်တာက ရှက်ဖို့ကောင်းပါတယ်။ ဒါက ပြီးသွားပါပြီ။ ကျနော်တို့လည်း ဘာမှလုပ်လို့မရပါဘူး။ VAR က ကျနော်တို့အတွက် မလုံလောက်ဘူးဆိုရင် ပွဲကိုအနိုင်ရအောင် ကျနော်တို့ လုပ်ဆောင်ရမှာပါ။ ဒီပွဲမှာ ကျနော်တို့လည်း အနိုင်ရဖို့ မလုံလောက်ခဲ့ပါဘူး” လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရှုံးပွဲကြောင့် ခရစ္စမတ်နေ့က ဦးဆောင်ခဲ့တဲ့ ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို လီဗာပူးလ်အသင်းထံ လွှဲပြောင်းပေးခဲ့ရတာပါ။ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၃ မိနစ်မှာ ဝက်စ်ဟမ်းအသင်း ရယူသွား ခဲ့တဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဘိုဝင်ဟာ ဘောလုံးကိုစည်းကျော်ပြီး ပေးပို့ခဲ့တာဖြစ်ပေမယ့် ဒီဂိုးကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တုန်းကလည်း ဘောလုံးကိုစည်းကျော်ပြီး ပေးပို့ခဲ့ တာကနေ ပေးခဲ့ရတဲ့ ဂိုးကြောင့်ပဲ အရေးနိမ့်ခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာ ဂိုးပေါက် ကန်သွင်းမှုအကြိမ် ၃၀ အထိရှိခဲ့ပြီး ဝက်စ်ဟမ်းအသင်းဂိုးဧရိယာထဲမှာ ၇၇ ကြိမ်အထိ စံချိန်တင် ဘောလုံးထိ ခဲ့ပေမယ့် ဂိုးမရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ Opta မှတ်တမ်းတွေအရ ဒါဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်း နိုင်တဲ့အသင်းတစ်သင်းအတွက် စံချိန်တင်ခဲ့တဲ့အရာဖြစ်ခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ကို အနိုင်ရပြီး ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာ ကြောင့် ပရီးမီးယားလိဂ် အဆင့် ၆ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။ အခုရာသီအကုန်မှာ ဝက်စ်ဟမ်း အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် နည်းပြ မိုယက်စ်က စာချုပ်သစ်အတွက် ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် အာဆင်နယ်အသင်းက ဖူလ်ဟမ်အသင်း၊ ဝက်စ်ဟမ်းအသင်းက ဘရိုက်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 558
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ထိပ်သီးအသင်းတွေမှာ ကစားခဲ့တဲ့ ကိုလံဘီယာကြယ်ပွင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကာတာနိုင်ငံမှာ ဘောလုံးကစား ခဲ့တုန်းက ရုန်းကန်ခဲ့ရတဲ့ အရာတွေကို ဖွင့်ဟခဲ့ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်က “ကာတာနိုင်ငံရဲ့ လူနေမှုဘဝနဲ့ ယဉ်ကျေးမှုက အလွန်ခက်ခဲပါတယ်။ ဘောလုံးလောကမှာ အားလုံးက ရေချိုးခန်းထဲ ကိုယ်လုံးတီးချိုးကြပေမယ့် ဒီမှာတော့ ဒီလိုလုပ်လို့မရဘူးလို့ အသင်းဖော်တွေက ပြောခဲ့ ပါတယ်။ ကျနော်တောင် ကြောက်မိသွားခဲ့ပါတယ်။ ပြီးတော့ သူတို့တွေဟာ အစားစားရင် ဇွန်း၊ ခက်ရင်းတွေ အသုံးမပြုဘဲ လက်နဲ့ပဲ စားကြပါတယ်။ ဒါက ကျနော့်အတွက် ခက်ခဲပါတယ်။ ကျနော် မီးဖိုချောင်သုံးပစ္စည်း တောင်းရင် သူတို့က လက်နဲ့ပဲ စားဖို့ပြောကြပါတယ်။ ကျနော်ကတော့ ဒီလိုမျိုး မစားတက်ဘူးဆိုတဲ့အကြောင်း ပြောလိုက်ပါတယ်”လို့ ဘရာဇီးလ် TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ရီးရယ်လ်၊ ဘိုင်ယန်နဲ့ အဲဗာတန်အသင်း ကစားသမားဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကာတာလိဂ်ကလပ် အယ်လ်ရေယန်အသင်းမှာ တစ်ရာသီကြာသာ ကစားခဲ့တာ ဖြစ်ပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်အသင်းကနေ ထွက်ခွာပြီး ၂၀၂၁ ခုနှစ်မှာ ကာတာလိဂ်ကို လာရောက် ကစားခဲ့ တာပါ။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ဒါပေမယ့် ကိုလံဘီယာ ကစားသမားဟာ အယ်လ်ရေယန်အသင်းအတွက် ၁၆ ပွဲသာ ကစားအပြီးမှာ စာချုပ် ဖျက်သိမ်းကာ ဂရိကလပ် အိုလံပီယာကို့စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ ကစားသမားဟာ ကာတာမှာ ကစားခဲ့တုန်းက သူရုန်းကန်ခဲ့ရတဲ့ အကြောင်းအရာတွေကို ဖွင့်ဟခဲ့တာပါ။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ကာတာကလပ်ကနေ ထွက်ခွာချင်ခဲ့တာကြောင့် သူရရှိမယ့် တစ်နှစ်လုပ်ခလစာ ပေါင် ၆ သန်းကို စွန့်လွှတ်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ လက်ရှိအချိန်မှာတော့ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှာ ကစားနေတာဖြစ်ပြီး ၁၄ ပွဲ ပါဝင်ကစားထားကာ ၁ ဂိုး သွင်းယူထားပါတယ်။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဆော်ပေါ်လိုအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
ဆော်ပေါ်လိုအသင်းဟာ ပြီးခဲ့တဲ့ရာသီ ဘရာဇီးလ်စီးရီးအေ ပြိုင်ပွဲမှာ အဆင့် ၁၁ နေရာ ရပ်တည်နိုင်ခဲ့ပြီး ကိုပါလီဘာတေးဒိုးစ်အုပ်စုအဆင့် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 531
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ပဲလေ့စ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ကစားသမားတွေကို စိတ်ဓာတ်ပိုင်းပြောင်းလဲဖို့ တောင်းဆိုလိုက်ပါတယ်။
ပိုချက်တီနိုက “ပရီးမီးယားလိဂ်မှာ တိုက်ပွဲဝင်ဖို့လိုအပ်တယ်ဆိုတာ ကစားသမားတွေနားလည်ထားရပါမယ်။ ကျနော်ကတော့ ပွဲတွေအားလုံးကို အနိုင်ယူပြီး ထိပ်ဆုံးပိုင်းကို တက်ချင်ပါတယ်။ လက်တွေ့မှာတော့ ဒါက အနည်းငယ်ဝေးကွာနေတယ်လို့ ထင်ပါတယ်။ ကျနော်တို့ဆက်ပြီး တွန်းအားပေးရမှာဖြစ်သလို ယုံကြည်မှုလည်း ရှိရပါမယ်။ ဒါကြောင့် ကျနော်တို့ရဲ့ စိတ်ဓါတ်ကို ပြောင်းလဲဖို့လိုတယ်ဆိုတာ ကစားသမားတွေစတင်သိရှိဖို့ အရေးကြီးပါတယ်။ ဒီပွဲမှာ ပြသခဲ့တဲ့ပုံစံမျိုးကို ကျနော်တို့ဆက်ပြီးပြသရမယ်” လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မူဒရစ်က ချယ်လ်ဆီးအတွက်ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး အိုလီဆီက ပဲလေ့စ်အတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ၁ ဂိုးစီသရေကျနေခဲ့ပေမယ့် လူစားဝင်လာတဲ့ မာဒူကီက ပွဲချိန် ၈၉ မိနစ်မှာ ပင်နယ်တီကနေ ချယ်လ်ဆီးအသင်းအတွက်အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲရယူနိုင်ခဲ့ပြီး ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ မာဒူကီကို ချီးကျူးခဲ့ပြီး ကစားသမားတွေ အနေနဲ့ သူ့ကို အတုယူသင့်တယ်လို့ ပြောခဲ့တာပါ။
ပိုချက်တီနိုက “မာဒူကီဟာ ပင်နယ်တီကို ရယူပြီး သူကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။ မာဒူကီက အသင်းအတွက် ပွဲကစားခွင့်မရလို့ စိတ်ပျက်နေတာကို ပြသခဲ့တဲ့ တုန့်ပြန်မှုကို ကျနော်နှစ်သက်ပါတယ်။ မာဒူကီက သူ့ကို ယုံကြည်နိုင်တယ်ဆိုတာ ကျနော့်ကို ပြသဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ”ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၀ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် ဒီဇင်ဘာ ၃၀ ရက်မှာ လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Eurosport
