- By CNI
- Category: အားကစား
- Hits: 533
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးတာနဲ့ နည်းပြလောက ကနေအနားယူသွားမယ်လို့ မာယော့ကာအသင်းနဲ့ ကစားမယ့်ပွဲ မတိုင်ခင်ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။
အန်ဆယ်လော့တီက “စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျနော်အလွန်ပျော်ရွှင်ပါတယ်။ စာချုပ်သစ်အတွက် အမြန်ဆုံးသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး ရီးရယ်လ်အသင်းမှာ နည်းပြအဖြစ် နောက်ထပ် ၂ နှစ်ကြာ ဆက်ပြီး ရှိရမှာဖြစ်တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဒါက ကျနော့်ရဲ့ နောက်ဆုံးခုံတန်းဆိုတာကို အတည်ပြုချင်ပါတယ်။ ဘယ်တော့အဆုံးသတ်မလဲဆိုတာ မသိပေမယ့် ကျနော်တို့ အောင်မြင်မှုရယူနိုင်တဲ့အပေါ်မှာလည်း မူတည် ပါတယ်။ ကျနော် ၂၀၂၈ ခုနှစ်အထိ ရီးရယ်လ်မှာ ဆက်ပြီးရှိချင်တယ်” လို့ ပြောခဲ့တာပါ။
အန်ဆယ်လော့တီဟာ မကြာသေးခင်ကမှ ရီးရယ်လ်အသင်းမှာ ၂၀၂၆ ခုနှစ်၊ဇွန်လအထိ ရှိမယ့် စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရီးရယ်လ်အသင်းနဲ့ ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ အန်ဆယ်လော့တီက ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်နဲ့ ကောင်းမွန်တဲ့ စကားပြောဆိုမှုတွေရှိခဲ့ပြီး သူ့ကို စိတ်ဝင်စားမှုအတွက် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ရီးရယ်လ်အသင်းရော လူတိုင်းကပါ သိကြပါတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှုဟာ ကျနော့်အတွက် ဂုဏ်ယူစရာ ဖြစ်ပေမယ့် ရီးရယ်လ်နဲ့ ပတ်သက်တဲ့အခြေအနေက လူတိုင်းအတွက်ရှင်းပါတယ်။ အဆုံးသတ်မှာတော့ ကျနော်ဒီမှာပဲ ဆက်နေချင်တယ်”လို့ ပြောခဲ့တာပါ။
အသက် ၆၄ နှစ်အရွယ်ရှိ အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ထားတာမှာ ချန်ပီယံလိဂ် ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၁ ကြိမ်အပါအဝင် အဓိကဆုဖလား ၁၀ ခု ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ ဒီရာသီမှာ စပိန်လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေသလို ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း ၁၆ သင်းအဆင့်တက်ရောက်ထားနိုင်ခဲ့ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 995
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃
ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့ဟာ တောင်ပံကစားသမား ဆန်ချိုရဲ့ အငှားစာချုပ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တစ်ခုက ESPN သတင်းဌာနကို ပြောပါတယ်။
ဒေါ့မွန်အသင်းဟာ ဆန်ချိုကို အခုရာသီကုန်တဲ့အထိ အငှားစာချုပ်နဲ့ ခေါ်ယူချင်ပေမယ့် ကစားသမားရဲ့ လုပ်ခလစာ အများစုကို ယူနိုက်တက်အသင်းက ဆက်ပြီး ပေးချေရဖို့ ရှိနေတာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ လူသိရှင်ကြား ပြဿနာဖြစ်ပွားပြီးနောက် သြဂုတ်လကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိတော့ပါဘူး။
ဆန်ချိုဟာ ယူနိုက်တက်အသင်းကြီးနဲ့ လေ့ကျင့်မှုပြုလုပ်ခွင့် မရတော့ဘဲ တစ်ဦးတည်းသာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတာပါ။
ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားကတော့ အသင်းဟောင်း ဒေါ့မွန်အသင်းကိုသာ ပြန်ပြီးသွားရောက်ချင်နေတာ ဖြစ်ပါတယ်။

ဆန်ချိုနဲ့အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ဆန်ချိုဟာ ၂၀၂၁ ခုနှစ်က ပေါင် ၇၃ သန်းနဲ့ ဒေါ့မွန်အသင်းက ထွက်ခွာပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ လာခဲ့တာပါ။
ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို နည်းပြ အဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာတွေကြောင့် အခုအပြောင်းအရွှေ့မှာ အသင်းကထွက်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၀၀,၀၀၀ ရရှိနေတာကြောင့် သူ့ကို ခေါ်ယူ ချင်နေတဲ့ အသင်းတွေဟာ သူ့ရဲ့ လုပ်ခလစာကို ပေးချေဖို့ အခက်တွေ့နေကြတာပါ။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဆန်ချိုအငှားနဲ့ ထွက်ခွာချိန်မှာ သူ့ရဲ့ လုပ်ခလစာ တစ်စိတ်တစ်ပိုင်းကို ဆက်ပြီးပေးချေရဖို့ရှိနေတာ ဖြစ်ပါတယ်။
အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ သြဂုတ် ၂၆ ရက်က ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၈၂ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူကာ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမယ်လို့ Transfermarkt က ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 784
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းနဲ့ ဆုဖလား အများအပြား ရယူချင်ပြီး သွင်းဂိုးတွေလည်း အများကြီး သွင်းယူချင်တယ်လို့ ပြောလိုက်ပါတယ်။
ဘယ်လင်ဂမ်က “၂၀၂၄ ခုနှစ်အတွက် ကျနော်တောင်းဆိုချင်တာက ဆုဖလား အများကြီးရယူဖို့၊ သွင်းဂိုးတွေနဲ့ အသင်းအနိုင်ရအောင် ကူညီပေးဖို့ ဖြစ်ပါတယ်။ ရီးရယ်လ်ကစားသမား ဖြစ်ရတာကို ကျနော် အလွန်ပျော်ရွှင် ပါတယ်။ ရီးရယ်လ်မှာ အလုပ်လုပ်ဖို့ အတွက်ဆိုရင် အရည်အသွေးတွေနဲ့ စိတ်ဓါတ်ပိုင်းဟာ အဆင့်တစ်ခု ရှိနေရမှာဖြစ်ပြီး ဒီလိုမျိုး တာဝန်ယူရတာက ကျနော့်အတွက် ကြီးမားတဲ့ အခွင့်ထူးတစ်ခုလို ခံစားရပါတယ်။ ရီးရယ်လ်ကို ရောက်ရှိလာတဲ့အချိန်မှာ ကျနော့်အတွက် ရည်မှန်းချက်က အရာအားလုံးကို အနိုင်ယူဖို့ပါ”လို့ ပြောပါ တယ်။
ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ပေါင် ၈၉ သန်းနဲ့ ဒေါ့မွန်အသင်းကနေ ရောက်ရှိလာပြီး ကတည်းက ရီးရယ်လ်အသင်းမှာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းအတွက် ၂၁ ပွဲ ကစားထားအပြီး ၁၇ ဂိုးအထိ သွင်းယူထားကာ ဒီရာသီ အသင်း ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။
အင်္ဂလန်ကစားသမား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ Golden Boy ဆုနဲ့ Kopa Trophy တို့ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ဘယ်လင်ဂမ်ကို တွေ့ရစဉ်
ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းမှာ ဂန္ထဝင်ကစားသမားကြီး ဇီဒန်းရဲ့ ကျောနံပါတ် ၅ အမွေအနှစ်ကို ဝတ်ဆင် နေတာဖြစ်ပြီး ဒီလိုဝတ်ဆင်ရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်လို့ ပြောထားတာပါ။
အသက် ၂၀ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် လာလီဂါပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ်ရရှိထားပြီး အနာဂတ် ဘောလွန်းဒီအော ဆုရှင်အဖြစ်လည်း သတ်မှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။
ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ရီးရယ်လ်အသင်းဟာ ဇန်နဝါရီ ၄ ရက်မနက်ပိုင်းမှာ လိဂ်ပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘယ်လင်ဂမ်ဟာ ပခုံးဒဏ်ရာပြဿနာ ခံစားနေရပေမယ့် ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ပါဝင်ကစားပေး နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 771
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
ဘရိုက်တန်အသင်း ကွင်းလယ်လူ မီတိုမာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပေမယ့် အာရှဖလား ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ဂျပန်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ဂျပန်အသင်းနည်းပြ မိုရီယာဆုဟာ အာရှဖလားပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦး စာရင်း ထုတ်ပြန်ခဲ့တာမှာ မီတိုမာအပြင် လီဗာပူးလ်အသင်း ကွင်းလယ်လူ အန်ဒို၊ အာဆင်နယ်အသင်း နောက်ခံလူ တိုမီယာဆု၊ ဆိုစီဒက် အသင်း တောင်ပံကစားသမား ကူဘိုတို့ ပါဝင်ခဲ့တာပါ။
