CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည်သူလူထုများ မဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်များ၏ လုံခြုံရေး စီမံဆောင်ရွက်မှုကို လက်တွေ့ပြသင့်ကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲကို အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ် ကြောင်း၊ ကျန်မြို့နယ်များကို အပိုင်း(၂-၃)အဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးသည်ဆိုသည့် ဒေသများတောင်မှ ထိန်းသိမ်းရန် အားမစိုက်နိုင်သောကြောင့် ရွေးကောက်ပွဲကာလ မဲဆန္ဒရှင်များ၏ လုံခြုံရေး အစီအစဉ်များကို အစိုးရက အများပြည်သူအား လက်တွေ့ပြသ နိုင်ရန် လိုအပ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

မဲပေးရန် လုပ်နေကြသူများကိုတွေ့ရစဉ်

၎င်းက “အခုဟာက တိုင်းပြည်မှာက တရားဥပဒေစိုးမိုးရေးက အင်မတန် ပြောစရာ ဆိုစရာ ဝေဖန်စရာ ဖြစ်နေ တာကို လက်နက်ကိုင် ဒီပြည်သူ့ရဲတပ်ဖွဲ့ပေါ့၊ တရားဥပဒေ စိုးမိုးတယ်ဆိုတဲ့ ဒေသတွေမှာတောင်မှ ပြည်သူ့ ရဲတပ်ဖွဲ့က ဒါမျိုးတွေ ထိန်းသိမ်းဖို့ ကောင်းကောင်း အားမစိုက်နိုင်ဘူးလေ။ အဲလိုကာလမျိုးမှာ ပြည်သူလူထုက သူတို့လုံခြုံရေးအတွက်က ပုံမှန်အခြေအနေမှာတောင်မှ လုံခြုံရေးအတွက် စိုးရိမ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ မဲပေးတဲ့ အချိန်မှာ လုံခြုံရေးက‌တော့ ပိုပြီးမှ စိုးရိမ်မှာပေါ့နော် အစိုးရကတော့ ဒါနဲ့ပတ်သက်တဲ့ လုံခြုံရေး အစီအစဥ်တွေ အများကြီး လုပ်ထားတယ်လို့ ပြောတယ်ပေါ့နော်။ အများပြည်သူကို လက်တွေ့ပြသနိုင်ရမယ်။ မဲပေးစေချင်တဲ့ ပြည်သူလူထု လုံခြုံရေးအတွက်ကို တာဝန်မယူနိုင်ဘူးဆိုရင်တော့ မဲလာမပေးလည်း လူထုကို အပြစ်ဆိုလို့တော့ မရဘူးလေ။ သူ့ရဲ့လုံခြုံရေးကို သူငဲ့လို့ သူလာမပေးတာပဲ။ လုံခြုံရေးကို မစိုးရိမ်စေချင်ဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို အားစိုက်ပြီးမှ လုပ်မှဖြစ်မယ် သာမန် အခြေအနေမှာတောင်မှ အရမ်းကို လျော့တိ လျော့ရဲ နိုင်နေတယ်လေ။ စစ်မှုထမ်း ဥပဒေ မလျော်စွာသုံးပြီးတော့ ဥပဒေတိုင်း မဖြစ်နေတဲ့ ကိစ္စတွေ နိုင်ငံရေး ပါတီတွေက ပြည်သူလူထုနဲ့အတူ လက်တွဲပြီးမှ ပြည်သူလူထု ရှေ့က မားမားမတ်မတ်ရပ်မယ်၊ ဒါမျိုးတွေ လုပ်မယ် ဆိုလို့ရှိရင် မဲလာပေးဖို့ လိုက်လျောနိုင်စရာအကြောင်းတော့ ရှိတာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို မဲမပေးကြရန်နှင့် ပူးပေါင်းပါဝင်မှု မလုပ်ကြရန်၊ တပ်မတော်က ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းသူများအား ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားကြသည်။

