CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာ၊ နားမော်ရွာမှာ ရှမ်းနီအမျိုးသား များတပ်မတော်(SNA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)- PDF ပူးပေါင်းတပ်ဖွဲ့ကြား ၂၀၂၅ ခုနှစ်၊ စက်တင် ဘာ ၂၃ ရက်တွင် တိုက်ပွဲဖြစ်ပွားနေသည်။
နားမော်ကျေးရွာသည် ဥရုချောင်းနံဘေးရှိ နောင်ပိုအောင်စံပြကျေးရွာအနီးမှာ တည်ရှိပြီး ရှမ်းနီတိုင်းရင်းသားများ နေထိုင်လျက်ရှိသည်။
ထိုကျေးရွာကို KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား တစ်ဝက်စီ ထိန်းချုပ်ထားကြသည်။
အလားတူ နောင်ပိုအောင်စံပြကျေးရွာအနီးက လွှစင်ကုန်းကျေးရွာမှာလည်း KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် SNA ကြား စစ်ဆိုင်ထားကြသည်။
လက်ရှိတွင် အဆိုပါ ကျေးရွာ ၂ ရွာလုံးသည် စစ်ပွဲကြောင့် ပျက်စီးသွားပြီး ဒေသခံများလည်း စစ်ပြေးရှောင်နေကြ ရသည်။
နားမော်ရွာက သေနတ်ဒဏ်ရာတွေနဲ့ နေအိမ်ကိုတွေ့ရစဉ်
KIA သည် ဒေသတွင်း PDF များအား လက်နက်တပ်ဆင်ကာ ဟုမ္မလင်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်း လျက်ရှိနေသည်။
ဟုမ္မလင်းမြို့ကို ရရှိရေးအတွက် KIA သည် ဒေသတွင်း PDF များနှင့်အတူ ရွှေပြည်အေးမြို့ဘက်ကနေ လည်း ကောင်း၊ နောင်ပိုအောင်စံပြကျေးရွာဘက်ကနေ လည်းကောင်း၊ တမူး-ကက်သာဘက်ကနေ လည်းကောင်း၊ မြင်သာဘက်ကနေလည်းကောင်း စသဖြင့် ပတ်လည်ဝိုင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
ဟုမ္မလင်းမြို့နှင့် အနီးရှိ ဗန်းမောက်မြို့ကိုတော့ KIA က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့ကြောင့် KIA-PDF သည် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းကနေ အထက်ပိုင်းအထိ ထိန်းချုပ်နိုင်မည်ဖြစ်သလို အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကိုလည်း ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
ထို့နောက် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်းဒေသကိုလည်း ချိတ်ဆက်သွားနိုင်မည်ဖြစ် သည်။