ဆဲလ်တစ်အသင်း တိုက်စစ်မှူး ဖူရူဟာရှီ၊ လာဇီယိုအသင်း ကွင်းလယ်လူ ကာမာဒါနဲ့ ဒူဆယ်လ်ဒေါ့ဖ် ကွင်းလယ်လူ တာနာကာတို့ကတော့ ဂျပန်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဂျပန်အသင်းနည်းပြ မိုရီယာဆုကတော့ မီတိုမာဟာ အုပ်စုပထမပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာပေမယ့် လာမယ့်ပွဲ တွေမှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောထားတာပါ။
မီတိုမာဟာ ဘရိုက်တန်အသင်းနဲ့ ပဲလေ့စ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာ ကြောင့် ၄ ပတ်ကနေ ၆ ပတ်အထိ အနားယူရဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အသင်းကို တွေ့ရစဉ်
ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီကတော့ မီတိုမာကို ဂျပန်အသင်းက ရွေးချယ်ခဲ့တာကြောင့် အံ့အားသင့်ခဲ့ တယ်လို့ ပြောထားတာပါ။
၂၀၂၃ အာရှဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ ဇန်နဝါရီ ၁၂ ရက်ကနေ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဂျပန်အသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု D မှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အီရတ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေတာပါ။
ဂျပန်အသင်းဟာ အာရှဖလားပြိုင်ပွဲ မတိုင်ခင် ဇန်နဝါရီ ၉ ရက်မှာ ဂျော်ဒန်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထား ပြီး ဇန်နဝါရီ ၁၄ ရက်မှာတော့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဂျပန်အသင်းဟာ အာရှဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၉၉၂၊ ၂၀၀၀၊ ၂၀၀၄ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ရယူထားပြီး အခု တစ်ကြိမ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၅ ကြိမ်မြောက် ရယူနိုင်ဖို့ ရည်မှန်းထားတာပါ။
ဂျပန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် ကာတာအသင်းကို အရေးနိမ့် ကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 674
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
ရလဒ်ဆိုးတွေကြောင့် ဖိအားတွေအောက်ကျရောက်နေတဲ့ ဝိန်းရွန်နီက ဘာမင်ဂမ်အသင်းနည်းပြအဖြစ် သူ့ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောလိုက်ပါတယ်။
ဝိန်းရွန်နီက “ကျနော်က ဖိုက်တာတစ်ဦးပါ။ ဘောလုံးနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေကို ကျနော် နားလည်ပါတယ်။ ကျနော်ပိုင်ရှင်တွေနဲ့ စကားပြောပြီးပါပြီ။ ကျနော်တို့ ခက်ခဲတဲ့ကာလကို ဖြတ်သန်း နေရတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒီရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ ကျနော်တို့ အကောင်းဆုံး လုပ်ဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမှာဖြစ်သလို ဒါကို ကျော်ဖြတ်နိုင်မယ်လို့လည်း ကျနော်တို့ ယုံကြည် ထားရမယ်” လို့ ပြောခဲ့တာပါ။

ဘာမင်ဂမ်အသင်းဟာ လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းဟာ အဆင့် ၂၀ နေရာအထိရောက်ရှိသွားကာ တန်းဆင်းဇုန်နဲ့ နီးကပ်လာခဲ့တာပါ။ ဝိန်းရွန်နီဟာ ဘာမင်ဂမ်အသင်းကို ကိုင်တွယ်ထားတဲ့ ၁၅ ပွဲမှာ ၂ ပွဲသာအနိုင်ရအောင် ကိုင်တွယ်ထားနိုင်ခဲ့ပြီး ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ထားရတာဖြစ်ပါတယ်။ ဘာမင်ဂမ်အသင်းဟာ ဝိန်းရွန်နီ မကိုင်တွယ်ခင်က တန်းတက်ပလေးအောဖ့် ဝင်ခွင့်နေရာအတွက် တိုက်ပွဲဝင်နေပေမယ့် လက်ရှိအချိန်မှာတော့ တန်းဆင်းဇုန်ထဲ မရောက်ဖို့ တိုက်ပွဲဝင် နေရတာပါ။