ထို့ကြောင့် ပြည်သူလူထုသည် လုံခြုံရေးစိုးရိမ်ချက်ကြောင့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မဲပေးရန် အခက်အခဲများ ကြုံတွေ့နေကြရသည်။

အလားတူ မဲစာရင်းပါသော်လည်း လုံခြုံရေးအရ မဲသွားမပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံတွင် ၎င်းတို့၏ အိမ်ထောင်စုစာရင်း အချက်အလက်များရှိနေခြင်းကြောင့် ပြဿနာရှာမည်ကိုလည်း စိုးရိမ်သည့်အတွက် မဲပေး၊ မပေးရန် စဉ်းစားနေကြသူများလည်း ရှိနေသည်။

မဲပေးရန် လုပ်နေကြသူများကိုတွေ့ရစဉ်

ရွေးကောက်ပွဲတွင် ပြည်သူများ မဲလာပေးနိုင်ရန်အတွက် တာဝန်ရှိသူများက လုံခြုံအေးချမ်းမှုရှိကြောင်း ပြသနိုင်ရန် လိုအပ်သည်ဟု အမျိုးသားဒီမိုကရက်တစ်အင်အားစုပါတီ(NDF)မှ တွဲဖက်ဥက္ကဋ္ဌဟောင်း ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “မဲကတော့ လူထုအနေနဲ့တော့ မဲပေးသင့်တယ်ပေါ့နော်။ ကမ္ဘာသမိုင်းမှာရော မြန်မာ့သမိုင်းမှာရော မဲမပေး မနေရဆိုတဲ့ ဟာမျိုးကြီးက အဓိပ္ပာယ်လည်း မရှိဘူး။ တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်နေတဲ့ ရဲတို့ ဘာတို့ပေါ့။ အဲတာတွေကတော့ သေသေချာချာ ဖိဖိစီးစီး လုပ်မယ်ဆိုတဲ့ ဟာမျိုးကိုတော့ ကျနော်တို့ ကြားရပါတယ်။ ဒါပေမယ့် တကယ်ကို ပဋိပက္ခတွေကလည်း ရှိနေတယ်။ တရားဥပဒေစိုးမိုးမှုလည်း လျော့ရဲနေတယ်ဆိုတဲ့ နေရာ မျိုးတွေပေါ့၊ အဲလိုမျိုး နေရာမျိုးတွေမှာတော့ နည်းနည်း စိုးရိမ်ရတယ်ပေါ့နော်။ ဒီဘက်က တာဝန်ယူထားတဲ့ အစိုးရအနေနဲ့ကလည်း သေသေချာချာ ဖိဖိစီးစီးတော့ လုံခြုံပါတယ်။ အေးချမ်းပါတယ် ဆိုတဲ့ဟာကိုတော့ ပြနိုင် အောင်ပေါ့နော် လုပ်ပေးဖို့ လိုမယ်ပေါ့။ လုံလုံခြုံခြုံနဲ့ ဒီနေရာ ဘာမှ မဖြစ်ဘူးဆိုတဲ့ စိတ်ခံစားချက်မျိုး ရမှကို ဒါက လုံခြုံတယ်လို့ ခေါ်မှာကို။ ပြောချင်တာက တကယ်ကို လုံခြုံတယ်ဆိုတာ အဲလိုပြနေတဲ့ ဟာမျိုးကို ပြစရာမလိုတဲ့ အခြေအနေမျိုးမှာ ရှိနေမှ လုံခြုံတယ်လို့ ခံစားရမှာပါ”ဟု ပြောသည်။
တော်လှန်ရေး အင်အားစုများကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား မပျက် ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူများအား အသက်အန္တရာယ် အာမ မခံ ကြောင်း ထုတ်ပြန် ကြေညာထားကြသည်။  

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေအရ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းကနေ သေဒဏ်ထိ ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။