CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့အနီး ခမိုးရွာဘက်ရှိ ခမိုးတာဝါတိုင်ဘက်ကို KIA ဦးဆောင် သည့် PDF-ကဒူးတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

KIA ဦးဆောင်သည့် တပ်ပေါင်းစုသည် ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ပြီးနောက် ဗန်းမောက် အနောက်ဘက်ခြမ်း ဒေသကို ဆက်လက် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရသည်။

ဗန်းမောက်ဒေသခံက “ ဗန်းမောက်မြို့အနီး ခမိုးတာဝါတိုင်တွင် KIA-PDF-ကဒူးတပ်ဖွဲ့ ထိုးစစ်ဆင်နေတယ်ဗျ။ ခမိုးကားကွင်းမှာ ဖိုးဝီးကားတွေ အများကြီး ရောက်နေတယ်‌။ ခမိုးဘက်ကနေ ဆင်းလာနေကြတာ။ ဒရုန်းကော ရှောက်တိုက်ဒုံးကော လူအင်အားများများနဲ့ ဖိတိုက်နေတယ်ဗျ”ဟု ပြောသည်။

KIA-PDF- ကဒူး တပ်ပေါင်းစုသည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ခဲ့ ပြီး စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့၏ အနောက်ဘက်ခြမ်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် မြန်မာ့တပ်မတော် စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဗန်းမောက်မြို့သည် ကချင်ပြည်နယ်သို့ ဝင်ရောက်သည့် မြို့များအနက် တစ်ခုဖြစ်သည့်အတွက် KIA သည် ကချင်ပြည်နယ် အတွင်းသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ရောက်ရှိမလာနိုင်ရေး ဖြတ်တောက်ခြင်း သို့မဟုတ် ဟန့်တားနိုင်ရေး ကြိုတင် ပြင်ဆင်ရန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

ထို့နောက် KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ သို့သော် KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ် တောက်ရန် ကြိုးပမ်းနေလည်းဖြစ်နိုင်ကြောင်း ၎င်းက ‌ထောက်ပြသည်။

KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်း တိုက်ပွဲများဖော်ဆောင်နေခြင်းနှင့်အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများပြလုပ်နေ သည်။