ဘာမင်ဂမ်အသင်းပရိသတ်တွေဟာ ရလဒ်ဆိုးတွေကြောင့် လိဒ်စ်အသင်းနဲ့ ပွဲစဉ်မှာ ဝိန်းရွန်နီကို အသင်းနည်းပြ ရာထူးကနေ ထွက်ခွာဖို့ တောင်းဆိုမှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဂန္ထဝင်ကစားသမား ကတော့ ဘာမင်ဂမ်အသင်းနည်းပြရာထူးအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ရလဒ်ကောင်းတွေရယူနိုင်ဖို့အတွက် အခုအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူပေးဖို့ လိုတယ်လို့ ပြောထားတာပါ။
ဘာမင်ဂမ်အသင်းဟာ ဒီတစ်ပတ်မှာ FA ဖလားပွဲစဉ်အဖြစ် ဟူးလ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ဆွမ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Theathletic
- By CNI
- Category: အားကစား
- Hits: 594
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂
လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလက်ဟာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ဖိနပ်လဲစီးခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဆာလက်က “ပင်နယ်တီလွဲချော်ခဲ့တဲ့ ဖိနပ်က မနေ့က ကျနော်လေ့ကျင့်ရေးကွင်းမှာအသုံးပြုခဲ့တာပါ။ ကျနော့်မှာ ဖိနပ်တွေအများကြီးရှိတဲ့အတွက် ဒါက အယူသီးတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပင်နယ်တီလွဲခဲ့တဲ့အရာက ခေါင်းထဲကို ရောက်လာမယ်ဆိုတဲ့ ခံစားချက်ကြောင့် ဖိနပ်ကို လဲစီးလိုက်တာပါ။ ဒုတိယပိုင်းမှာတော့ စိတ်ကို တည်တည်ငြိမ်ထားပြီး ပွဲကိုအာရုံစိုက်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကျနော်ဟာ ကွဲပြားခြားနားမှုကို လုပ်နိုင် ခဲ့ပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ နယူးကာဆယ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆာလက်ဟာ ပထမပိုင်းမှာ ပင်နယ်တီလွဲခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဂတ်ပိုနဲ့ ကာတစ်ဂျုံးစ်တို့က ၁ ဂိုးစီ သွင်းယူ ခဲ့တာပါ။ နယူးကာဆယ်အသင်းအတွက် ချေပဂိုးတွေကိုတော့ အိုင်ဆက်ခ်နဲ့ ဘောဒ့်မန်းတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီပွဲကသွင်းဂိုးတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိရှိလာခဲ့ပြီး မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းနဲ့ သွင်းဂိုးအရေအတွက်ချင်း တူညီခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အန်ဖီးလ်မှာ ပြိုင်ပွဲစုံ ၂၂ ပွဲ ဆက် ရှုံးပွဲ မရှိသလို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ၅၂ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀ ကစားအပြီးမှာ ရမှတ် ၄၅ မှတ်နဲ့ ဒုတိယနေရာက အက်စတွန်ဗီလာအသင်းကို ၃ မှတ်အသာရရှိကာ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်မှာတော့ FA ဖလားပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မကြာသေးခင်က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တုန်းက ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 554
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါဟာ ဇွန်လ ၂၉ ရက်မှာ ချန်ဒလာနဲ့ ထိုးသတ်ပြီး UFC ပြိုင်ပွဲကို ပြန်လာမယ်လို့ ကြေညာလိုက်ပါတယ်။
မက်ဂရီဂေါက “ကျနော် UFC ပြိုင်ပွဲကို ပြန်လာမယ့်ရက်ကို ကြေညာချင်ပါတယ်။ ပြိုင်ပွဲကို ဇွန်လ ၂၉ ရက် လက်စ်ဗီးဂတ်စ်မှာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ဘက်ကတော့ မိုက်ကယ်ချန်ဒလာပါ”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ဗွီဒီယိုဖိုင်တင်ခဲ့တာပါ။
UFC ဖယ်သာဝိတ်နဲ့ လိုက်ဝိတ်ချန်ပီယံဟောင်း မက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ဒက်စတင်ပိုရီရာကို အရေးနိမ့်တဲ့ပွဲမှာ ခြေထောက်ကျိုးပြီးကတည်းက ပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့တာ ဖြစ်ပါတယ်။

မက်ဂရီဂေါနဲ့ချန်ဒလာကို တွေ့ရစဉ်
အသက် ၃၅ နှစ်အရွယ်ရှိ မက်ဂရီဂေါဟာ ဒီပွဲဟာ သူရော၊ ချန်ဒလာရော ထိုးသတ်ခဲ့ဖူးခြင်းမရှိတဲ့ မစ်ဒယ်ဝိတ် တန်းမှာ ထိုးသတ်မှာလို့ ပြောပါတယ်။
UFC အဖွဲ့အစည်းကတော့ မက်ဂရီဂေါရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
မက်ဂရီဂေါနဲ့ ချန်ဒလာတို့ဟာ UFC ရဲ့ TV Series ဖြစ်တဲ့ The Ultimate Fighter မှာ နည်းပြတွေအဖြစ် ပါဝင် ထားကြပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ချန်ဒလာဟာ UFC မှာ နောက်ဆုံးပွဲအဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က ဒက်စတင် ပိုရီရာနဲ့ ထိုးသတ်ထားပြီး အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
ချန်ဒလာဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ MMA ပွဲပေါင်း ၃၁ ပွဲအထိ ထိုးသတ်ထားပြီး ၂၃ ပွဲအနိုင်ရ ကာ ၈ ပွဲရှုံးနိမ့်ထားတာပါ။
မက်ဂရီဂေါကတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ MMA ပွဲပေါင်း ၂၈ ပွဲ ထိုးသတ်ထားတာမှာ ၂၂ ပွဲ အနိုင်ရပြီး ၆ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 852
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ အသင်းခေါင်းဆောင် မက်ဆီ နိုင်ငံအသင်းကနေ အနားယူသွားခဲ့ရင် သူ့ရဲ့ ဂန္ထဝင် နံပါတ် ၁၀ ဂျာစီကို တစ်သက်တာ အနားပေးသွားမယ်လို့ ဥက္ကဋ္ဌဖြစ်သူ တာပီယာက ပြောလိုက်ပါတယ်။
တာပီယာက “မက်ဆီ နိုင်ငံအသင်းက အနားယူတဲ့အချိန်မှာ နံပါတ် ၁၀ ကို တခြားလူတွေကို ဝတ်ခွင့်ပေးမှာ မဟုတ်တော့ပါဘူး။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နံပါတ် ၁၀ ကို အနားပေးသွားမှာပါ။ ဒါဟာ သူ့အတွက် ကျနော်တို့ လုပ်ပေးနိုင်တဲ့ အနည်းဆုံးအရာပါ”လို့ ပြောခဲ့တာပါ။
သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ၃၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနား အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင်ကစားပြီး ၁၀၆ ဂိုး သွင်းယူထားကာ နိုင်ငံအသင်းနဲ့ ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူထားတာပါ။ အဲ့ဒါကြောင့် မက်ဆီဟာ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနဲ့ အဆင့်အတန်းတူညီတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

မာရာဒိုနာနဲ့ မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ လက်ရှိအချိန်မှာ အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး နိုင်ငံအသင်းက အနားယူဖို့ နီးစပ်လာတာကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နံပါတ် ၁၀ ဂျာစီကို အနားပေးဖို့ စီစဉ်နေတာပါ။
အသက် ၁၈ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ အာဂျင်တီးနား လက်ရွေးစင်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဆီဟာ နိုင်ငံအသင်းနဲ့ ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ Finalissima ၊ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာပေမယ့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲရဲ့ အုပ်စု A မှာ ပီရူး၊ ချီလီ၊ ကွန်ကာကပ်ဖ်ဇုန် ပလေးအော့ဖ်အဆင့်က အနိုင်ရတဲ့အသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 681
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁
ယူနိုက်တက်အသင်းဟာ နောက်ခံလူ ဗာရန်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကစားသမားဟာ နွေရာသီမှာ ထွက်ခွာနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လို့ရပြီ ဖြစ်ပါတယ်။
ဒေးလီးမေးလ်က ယူနိုက်တက်အသင်းဟာ ဗာရန်းကို နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့်ကို မပြုလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
အဲ့ဒါကြောင့် ဗာရန်းဟာ အခုအပြောင်းအရွှေ့မှာ အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့တွေကို ဆွေးနွေးမှု ပြုလုပ်လို့ရပြီ ဖြစ်ပါတယ်။
ဗာရန်းဟာ ဒီရာသီမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ခွင့် တစ်နေရာ ဆုံးရှုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သေးတာပါ။
အဲရစ်တန်ဟတ်ကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဗာရန်းဟာ ယူနိုက်တက်အသင်းအတွက် အလွန်အရေး ပါတဲ့ ကစားသမားလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဗားရန်နဲ့ အီဗန်ကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗာရန်းနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ် ဟာ အခုနွေရာသီမှာ ကုန်ဆုံးတော့မှာပါ။
ယူနိုက်တက်အသင်းဟာ ဗာရန်းကို အသင်းမှာဆက်ပြီး ရှိစေချင်ပေမယ့် ဒဏ်ရာကြောင့် မကြာခဏ အနားယူရ တာနဲ့ ပေးချေရတဲ့ တစ်ပတ်လုပ်ခပေါင် ၃၄၀,၀၀၀ ဟာ များပြားတယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဗာရန်းကို စာချုပ်သက်တမ်း တိုးမယ်ဆိုရင် ဒီလစာ ပမာဏအတိုင်းဆက်ပြီး ပေးရမှာ ဖြစ်တာကြောင့် စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါပေမယ့် ဒီလစာ ပမာဏကိုလျှော့ပြီး ရယူမယ်ဆိုရင်တော့ ယူနိုက်တက်အသင်းဟာ ဗာရန်းကို အသင်းမှာ ဆက်ပြီးထားဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဗာရန်းဟာ ယူနိုက်တက်အသင်းရဲ့ ခံစစ် ကစားသမား အများအပြား ဒဏ်ရာရရှိမှုတွေကြောင့် ပြီးခဲ့တဲ့ပွဲတွေမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ခဲ့တာပါ။
ဗာရန်းဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၇၈ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်းယူထားကာ ပြီးခဲ့တဲ့ရာသီ က ကာရာဘောင်းဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 633
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် အလွန်စိတ်ပျက်နေပြီး ဒီပွဲဟာ အသင်းရဲ့ ဒီရာသီအဆိုးရွားဆုံးပွဲလို့ ပြောလိုက်ပါတယ်။
အာတီတာက “တကယ်ကို ခက်ခဲတဲ့နေ့ဖြစ်သလို ဝမ်းနည်းစရာ ကောင်းတဲ့နေ့လည်း ဖြစ်ပါတယ်။ ကျနော်တို့ဟာ အနိုင်ရဖို့ ရည်မှန်းထားတဲ့ ပွဲတစ်ပွဲကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီပွဲက အသင်းအတွက် ဒီရာသီ အဆိုးရွားဆုံးပွဲပါ။ ကျနော် တို့ဟာ ဒီပွဲမှာ လုံလောက်အောင် ကောင်းမွန်ခဲ့ခြင်း မရှိတဲ့အတွက် အနိုင်ရဖို့ မထိုက်တန်ပါဘူး။ ဒီဇင်ဘာ ၃၁ ရက် မှာ လိဂ်ရဲ့ ထိပ်ဆုံးနေရာ ဦးဆောင်နိုင်မယ့် အခွင့်အရေး ရပေမယ့် ဆိုးရွားတဲ့ ခံစားချက်နဲ့ အဆုံးသတ်သွားပါပြီ” လို့ BBC Sport ကို ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒီရာသီမှာ ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်အသင်း အတွက်တော့ ဒီရှုံးပွဲတွေဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အခုဆိုရင် အမှတ်ပေးဇယားအဆင့် ၄ နေရာအထိ ရောက်ရှိသွားခဲ့တာပါ။

အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်
အဲ့ဒါကြောင့် အာတီတာဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲက အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်တွေကို အလွန် စိတ်ပျက်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကတော့ ကစားဖို့ပွဲတွေ အများကြီးရှိသေးတဲ့အတွက် အပြု သဘောဆောင် နေဖို့လိုတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က “ထိတ်လန့်စရာ မလိုပါဘူး။ ကစားရမယ့်ပွဲတွေလည်း အများကြီးရှိပါသေးတယ်။ အပြုသဘော ဆောင်ဖို့လိုပြီး အဆိုးမြင်ရမယ့် အချိန်မဟုတ်ပါဘူး။ ကျနော်တို့မှာ ကောင်းမွန်တဲ့နည်းပြ၊ ကောင်းမွန်တဲ့ ကစား သမားတွေရှိပြီး ကျနော်တို့ ဆက်သွားရမှာပါ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဇန်နဝါရီ ၇ ရက်မှာ FA ဖလားပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။
Source: Metro
